ဘုန်းဘုန်းဘုရားတပည့်တော်နာမည်က မော်မော်မော်စန်းပါဘုရားအခုအသက်(၃၅) နှစ်ရှိပါပြီဘုရား၊ ရက်ရှည်အလုပ်ပိတ်ရက်တွေမှာ ရက်ရသလောက်လေးတရားစခန်းကိုဝင်ပါတယ်၊ အခြားရက်တွေမှာလဲ ဆွမ်းခံကြွတဲ့ ကိုယ်တော်လေးတွေကို တတ်နိုင်သလောက် ဆွမ်းလောင်းပြီး ဘုရားရှိခိုး၊တရားနာတွေလဲ အချိန်ရတိုင်း ပြုလုပ်ပါတယ်ဘုရား။ အလုပ်နားရက်တွေမှာ သူများတွေလို ရုပ်ရှင်ကြည့်တာတို့ ပန်းခြံသွာတာတို့ကိုမလုပ်ပါဘူးဘုရား။
ဒီလိုနေတာကို တပည့်တော်မရဲ့ မိဘတွေကသဘောမကျကြပါဘူးဘုရား၊ “(၃၅)နှစ်ဆိုတာ အငယ်လေးပဲရှိသေးတာ ဘုရားတရားအလုပ်ဆိုတာ အသက်ကြီးမှလုပ်ရတာ၊ ဘုရားကတောင်
ပထမအရွယ်မှာပညာရှာ၊ ဒုတိယအရွယ်မှာဥစ္စာရှာ၊တတိယအရွယ်မှ တရားရှာလို့ ဟောထာတယ်” ဆိုပြီးပြောပါတယ်ဘုရား။ သူတို့ကခုလိုအမြဲပြောပြောနေတော့ တပည့်တော်မ ဘာသာရေးလုပ်ရမှာကို မ၀ံ့မရဲဖြစ်နမိပါတယ်ဘုရား။ ဒါကြောင့် တပည့်တော်မ အခုလိုငယ်ရွယ်တဲ့အချိန်မှာ တရားမရှာသင့်ဘူး၊ သင့်တယ်ဆိုတာကို ဖြေကြားပေးတော်မူပါဘုရား။
ပထမအရွယ်မှာပညာရှာ၊ ဒုတိယအရွယ်မှာဥစ္စာရှာ၊တတိယအရွယ်မှ တရားရှာလို့ ဟောထာတယ်” ဆိုပြီးပြောပါတယ်ဘုရား။ သူတို့ကခုလိုအမြဲပြောပြောနေတော့ တပည့်တော်မ ဘာသာရေးလုပ်ရမှာကို မ၀ံ့မရဲဖြစ်နမိပါတယ်ဘုရား။ ဒါကြောင့် တပည့်တော်မ အခုလိုငယ်ရွယ်တဲ့အချိန်မှာ တရားမရှာသင့်ဘူး၊ သင့်တယ်ဆိုတာကို ဖြေကြားပေးတော်မူပါဘုရား။
ကြည်ညိုရိုသေစွာဖြင့်
မမော်မော်စန်း၊
မရမ်းကုန်း၊ရန်ကုန်
ဒကာမကြီးရေ ပထမဆုံးမြတ်စွာဘုရားကိုယ်တော်တိုင်တိုင် မဟာသမယသုတ် မှာဟောကြားတော်မူထားတဲ့ တရားအားထုတ်ရန်မသင့်လျှော်တဲ့ အချိန်ကာလ(၅)မျိုးကို ပြောပြချင် ပါတယ်။ ဒီချိန်ကာလတွေကတော့
(၁) အိုးမင်မစွန်းဖြစ်သောအခါ
(၂) နာမကျန်းဖြစ်သောအခါ
(၃) ဆန်ရေစပါး၊ ပစ္စည်းဥစ္စာရှားပါးသောအခါ
(၄) သောင်းကျန်းသူများရဲ့ ဘေးရန်အန္တရာယ်ရှိသောအခါ
(၅) သံဃာတော်များဂိုဏ်းကွဲသောအခါ
တို့ဖြစ်ပါတယ်။
ဒီ(၅)မျိုးထဲက နံပါတ်(၁) နဲ့ နံပါတ်(၂) အရ အိုမင်းမစွမ်းဖြစ်သောအခါနဲ့ နာမကျန်းဖြစ်သောအခါမှာ တရားအားထုတ်ရန်မသင့်လျှော်ကြောင်း ဟောကြားထားတာမို့ ငယ်ရွယ်နုနယ် ကျမ္မာရေးကောင်းစဉ်မှာ တရားအားထုတ် ရမယ်လို့ဆိုလိုပါတယ် ဒီလို ငယ်ရွယ်နုနယ် ကျမ္မာရေးကောင်းစဉ်မှာ တရားအလုပ် ဘာသာရေးအလုပ်လုပ်တာဟာ ဘုရားဟောနှင့်အညီ ဖြစ်တာမို့ ကောင်းမွန်လှပါတယ်။
အသက်အရွယ်ကြီးရင့်တဲ့အခါမှာ စိတ်သွားတိုင်း ကိုယ်မပါတာမို့ တရားအားထုတ်တဲ့အခါ ငယ်ရွယ်သူများလောက် အဆင်ပြေမှာမဟုတ်ပါဘူး။ ဒီအတိုင်းပဲ ကျမ္မာရေးမကောင်း နာမကျန်းဖြစ်တဲ့ အခါမှာ စိတ်ကတရားပေါ်မှာ အာရုံမထားနိုင်တော့ပဲ ရောဂါအပေါ်မှာ အာရုံရောက်နေင်္ပြီး သမာဓိထူ ထောင်လို့မရ စိတ်လွင့်ပြားနေမှာမို့ ဘယ်လိုမှအဆင်ပြေမှာ မဟုတ်ပါဘူး။
စိတ်သွားတိုင်းကိုယ်ပါပြီး ကမာဓိကောင်းကောင်းနဲ့ တရားထူးရဖို့အတွက် အိုးမင်းမစွမ်းမဖြစ် ခင် ကျမ္မာရေးကောင်းစဉ်မှာ တရားအလုပ်လုပ်တာဟာ အကောင်းဆုံးပဲဆိုတာ တရားအားထုတ်ဖူးသူ တိုင်းသိကြမှာပါ၊ လူအတော်များများဟာ ပထမအရွယ်မှပညာရှာ၊ ဒုတိယအရွယ်မှာဥစ္စာရှာ၊တတိယ အရွယ်မှာ တရားရှာ ဆိုတဲ့စကားကို ဘုရားဟောဆိုပြီး ထင်မှတ်လက်ခံထားကြပါတယ်။ အမှန်မှာ ဒီစကာက“စတုရင်္ဂဗလ”အမတ်ကြီးကဗုဒ္ဓစာပေ၊သက္ကတစာပေ၊ပြာကဋစာပေ၊ဟိန္ဒီစာပေများမှ ကောင်းနိုးရာရာတို့ကို ရွေးကာပြုစုထားတဲ့ “လောကနီတိ”ကျမ်းလာစကားတွေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ပထမအရွယ်မှပညာရှာ၊ ဒုတိယအရွယ်မှာဥစ္စာရှာ၊တတိယအရွယ်မှ တရားရှာ ဆိုတဲ့စကားဟာ အလုံးစုံမမှန်နိုင်ပါဘူး။
လူဆိုတာ အသက်ကြီးတဲ့အခါမှသေမယ် အသက်ငယ်ရွယ်မှာမသေနိုင်ဘူးလို့ ဘယ်သူကမှ တထစ်ချမပြောနိုင်ပါဘူး။ပညာရှာတဲ့ ငယ်ရွယ်နုနယ်တဲ့အချိန်မှာလဲသေသွားနိုင်သလို၊ဥစ္စာရှာတဲ့ လူလတ်ပိုင်းအရွယ်မှာလဲ သေသွားနိုင်ပါတယ်။ ဒါ့ကြောင့် တတိယအရွယ်ပိုင်းဖြစ်တဲ့ ကြီးရင့်အိုမင်း တဲ့အခါမှ တရားရှာမယ်ဆိုရင် ဘုရားဟောတဲ့ မဟာသမယသုတ်တော်အရကော သေခြင်းတရား အရပါ လက်တွေ့မကျပါဘူ။
တရားအားထုတ်တယ်ဆိုတာကလည်း တရားစခန်းတွေ ရိပ်သာတွေမှာ သွားရောက်အားထု တ်မှ တရားအားထုတ်တာမဟုတ်ပါဘူး၊ သာမန် အချိန်တွေဖြစ်တဲ့စား၊သောက်၊နေထိုင်တဲ့ အချိန်တွေမှာ သတိလေးနဲ့ စားသောက်၊ပြောဆို၊နေထိုင်ပြီး မကောင်းတဲ့အလုပ်၊မကောင်းတဲ့အပြော၊ မကောင်းတဲ့အကြံတွေကို မပြုလုပ်မပြောဆိုတာဟာ တရားသဖြင့်နေတာဖြစ်လို့ တရားကျင့်နေတာလို့ခေါ်ဆိုရမှာဖြစ်ပါတယ်။
များသောအားဖြင့် တရားစခန်းများ၊တရားရိပ်သာများကိုသွားရောက်ပြီး တရာအားထုတ်မှသာ တရားအလုပ် လုပ်ကြတာလို့ထင်မြင်မှတ်ယူလေ့ရှိပါတယ်၊ တရားစခန်းသွားပြီး မကောင်းတာကြံ၊ မကောင်းတာတွေးနေရင်တော့ တရားအလုပ်ကို လုပ်နေတယ်လို့ပြောဆိုလို့ မရနိုင်ပါဘူး၊ အချို့သူများဆိုရင် တရားစခန်းကပြန်လာရင်လည်း စိတ်ထားတွေထူးပြီးပြောင်းလဲမလာကြပါဘူး။ တရားစခန်းကပြန်လာရင် အနည်းဆုံးတော့ မသွားရခင်ထက်တော့ ပြောင်းလဲလာသင့်ပါတယ်။
ဘုရား၊တရားအလုပ်ဆိုတာ နောက်ဘ၀အတွက်သာမကပဲ လက်ရှိပစ္စုပ္ပန်ဘ၀မှာလဲ ချမ်းသားမှု၊ အေချမ်းမှုကို ပေးနိုင်ပါတယ်၊ ဘာသာရေးလုပ်တဲ့သူဟာ အခြားသူတွေထက်စာရင် ကိုယ်၊နှုတ်၊စိတ် သုံးပါးလုံး စောင့်စည်းကြတာမို့ ဘာသာရေးပြုလုပ်သူအပါအ၀င် သူ့ရဲ့ မိဘ၊မောင်နှမ ၊ဆွေမျိုးသားချင်းများသာမက ပတ်ဝန်ကျင်အသိုင်းအ၀န်းနှင့် နောက်ဆုံး နိုင်ငံနှင့် ကမ္ဘာတခုလုံးအထိ အေးချမ်းသာယာစေပါတယ်။ ဘာသာရေးလုပ်သူတွေမရှိတဲ့ မိသားစုဟာ စာရိတ္တပျက်ပြားမှု များပြားတာကြောင့် အစဉ်အမြဲ ပူပန်ရတတ်ပါတယ်။ ရတနာသုံးပါးလေးစားပြီး ဘာသာရေးလုပ်လိုက် စားတဲ့ မိသားစုဟာ မိမိတို့ မိသားစုဝန်းကျင်မှစလို့ ကမ္ဘာလောကကြီးထိ အေးချမ်းသာယာ ချမ်းမြေ့စေနိုင်ပါတယ်။
ဒါကြောင့် ဘာသာရေးဆိုတာ ငယ်သေးလို့မလုပ်သင့်သေးဘူးဆိုတာ လုံးဝမရှိပဲ စောစောလုပ်လေ အကျိုးရှိလေဖြစ်ပါတယ်၊ မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ မဟာသမယသုတ်တော်အရဆိုရင် တရားအလုပ်လုပ်သူ တနည်းပြောရရင် ဘာသာရေးလုပ်သူဟာ အိုးမင်မစွမ်းမဖြစ်ခင် နာမကျန်းမဖြစ်ခင် ငယ်ရွယ်နုပျို၊ရောဂါဘယာကင်းတဲ့အချိန်မှာ ပြုလုပ်ရန်အထူသင့်လျှော်တဲ့အချိန်ပင်ဖြစ်ပါတယ်။
“မိမိအကျိုး၊သူတပါးအကျိုး၊သည်ပိုးနိုင်သူများဖြစ်နိုင်ကြပါစေ”
ဓမ္မ၀ီရ အရှင်တေဇနိယ
Ph,D (Thesis)