==============
(သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ တပေါင်းလဆန်း ၉-ရက်၊ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ရတနာလမ်း၊ ၀ိသုဒ္ဓိဆွမ်းလောင်း အသင်းကြီး၏ စတုတ္ထအကြိမ်မြောက် ပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနားဝယ် (ဆရာတော်ကြီး ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ) ဟောကြားအပ်သော `တရားသိလျက် အကျင့်ခက်´ တရားဒေသနာတော်)

`….မြတ်စွာဘုရားက ပရိယတ္တိနဲ့ ပဋိပတ္တိဆိုတာ လိုက်လျောညီထွေ ရှိရမယ်တဲ့။ သင်လည်းသင် ကျင့်လည်းကျင့်၊ သင်တဲ့အတိုင်းကျင့် ကျင့်တဲ့အတိုင်းလည်း သင်၊ ပရိယတ် ပဋိပတ် နှစ်ရပ်စုံညီသွားပြီဆိုလို့ရှိရင် ပဋိဝေဓလို့ဆိုတဲ့ ထူးခြားတဲ့ ထိုးထွင်းသိမြင်တဲ့ အဆင့်မြင့်တဲ့ အသိဉာဏ်မျိုးကို ထပ်ဆင့်ရရှိသွားမှာ ဖြစ်ပါတယ်။ အေး သင်ရုံသင်ပြီးတော့ မကျင့်ဘူး၊ သင်ထားတဲ့ အသိကလေးတစ်ခုတည်းနဲ့ မကျင့်ဘူးဆိုလို့ရှိရင် ဘာတွေ ၀င်လာတတ်သတုန်းဆိုတော့ သင်ထားတဲ့တရားဓမ္မကို အကြောင်းပြုပြီးတော့ ရဟန်းတစ်ပါး အနေနဲ့ ပြောရမယ်ဆိုလို့ရှိရင်ပေါ့၊ အေး စာသင်လိုက်လို့ စာမေးပွဲတွေ အောင်တယ်၊ ဘွဲ့ထူး ဂုဏ်ထူးတွေရတယ်၊ စာပေတွေတတ်တယ်လို့ နာမည်လေးတစ်လုံး ရလာတဲ့အခါကျတော့ ကြည်ညိုကိုးကွယ်တဲ့ ဒကာဒကာမတွေကလည်း များလာတယ်၊ များလာတော့ လာဘ်လာဘ တွေများလာတယ်၊ များလာတော့ ဘာဝင်လာတတ်တုန်းဆိုရင် စိတ်ကြီးဝင်လာတတ်တယ်။ မာန်မာနဖြစ်လာတတ်တယ်။ ဒါ ပုထုဇဉ်တွေရဲ့ သဘောတရားအရပြောတာ။ သင်ထားတဲ့ စာပေကို အကြောင်းပြုပြီးတော့ ကိုးကွယ်တဲ့သူတွေ များလာတယ်။ များလာတာကို အကြောင်းပြုပြီးတော့ လာဘ်လာဘတွေ ပေါလာတယ်၊ လာဘ်လာဘတွေ ပေါလာတာကို အကြောင်းပြုပြီးတော့ ငါသိတယ်၊ ငါတော်တယ်၊ ငါတတ်တယ်- ဘေးကလည်း ၀ိုင်းပြီးတော့ မြှောက်တာတွေပါလာတဲ့အခါကျတော့ မာန်တက်လာတယ်၊ မာန်တက်လာပြီ ဆိုကတည်းက သိတော့သိတယ်၊ မကျင့်တော့ဘူး။ အောက်ခြေလွတ်သွားပြီးတဲ့အခါမှာ ဘာတွေဖြစ်ကုန်တတ် သတုန်းဆိုတော့ ပြောချင်ရာ ပြောတာတို့ လုပ်ချင်ရာလုပ်တာတို့ သူပြောသမျှ ပရိသတ်က လက်ခံနေတယ်ဆို ပြောချင်ရာပြောတယ်၊ သူလုပ်သမျှ ပရိသတ်က လက်ခံနေတယ်ဆို လုပ်ချင်ရာလုပ်တယ်-ဆိုတဲ့ အနေအထားမျိုးတွေ ဖြစ်ပေါ်လာတတ်တယ်။ (…ပ..)
`မြတ်စွာဘုရားသာသနာတော်ကြီးနဲ့ ကြုံတွေ့ရတဲ့အခါမှာ တရားဓမ္မဟာ မှန်ကန်မှု ရှိရမယ်။ မိမိကိုယ်တိုင်လည်း မှန်ကန်တဲ့အတိုင်း လေ့လာသိရှိဖို့လိုတယ်၊ ထိုသိရှိထားတဲ့အတိုင်း တရားနာပရိသတ်တွေ မိမိရဲ့ပတ်ဝန်းကျင် ပုဂ္ဂိုလ်တွေကို ဟောပြောဖို့လိုတယ်။ အဲဒီလိုမဟုတ်ပဲနဲ့ ဘုရားဟောတဲ့တရားကို မဟောဘူးလို့ ပြောမယ်။ မဟောတာကိုတော့ အဟောလုပ်ပြီးတော့ ပြောမယ်ဆိုလို့ရှိရင် မှန်ကန်ပါ့မလား။ မမှန်ကန်ဘူး၊ မမှန်ကန်ရုံတွင် မကဘူး။ မြတ်စွာဘုရားက ဟောထားတာရှိတယ်။
ဘုရားဟောတဲ့တရားကို မဟောဘူးလို့ပြောတာ။ ဘုရားဟောတာကိုတော့ မဟောဘူးလို့ပြောလို့ရှိရင်တဲ့ အဲဒီပုဂ္ဂိုလ်ဟာ လူအများ အကျိုးစီးပွားမဲ့အောင် ပြုလုပ်ရာရောက်တယ်-လို့ ဒါနံပါတ်တစ်၊ နံပါတ်နှစ်-က အဲဒီပုဂ္ဂိုလ်ဟာ အကုသိုလ်တွေ များစွာဖြစ်ပွားစေတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ နံပါတ်သုံး-က မြတ်စွာဘုရားသာသနာတော်ကြီးကို ကွယ်ပျောက်အောင် လုပ်ရာရောက်တယ်တဲ့။ အပြစ်အင်မတန်မှ ကြီးတယ်လို့ပြောတာနော်၊ တစ်ချို့က သာမာန်လေးပဲ အောက်မေ့နေကြတယ်။ မဟုတ်ဘူး။ ဘုရားဟောရဲ့သားနဲ့ မဟောဘူးလို့ပြောလို့ရှိရင် ဒါမှားယွင်းမှုတစ်ခုပဲ၊ ဘုရားဟောတာကို မဟောဘူးလို့ မပြောရဘူး။ ဘုရားဟောတာကို မဟောဘူးလို့ မပြောရသလိုပဲ ဘုရားမဟောတာကိုလည်း ဘုရားဟောလုပ်ပြီးတော့လည်း မဟောကောင်းဘူး။ ပြောပြီဆိုရင် ဒီပုဂ္ဂိုလ်ဟာ အများအကျိုးမဲ့ လုပ်တဲ့ပုဂ္ဂိုလ်တစ်ယောက်၊ အကုသိုလ်တွေကို အများကြီးဖြစ်ပွားစေတဲ့ ပုဂ္ဂိုလ်တစ်ယောက်၊ သာသနာတော်ကြီး ကွယ်အောင်လုပ်တဲ့ ပုဂ္ဂိုလ် တရားခံတစ်ယောက်ဖြစ်နိုင်တယ်-လို့ အင်္ဂုတ္တရနိကာယ်မှာ မြတ်စွာဘုရားက ဒီလိုဟောထားတာ။
ဒါကြောင့်မို့လို့ ဘုရားမဟောတာကို ဟောတယ်လို့ မပြောမိဖို့၊ ဘုရားမဟောတာ ကိုတော့ အဟောလုပ်ပြီး မပြောမိဖို့ ၊ ဓမ္မကို အဓမ္မလို့ မပြောမိဖို့၊ အဓမ္မကို ဓမ္မလို့ မပြောမိဖို့၊ ဆိုပါစို့၊ အဓမ္မကို ဓမ္မလို့ ပြောတယ်ဆိုတာ `သူများအသက်သတ်တယ် ဆိုတာ အဓမ္မပဲ၊ အေး သူများအသက် ကိုယ့်ကို အန္တရာယ်ပြုလာရင်တော့ သတ်ကောင်းတယ်´လို့ ပြောရင် အဓမ္မကို ဓမ္မလို့ ပြောရာမရောက်ပေဘူးလား။ တစ်ခါ ဓမ္မကို အဓမ္မလို့ ပြောပြန်တယ်။ ကုသိုလ်ကောင်းမှု ကျတော့ မလုပ်ကောင်းဘူးလို့ ပြောပြန်တယ်။ `ဒါနမလုပ်ကောင်းဘူး သံသရာရှည်မယ်´လို့ ပြောမယ်ဆိုလို့ရှိရင် ဒါဓမ္မကို အဓမ္မလုပ်ပြီး ပြောရာ မရောက်ပေဘူးလား။ (….)
`…ကဿပဘုရားပရိနိဗ္ဗာန်စံသွားလို့ သာသနာတော် ကျန်ရစ်တဲ့အချိန်လေးမှာ သာသနာတော်ကို ကြည်ညိုတဲ့ မိသားစုတစ်စု သာသနာ့ဘောင်ကို ၀င်လာခဲ့တယ်။ ပြောမှာပေါ့ `မနုဿတ္တဘာဝေါ ဒုလ္လဘော၊ ပဗ္ဗဇိတဘာဝေါ ဒုလ္လဘော၊´ `လူဖြစ်ဖို့လည်း ခဲယဉ်းတယ်၊ ရဟန်းဖြစ်ဖို့လည်း ခဲယဉ်းတယ်´ဆိုပြီး ရဟန်းဘောင် ၀င်လာကြတယ်။ အကိုကြီးရော သာသနာဘောင်ကို ၀င်လာတယ်။ အကိုကြီးရဲ့ နာမည်က သာဂတ-တဲ့။ သူ့ညီရဲ့ နာမည်က ကပိလ-တဲ့။ သာသာနာဘောင် ၀င်လာကြတယ် ညီအကိုနှစ်ယောက်၊ ညီအကိုနှစ်ယောက်တင်မကဘူး၊ နှမလေးကလည်း သာသနာဘောင်ကို ၀င်လာတယ်။ နှမလေးနာမည်က တာပနာ-တဲ့။ အေး မအေကြီးကလည်း အကျွတ်တရားရပြီးတော့ သာသနာဘောင်ဝင်လာတယ်။ ဖအေတော့ပါမလာဘူး။ အဖေက သေသွားပြီလားတော့ မသိဘူး။ အမေကြီးကတော့ သာဓိနီ-ဆိုတဲ့နာမည်နဲ့၊ သာသနာဘောင် ၀င်လာကြတယ် မိသားစု၊ သာသနာဘောင် ၀င်လာတဲ့အခါကျတော့ အကိုကြီးလုပ်တဲ့ပုဂ္ဂိုလ်က အသက်အရွယ်လေး နည်းနည်းရလာတော့ သာသနာဘောင်ဝင်လာတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း လုပ်ကိုင်ရမယ့်အလုပ် နှစ်ခုရှိတယ်။ တစ်ခုကဘာတုန်းဆိုတော့ ဘုရားဟောတဲ့ တရားတွေကို သင်ကြားမှု ပရိယတ္တိအလုပ်၊ တနည်းအားဖြင့်ပြောရရင် ဂန္ထဓုရ- စာပေကျမ်းဂန် တာဝန်ကို ထမ်းဆောင်ရမယ်။ ဒါက သာသနာတော်ပြန့်ပွားရေးအတွက် လိုအပ်တဲ့ အချက်တစ်ခုပေါ့၊ ဘုရားဟောတဲ့တရားတွေကို သင်ကြားလို့ တစ်ဆင့်ဖြန်းဖြူးလို့ ဒီလိုကြိုးစားရမယ်။ အေး နောက်တစ်ခုကတော့ ဘာတုန်းဆို ပဋိပတ္တိ၊ စာပေသင်ယူမှုကို မလုပ်တော့ဘူးတဲ့၊ ဒါက အကျယ်မသင်တာကို ပြောတာ၊ စာပေသင်ကြားမှု၊ ပိဋကတ်သုံးပုံ သင်ကြားမှုကို မလုပ်တော့ဘဲနဲ့ ကမ္မဋ္ဌာန်းတရား အားထုတ်တဲ့အလုပ်ကို လုပ်တယ်။ ဒါက ၀ါသဓုရ-လို့ခေါ်တယ်။ သို့မဟုတ် ၀ိပဿနာဓုရ၊ ကမ္မဋ္ဌာန်း အားထုတ်တယ်။
ဒီကနေ့မြန်မာနိုင်ငံမှာလည်း ပရိယတ္တိစာသင်တိုက်ဆိုတာ ရှိတယ်။ ကမ္မဋ္ဌာန်းရိပ်သာ ဆိုတာရှိတယ်။ အေးအသက်အရွယ်ရတဲ့ပုဂ္ဂိုလ်တွေကတော့ ပရိယတ္တိစာသင်တိုက်မှာ စာမသင်တော့ဘူး။ ကမ္မဋ္ဌာန်းရိပ်သာသွားပြီးတော့ တရားလေးနာ ကမ္မဋ္ဌာန်းနည်းစနစ်လေး နားထောင်၊ တရားကျင့်ပေါ့။ အကိုကြီးလုပ်တဲ့ သာဂတ-ကလည်း အတူတူပဲ။ စာသင်ဖို့ ပိဋကတ်စာပေတွေကို သင်ယူကျက်မှတ်ဖို့ သူစိတ်မ၀င်စားတော့ဘူး။ ကမ္မဋ္ဌာန်းပဲ အားထုတ်တော့မယ်ဆိုပြီးတော့ ကမ္မဋ္ဌာန်းကို သင်ယူပြီးတဲ့အခါမှာ တောရကျောင်း တစ်ကျောင်းကိုသွားပြီး ကမ္မဋ္ဌာန်းအားထုတ်လိုက်တာ သူက ရဟန္တာဖြစ်သွားတယ်။ ညီလုပ်တဲ့ ကပိလ-ကတော့ အသက်ငယ်သေးတယ်၊ စာသင်ဦးမယ်-ဆိုပြီး စာတွေသင် လိုက်တာ၊ စာသင်လိုက်လို့ ပိဋကတ်သုံးပုံ ကုန်သွားပြီ၊ စာတွေတတ်ပြီ၊ စာတတ်တဲ့ အခါကျတော့ တပည့် ပရိသတ်တွေ များလာတယ်။ စာတတ်ပုဂ္ဂိုလ်ဆိုပြီး တပည့်ခံချင်တဲ့ ပုဂ္ဂိုလ်တွေ များလာတယ်။ အေးများလာတဲ့အခါကျတော့ ဒကာဒကာမတွေကလည်း ပေါလာတော့ လာဘ်လာဘတွေ ပေါလာတယ်။ အဲဒီလို အခြံအရံပရိသတ်များလာခြင်း၊ တပည့်တွေ ဒကာတွေများလာခြင်း၊ လာဘ်လာဘတွေ များလာခြင်းဆိုတာကို အကြောင်းပြုပြီးတော့ တရားကိုသိပြီးတော့ ကျင့်ရမဲ့အစား ဘာဖြစ်သွားလည်းဆိုရင် ခုနက ပညာမာန်တွေ တက်လာတယ် ကပိလ-က။ ပညာမာန်တွေတက်လာပြီးတော့ ကျန်တဲ့ရဟန်းတွေ အပေါ်မှာ သူက အထင်သေး၊ အမြင်သေးတွေဖြစ်လာတယ်။ သူလောက်မတတ်ဘူး၊ ဘာမှမတတ်ဘူး၊ နလပိန်းတုံးတွေလို့ စိတ်ထဲက ဒီလိုအောက်မေ့လာတယ်။ ကြည့်နော်။ တရားကိုသိပေမဲ့ ကျင့်နိုင်ခြင်း မရှိဘူးပေါ့။ ဒီလိုမာန်မာနမထားရဘူးလို့ မြတ်စွာဘုရားက ဟောထားတဲ့စာပေတွေ များစွာရှိတာပဲ။…(ပ)..
မောင်ဖြစ်တဲ့ ကပိလရဟန်းက စာတတ်တော့ ပိဋကတ်သုံးပုံဆောင်တဲ့၊ တိပိဋကဓရတဲ့ ဆိုပြီးတော့ ဒီလိုမာန်ရစ်လာတဲ့အခါကျတော့ သူ့နှမတော် တာပနာ-ကလည်းပဲ သူ့မောင် စာတတ်တယ်ဆိုတော့ သူကလည်းပဲ ဂုဏ်ယူတာပေါ့၊ အမေလုပ်တဲ့ သာဒိနီကလည်းပဲ သူ့သားအတွက် ဂုဏ်ယူမဆုံးပေါ့။ သူတို့ကလည်း နားဋောင်းရောင်ကြောင့် ပါးပြောင်ဆိုတာလို သူတို့ကလည်း ရောယောင်ပြီးတော့ အဲဒီမှာ မာန်မာနတွေ တက်လာကြတယ်။ ကပိလအမေ တဲ့၊ ကပိလနှမတဲ့ဆိုပြီး ရောယောင်ပြီးတော့ သူတို့ကလည်း တတ်တတ်မတတ်တတ် နားဋောင်းရောင်ကြောင့် ပါးပြောင်တယ်လို့ ခေါ်တာပေါ့။ ပါးက နဂိုက မပြောင်ပဲနဲ့ နားဋောင်းရောင်ကြောင့် ပါးပြောင်နေတာကို ပါးပြောင်တယ်မှတ်နေတာ။ ကပ္ပလီပါး ဘယ်ပြောင်မလဲ။ မဲမှောင်နေတာပဲ။
အေး အဲဒီလိုဖြစ်လာတဲ့အခါ မာန်မာနတွေ ၀င်လာကြတော့ ကျန်တဲ့ပုဂ္ဂိုလ်တွေ အပေါ်မှာ ရဟန်းတွေအပေါ်မှာ အထင်သေး အမြင်သေးဖြစ်လာတယ်။ အထင်သေး အမြင်သေး ဖြစ်ရုံမကဘူး။ နှုတ်ကနေထုတ်ပြီးတော့ ရှုတ်ချတဲ့စကား ဆဲရေးတိုင်းထွာတဲ့ စကားတွေ ပြောလာကြတယ်။ ဆဲတယ်ဆိုတာ အမျိုးမျိုး ရှိတယ်။ ဘာမှမသိတဲ့ဟာတွေ-လို့ပြောရင်လည်း ဆဲတာပဲ။ ဆဲရေးခြင်း ဆယ်မျိုးထဲမှာနော်၊ နလပိန်းတုံးတွေလို့ ပြောရင်လည်း ဆဲတာပဲ။ ဟိုလိုဘာမှညာမှ ဆဲမှ ဆဲတာမဟုတ်ဘူး။
အဲဒီလို ရဟန်းသံဃာတွေကို ဆဲရေးတိုင်ထွာတဲ့အလုပ်တွေပါလုပ်လာပြီးတော့ အထင်သေး အမြင်သေးတွေဖြစ်လာတယ်။ ကဿပမြတ်စွာဘုရားရှင် လက်ထက်မှာ ဖြစ်နေတယ်။ အဲဒီလိုဖြစ်လာတဲ့အခါကျတော့ ရဟန်းတွေက ပြောကြတယ်။ ကိုယ်တော် စာတတ်ပေတတ် အင်မတန်နှစ်မြောစရာကောင်းတယ်။ သူများအထင်သေးအမြင်သေး မလုပ်ပါနဲ့။ နောက်ဆုံးသူက ဘာတွေထိပြောလာတုန်းဆိုတော့ ဘုရားဟောတာကိုလည်း မဟောဘူးလို့ပြောချင်ပြောတယ်။ မဟောတာကိုလည်း အဟောလုပ် ပြောချင်ပြောတယ်။ ဓမ္မကိုလည်း အဓမ္မလို့ ပြောချင်ပြောတယ်၊ အဓမ္မကိုလည်း ဓမ္မလို့ ပြောချင်ပြောတယ်။ သူက စာတတ်တာကိုး။ စာတတ်တော့ စာထဲမပါတာကိုလည်း ပါတယ်လုပ်ချင်လုပ်တယ်။ မပါတာကျတော့ အပါလုပ်ပြန်တယ်။ ဘေးကရဟန်းတွေက သတိပေးတယ် ကိုယ်တော် မလုပ်ပါနဲ့၊ မရဘူး၊ မရတော့ သူ့အကိုကြီး သွားတိုင်ကြတယ်။ `ကိုယ်တော့်ညီ ပြောပါဦး´ ဆိုတော့ သူ့အကိုကြီးက ရဟန္တာကြီး၊ လာပြီးတော့ပြောတယ်၊ `ငါ့ညီ၊ ပညာတတ်တယ်ဆိုတာ အင်မတန်မှ တန်ဖိုးရှိပါတယ်တဲ့၊ မြတ်စွာဘုရားရဲ့ တရားတော်တွေကို တတ်သိလိမ္မာတာ အင်မတန်မှ ကောင်းပါတယ်။ အမှန်အကန်ပြောပါတဲ့။ သူများအတွက် ကိုယ်တတ်သိ လိမ္မာတာတွေကို မှန်မှန်ကန်ကန်ပြောပါ။ မာန်မာနတွေ မထားပါနဲ့-´လို့ ဆုံးမတယ်။ တစ်ခါဆုံးမ မရဘူး၊ နှစ်ခါဆုံးမ မရဘူး။
လောကလူတွေက မာန်မာနတက်နေတဲ့အချိန် ပြောလို့မရဘူး။ ဒါအမှန်ပဲ။ စီးပွားတွေ သိပ်တက်လို့ အောင်မြင်နေတဲ့ပုဂ္ဂိုလ်တစ်ယောက် ဆုံးမလို့မရဘူး၊ ရာထူးတွေ သိပ်မြင့်နေရင်လည်း ဆုံးမလို့ မရဘူး။ လူတွေဟာ တစ်ခုခုအောင်မြင်လာပြီဆိုရင် ဘယ်သူပြောတာမှ သိပ်နားမထောင်ချင်တော့ဘူး။ မာန်မာနတက်တယ်လို့ ခေါ်တာပေါ့။ အေး သူလည်း သူ့အကိုက ဆုံးမလို့မရတဲ့အခါ တစ်ခါပြော၊ နှစ်ခါပြော၊ မရတော့ ဘာဖြစ်တုံး၊ မပြောတော့ဘူးပေါ့၊ ပြောမကောင်းဘူး-ဆိုပြီး လက်လျော့လိုက်တယ်။
နောက်ပိုင်း ဘယ်လောက်ထိအောင် ဆိုးလာတုန်းဆိုလို့ရှိရင် ဘယ်လောက်ထိ ပြောလာတုန်းဆိုလို့ရှိရင် ကျန်တဲ့ရဟန်းတွေကိုမေးတယ်၊ ကိုယ်တော်တို့ ဒီစာရလား ဘုရားဟောတဲ့စာ ရလား-ဆိုပြီး၊ ကျန်တဲ့ကိုယ်တော်တွေကလည်း အဖက်လုပ်ပြီး ပြောမနေချင်တဲ့အခါကျတော့ ငြိမ်နေကြတယ်။ ငြိမ်နေတဲ့အခါကျတော့ သူက `အလကား နလပိန်းတုံးတွေ´ ဆိုပြီးဆဲတယ်။ ဆဲပြီးတော့ `ဒီတရားတွေဟာ အလကားပဲ၊ ဘာမှအသုံးမကျဘူး၊ ၀ိနည်းတရားတွေ ကျင့်နေလည်း အပိုပဲ-နဲ့ဆိုပြီးတော့ တရားရဲ့ အပြစ်တွေကိုပြောတယ်။ ပြောလိုက်တဲ့အချိန်ကစပြီးတော့ ကဿပဘုရားရှင်ရဲ့ သာသနာတော်ကို ကွယ်ပအောင် သူက လုပ်တယ်ပေါ့။ ဘုရားဟောတာကို မဟောဘူး ဆိုပြီးတော့။
သူကဂုဏ်သတင်းကြီးတဲ့ပုဂ္ဂိုလ် ဒကာဒကာမ ကိုးကွယ်မှုများတဲ့ပုဂ္ဂိုလ်ဆိုတော့ သူ့နောက်ကလိုက်တဲ့ပုဂ္ဂိုလ်တွေကလည်း ရှိမှာပေါ့။ အဓိကကတော့ သူ့အမေနဲ့ သူနှစ်မ၊ မယ်တော်နဲ့ နှမကတော့ သူပြောတာဘာမဆို အမှန်ပဲ၊ သူကစာတတ်တယ်၊ သူသိတယ်ဆိုပြီးတော့။ အကုန်လုံးလိုက်ကြတာ သူ့နောက်။ အေး အဲဒီလို သူကပြောလိုက်တဲ့အခါကျတော့ အကုသိုလ်တွေ အများကြီးဖြစ်တယ်။ အကုသိုလ်တွေ ဖြစ်ရုံမကဘူး၊ ကဿပမြတ်စွာ ဘုရားရှင်ရဲ့ သာသနာတော်ဟာ သင်ကြားပို့ချမဲ့သူမရှိအောင် သာသနာတော် ကွယ်ပျောက်သွားအောင် သူကလုပ်တဲ့သဘော၊ သေတဲ့အခါကျတော့ ဘယ်ရောက်သွားတုန်းဆို အ၀ီစိငရဲကျသွားတယ်။ သူ့ကို အားပေးအားမြှောက်ပြုပြီးတော့ သူနဲ့ အလိုတူအလိုပါဖြစ်တဲ့ မယ်တော်ဖြစ်တဲ့ ဘိက္ခုနီတို့၊ နှမတော်ဖြစ်တဲ့ ဘိက္ခုနီတို့ တခါတည်း အ၀ီစိငရဲ ပါသွားကြတယ်။ အဲဒီထိအောင် လိုက်ပြီးအားပေးကြတာပေါ့နော်။
အဲဒါ သတိထား။ ဘုန်းကြီးတစ်ပါးကို ကြည်ညိုလို့ရှိရင်လည်း အ၀ီစိထိအောင် လိုက်ပြီးတော့လည်း အားမပေးကြလေနဲ့ဦး၊ ဖြစ်တတ်တယ်။ သတိထားရမှာက ဆရာက မီးပုံထဲဆင်းတိုင်း တပည့်က လိုက်ဆင်းသင့်သလား မဆင်းသင့်ဘူးလား၊ (မဆင်းသင့်ပါဘူးဘုရား) ဆရာက ဆူးကိုနင်းတိုင်း တပည့်ကလိုက်ပြီးတော့ ဆူးကို နင်းရမလား။ (မနင်းရပါဘူးဘုရား) အေး မလုပ်ရဘူး ဒါမျိုး။ ….(ပ)
`တရားသိလျက် အကျင့်ခက်´ ဆိုတာလို့ မဖြစ်စေပဲနဲ့ မိမိတို့သိရင် သိတဲ့အတိုင်း တရားဓမ္မဆိုတာ လိုက်နာကျင့်သုံးမှ အကျိုးရှိတယ်၊ မိမိတို့ဘ၀ အကျိုးရှိဖို့ရန်အတွက် သိအောင်လည်း ကြိုးစားအားထုတ်ကြရမှာ ဖြစ်ပါတယ်။ သိတိုင်းအတိုင်းလည်းပဲ ကျင့်ကြံ ကြိုးကုတ်အားထုတ်ကြဖို့ အရေးကြီးပါတယ်ဆိုတာကို အားလုံးသဘောပေါက်သွားဖို့၊ သဘောပေါက်ပြီးတော့ နိဗ္ဗာန်ချမ်းသာကို မျှော်မှန်းလျက် သာသနာတော်နဲ့ ကြုံတွေ့နေတဲ့ အချိန် တရားဓမ္မကို သိရှိနားလည်ဖို့ ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေ ကုန်သတည်း။ သာဓု သာဓု သာဓု……..။
(ဥပါသကာကျင့်ဝတ်ဆယ်ပါးတွင်`ဘုရားသာသနာတော် ပျက်ပြားဆုတ်ယုတ်သည်ကို ကြားသိတွေ့မြင်သော် တိုးတက်စည်ပင်ခြင်းငှါ လုံ့လ စိုက်ထုတ်၏။´ဟူသော ဂုဏ်အင်္ဂါတစ်ပါး ပါပါသည်။ သာသနာတော်ပျက်ပြားဆုတ်ယုတ်အောင် ပြုလုပ်သည့်ဘက်က မနေဘဲ ကာကွယ်သည့်ဘက်မှ ပါဝင်နိုင်ကြသော ဥပါသကာကောင်းများ ဖြစ်နိုင်ကြပါစေရန် ရည်ရွယ်၍ အထက်ပါတရားတော်ကို ကောက်နှုတ်ပူဇော်လိုက်ပါသည်။)
အရှင်ကောဝိဒ (ယော)