Dခေတ်မှာ..လူတွေကဗျာ...စကားကိုလွယ်လွယ်ပြောတတ်ကြတယ်...ကတိတွေလွယ်လွယ်ပေးတတ်ကြတယ်...အပျော်သဘော..မျိုးနဲ့လည်းလိမ်လည်ကြဉ်စယ်...နောက်ပြောင်တတ်ကြတယ်....လူအများအထင်မှာတော့...ကံ(၅)ပါးမှာ..ပါဏာတိပါတ...ကံက အပစ်အကြီးဆုံးလို့ထင်နေကြတယ်...လူ၊ (သို့)သတ္တ၀ါ အသက်ကို အရင်ကြံစည်၊ ကာယကံမြောက်အောင်...အားထုတ်၊ပြီးတော့တကယ်လည်းသေမှ...ပါဏာတိပါတကံထိုက်တာပေါ့၊ သူ့အသက်သတ် တာက...တစ်ယောက်ထဲ၊ တစ်ကောင်ထဲ....မုသားပြောပြီ..လိမ်လည်ထွက်ဆိုလို့...မှန်တာလုပ်ပေမယ့်...ဒုက္ခရောက်သွားသူတွေ....ဘုရင်ခေတ်က ကွပ်မျက်ခံရသူတွေ...တိုင်းပြည်ချင်းစစ်ဖြစ်လို့လူတွေ သေကြေပျက်စီးရတာတွေဟာ၊ မုသာဝါဒ အကျိုးဆက်တွေပေါ့..။
လူရွှင်တော်တွေ...ပျက်တဲ့ ပျက်လုံးလေးတခုလိုပေါ့...ကျနော်က...သူများအသတ်မသတ်ပါဘူး...သူများပစ္စည်းလည်းမခိုးတတ်ပါဘူး...သူများသားမယားလည်းစိတ်နဲ့တောင်မပစ်မှားပါဘူး၊ အရက်သေစာလည်းသောက်စားတတ်သူမဟုတ်ပါဘူး...ကျနော့်အားလည်းချက်က လိမ်ပြောတတ်တာလေးတခုထဲပါတဲ့....။ ကဲကောင်းရော....ရှေ့ကသူစောင့်ထိန်တယ်ဆိုတဲ့သိက္ခာပုဒ်တွေဟာ လိမ်တာပါလို့ဆိုမှတော့ ဒီလူဘာတန်ဖိုးရှိတော့မှာလည်း၊ ဒါကြောင့်မုသာဝါဒအကြောင်းလေး...မိတ်ဆွေတို့သိအောင် တင်ပြပါရစေ...သိပြီးသားသူတွေလည်း နှစ်ထပ်ရှိမှ...မှတ်မိမယ်...သဘောထားပြီးပြန်ဖတ်ပေါ့ဗျာ...။

ငွေလာချေးသည်ကို မချေးချင်၍ မရှိဟုလိမ်ခြင်း၊ သူငယ်ချင်းတစ်ယောက်ကို ဆရာကမခေါ်ဘဲ ခေါ်သည်ဟုလိမ်ခြင်းတို့၌ မုသာဝါဒကံပျက်မပျက် မေးလာခဲ့လျှင် ပျက်သည်ဟုဖြေရမည်။

(၁) မဟုတ်မမှန်ပြောသောအကြောင်းအရာဖြစ်ခြင်း
(၂) မဟုတ်မမှန်ပြောလိုစိတ်ရှိခြင်း
(၃) ပြောလည်းပြောခြင်း
(၄) လိမ်လည်သည့်အတိုင်း သူတစ်ပါးက ယုံကြည်သွားခြင်း၊

သည်အင်္ဂါလေးချက်နှင့်ညီသောကြောင့်ဖြစ်သည်။ တစ်ချို့က သူတစ်ပါး အကျိုးစီးပွားပျက်မှ မုသာဝါဒကံပျက်သည်ဟု ယူဆမိကြသည်။ မဟုတ်ပေ။ သူတစ်ပါးအကျိုးစီးပွား ပျက်စီးသည်ဖြစ်စေ၊ မပျက်စီးသည်ဖြစ်စေ၊ လိမ်ပြောသည်နှင့် မုသာဝါဒကံ ပျက်၏။

“ချစ်သား ရာဟုလာ၊ မုသားကို ရယ်စရာအဖြစ်ပင် မပြောအပ်၊ အဘယ့်ကြောင့်နည်း၊ မုသားပြောသောသူ မလုပ်ရဲသည့် အကုသိုလ် မရှိသောကြောင့်ပင်ဖြစ်၏။” ဤသို့ ဟောကြားခဲ့သည်။

ဗုဒ္ဓကိုယ်တော်တိုင် ဘဝပေါင်းများစွာ ကျင်လည်စဉ်အခါကတည်းက တစ်ခြားသီလများကို ဖောက်ဖျက်မိသော်လည်း မုသာဝါဒကံကို တစ်ရံတစ်ခါမျှ ဖောက်ဖျက်ခဲ့ခြင်းမရှိကြောင်း အမရပူရမြို့၊ မဟာရန္ဓရုံ ဆရာတော်ဘုရားကြီး ရေးသားသည်ကို မှတ်သားကြည်ညိုခဲ့ရဖူးသည်။

မုသားပြောသူများ ခံစားရမည့် ဆိုးကျိုးများမှာ -
မုသားစကား ပြောဆိုငြားမူ၊
- စကားမပီ၊ သွားမညီတည်း၊
- ပုပ်ညှီပါးစပ်၊ ခြောက်ကပ်ကိုယ်ရေ၊
- ဣနြေ္ဒနောက်၊ ပုံယွင်းဖောက်၏။
- မရောက်သြဇာ၊ နှုတ်လျှာကြမ်းထော်၊
- လျှပ်ပေါ်လော်လီ၊ စိတ်မတည်သည်၊
ရှောင်ကြဉ် အပြန်အကျိုးတည်း။

ဟူသော လင်္ကာအတိုင်း မုသားပြောသူများသည် ဘဝတိုင်း စကားမပီမသ ဖြစ်တတ်သည်။ သွားများ မညီမညွတ် ပေါက်တတ်သည်။ ပါးစပ်က အပုပ်နံ့ထွက်တတ်သည်။ ခန္ဓာကိုယ် ခြောက်ခန်းတတ်သည်။ ဣနြေ္ဒဖောက်ပြန်တတ်သည်။ သြဇာအာဏာ ကင်းတတ်သည်။ နှုတ်လျှာကြမ်းတတ်သည်။ စိတ်ကစဥ့်ကလျား ဖြစ်တတ်သည်။

မုသားမှ ရှောင်ကြဉ်ခဲ့လျှင် စကားပီခြင်း၊ သွားညီခြင်း၊ သြဇာအာဏာရှိခြင်း စသော ဆန့်ကျင်ဘက်ကောင်းကျိုးများကို ပြန်ရမည်။ မုသားကို အသေးစား အကုသိုလ်လေးပါ၊ ဥပဒေနှင့် အရေးယူလို့ရတာမဟုတ်ပါဘူး ဆိုပြီး အထင်မသေးအပ်။

"ကောင်းဂုဏ်အားလုံး၏ ခေါင်ချုပ်"
•••••••••••••••••••••••••••••••••••••
ကြက်၏ ဝမ်းတွင်းကလီစာ၌ပါသော သည်းခြေသည်။ အသေးလေးသာဖြစ်၏။ သို့သော် ကြက်သားချက်သောအခါ သည်းခြေပါမလာအောင် အထူးဂရုစိုက်ရ၏။ သူပါသွားသည်နှင့် ကြက်သားဟင်းတစ်အိုးလုံး စား၍မရအောင် ခါးသွားသည်။

ထို့အတူ လူတစ်ယောက်တွင် တစ်ခြားကောင်းကွက်များ မည်မျှရှိစေကာမူ မုသားပြောတတ်သည်ဆိုသည်နှင့် ဘယ်နေရာမှ မသုံးကြတော့ပေ။ မုသားနှင့်ပတ်သက်၍ အတွေးအခေါ်ပါသော ကာတွန်းလေးတစ်ပုဒ်ကို ဖတ်ဖူးသည်။ သားမက်လောင်းနှင့် ယောက္ခမလောင်းတို့ အကြိုတွေ့ဆုံပွဲတွင် သားမက်လောင်းက သူ၏ ကောင်းကွက်တွေကို ပြောပြ၏။

သူ အရက်မသောက်ကြောင်း၊ ဖဲမရိုက်ကြောင်း၊ အပျော်အပါး မလိုက်စားကြောင်းများကို ဝေဝေဆာဆာပြောပြီးသည့်နောက် ကျွန်တော့်မှာလိမ်တတ်တဲ့အကျင့်တစ်ခုတော့ ရှိပါတယ်ဟု ပြောလိုက်ရာ ယောက္ခမလောင်းက တစ်ခါတည်း အထင်သေးသွားပုံလေးဖြစ်၏။ လိမ်တတ်သည်ဆိုသည်နှင့် ရှေ့က သူကောင်းကြောင်း ပြောထားသည့်စကားအားလုံးမှာ အလကားဖြစ်သွားသည် မဟုတ်ပါလော။

မုသားအကုသိုလ်သည် အသေးလေးဟု ထင်ရသော်လည်း မိမိ၌ရှိသမျှ ကောင်းဂုဏ်အားလုံးကို ဖျက်ဆီးနိုင်စွမ်းရှိကြောင်း သတိပြုအပ်ပါ၏။ မုသားစကားကိုရှောင်သူသည် သစ္စာစကားကို ဆောင်ရမည်ဖြစ်၏။ လောက၌ ဓမ္မက အဓမ္မကို လွှမ်းမိုးနိုင်ဖို့ သူတစ်ပါး နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ မှန်ကန်ပြီး အကျိုးရှိသောစကားကို ရဲဝံ့စွာ ပြောသင့်၏။

မိမိ၏တပည့်သားမြေးများကိုလည်း မုသားမပြောတတ်ကြစေရန် ငယ်ရွယ်စဉ်ကတည်းက ပြတ်သားစွာ ဆုံးမထားသင့်သည်။ ငယ်ရွယ်စဉ်ကရလာသည့် ကောင်းသောအကျင့်သည် တစ်သက်လုံး စွဲမြဲတတ်ပေသည်။ မုသားစကားကို ရှောင်ကြဉ်သောသူသည် ဝစီဒုစရိုက်ချင်းတူသော ပိသုဏဝါစာ = ဂုံးတိုက်စကားပြောခြင်း။ ဖရုသဝါစာ = ရုန့်ရင်း ကြမ်းတမ်းသောစကားကို ပြောခြင်း။ သပ္ဖပ္ပလာပဝါစာ = အကျိုးမရှိသောစကားတို့ကိုပြောခြင်းမှပါ ရှောင်ကြဉ်ရမည်။

ဝစီဒုစရိုက်လေးပါးတွင် သမ္ဖပ္ပလာပ အကုသိုလ်ကို အများဆုံး ကျူးလွန်မိတတ်ကြ၏။ စကားများများပြောမိပြီဆိုလျှင် သတိထားကြည့်ရ၏။ ငါပြောသောစကားသည် မှန်ကန်အကျိုးရှိသောစကား မဟုတ်ဟုသိလျှင် ချက်ချင်းရပ်ပစ်သင့်၏။

ဤကဲ့သို့ ကျင့်ပါများလာလျှင် ဝစီဒုစရိုက်လေးပါး တဖြည်းဖြည်းနှင့် ကင်စင်သွားပေလိမ့်မည်။ ဝစီဒုစရိုက် ကင်းစင်သည်နှင့် ထိုသူသည် တစ်ခြားနည်းဖြင့် ဘယ်လိုမှ ဖြေရှင်းမရသော အခက်အခဲ အကျပ်အတည်းများကို သစ္စာပြု၍ ဖြေရှင်းနိုင်သည်။

မေတ္တာရှင်(ရွှေပြည်သာ)၏
‘သီလအစွမ်း အံ့မခန်း’ မှမျှဝေပါတယ်။