(တည်တောဆရာတော်၏ ယနေ့ဗုဒ္ဓ၀ါဒဆိုင်ရာအမေးအဖြေများ တတိယအကြိမ်ထုတ်  အမှတ်စဉ် (၂)၊ စာမျက်နှာ ၉၈-မှ ၁၁၅အထိ)
“17.6.83“နေ့စွဲဖြင့် ဆရာတော်ထံ စာတစ်စောင် ရောက်လာပါတယ်ဘုရား။


ဘုရားတပည့်တော်လျှောက်ထားလိုသည်မှာ အာသဝေါကုန်သော ရဟန္တာပုဂ္ဂိုလ် ပရိနိဗ္ဗာန်ပြုလျှင် အချို့ဓာတ်တော် မကျကြောင်း၊
အချို့ဓာတ်တော်ကျ၍ ပူဇော်ကြရကြောင်း ဟောပြောကြပါသည်၊
ယင်းနှစ်ဝါဒကို အထောက်အထားခိုင်လုံစွာဖြင့် အဆုံးအဖြတ်ပေးပါရန် တောင်းပန်လျှောက်ထားပါသည်ဘုရား။----


အဖြေ=== အရှင်စုန္ဒဟာ သူ့ရဲ့ နောင်တော်ကြီး အရှင်သာရိပုတ္တရာ ပရိနိဗာန်ဝင်စံတော်မူပြီးနောက် ကြွင်းကျန်တဲ့ ဓာတ်တော်များကို ရေစစ်အတွင်း ထည့်ြ့ပီး နာလကရွာက သာဝတ္ထိပြည်ကို ဆောင်ယူခဲ့တယ်။ သာဝတ္ထိပြည် ဇေတ၀န် ကျောင်းကို ရောက်တော့ သူ့ရဲ့ ဥပဇ္ဈာယ်ဆရာဖြစ်တဲ့ အရှင်အာနန္ဒာထံ အကြောင်းအကျိုး လျှောက်ထားပြီး အပ်တယ်။ အရှင်အာနန္ဒာက ဓာတ်တော်ထည့်တဲ့ ရေစစ်ကို ဆောင်ယူပြီး အရှင်စုန္ဒနှင့်အတူ ဘုရားရှင်ထံ ရေစစ်နှင့်တကွ ဓာတ်တော်တွေကို အပ်တယ်။

ဘုရားရှင်က လက်တော်ကို ဆန့်တန်းပြီး ဓာတ်တော် ရေစစ်ကို ခံယူတယ်။ ခံယူပြီးတော့ လက်ဖ၀ါးအပြင်မှာ တင်ထားပြီး အရှင်သာရိပုတ္တရာရဲ့ ဂုဏ်များကို ပေါ်လွင်ထင်ရှားစွာ ထုတ်ဖော်ကာ ဓာတ်တော်များကို ရှိခိုးစေတယ်။ ပြီးတော့မှ ရှင်သာရိပုတ္တရာရဲ့ ဓာတ်တော်များကို စေတီ တည်စေတယ်။ ထို့အတူ ရှင်မဟာမောဂ္ဂလ္လာန်စသော ရဟန္တာများရဲ့ ဓာတ်တော်များကိုလည်း ဓာတုစေတီ တည်ထားစေတယ်။

ဘုရားရှင်ပရိနိဗာန်စံလွန်တော်မူပြီးတဲ့နောက် အရှင်အာနန္ဒာပရိနိဗာန်စံဝင်ချိန်နီးတော့ ရောဟိနီမြစ်ရဲ့အထက် ကောင်းကင်အလယ် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူပြီး ငါ၏ကိုယ်သည် အလယ်မှ ထက်ခြမ်းကွဲ၍ မြစ်ရဲ့ ဟိုဘက် သည်ဘက်ကမ်းကျစေသတည်းလို့ အဓိဋ္ဌာန်တော်မူတဲ့အတိုင်း ဓာတ်တော်များ ဟိုဘက်သည်ဘက် ကွဲပြီး ကျတယ်၊ အခုပြောခဲ့တာက ရဟန္တာများရဲ့ ဓာတ်တော်ကျပုံများ ဖြစ်သကွယ့်၊ ဘုရားရှင်ရဲ့ ဓာတ်တော်ကျပုံကို ပြောကြဦးစို့”
“မိန့်တော်မူပါဘုရား“
“ကျမ်းမှာ ဆိုတာက သက်တော်ရှည်တဲ့ ဘုရားရှင်များရဲ့ ဓာတ်တော်ဟာ ဖရိုဖရဲ မကွဲဘဲ ရွှေခဲရွှေတုံးကြီးလို  ဓာတ်တော်တစ်ဆူတည်းသာ ကျန်သတဲ့၊ သက်တော်တိုတဲ့ ဂေါတမဘုရားကျတော့ ဓာတ်တော်တွေ ဖရိုဖရဲ ပြိုကွဲပြီး ကျသတဲ့။ ဘုရားရှင်များရဲ့ ဓာတ်တော် ဘာကြောင့် နှစ်မျိုးကွဲရသလဲဆိုတော့ သက်တော်ရှည် ဘုရားရှင်များဟာ လောက အတွင်း အချိန်ကြာကြာနေတော်မူကြရတဲ့အတွက် ကျွတ်သင့် ကျွတ်ထိုက်တဲ့သတ္တ၀ါများကုန်အောင် ချေချွတ်တော်မူနိုင်ကြ တယ်။ ဘုရားရှင်ပရိနိဗာန်ဝင်စံချိန်ကျတော့ ချေချွတ်ဖို့ ပရိသတ်မရှိသလောက် ကုန်နေပြီ၊ ကျန်တဲ့ သတ္တ၀ါတွေက ဘုရားချွတ်လို့ ကျွတ်မည့်သတ္တ၀ါတွေ မဟုတ်ကြဘူး။ ဘုရားရဲ့ ဝေနေယျတွေ မဟုတ်ကြဘူး၊ ဒါကြောင့် ဘုရားရှင်ရဲ့ ကိုယ်စား ဓာတ်တော်များများ မချန်တော့ဘဲ တစ်ဆူတည်းသာ ကျန်ရစ်စေသတဲ့။

သက်တော်တိုတဲ့ ဘုရားများကတော့ လောကအတွင်း ဘုရားအဖြစ်နှင့် ကျင်လည်နေရတာ အလွန်အချိန် တိုတယ်။ အချိန်တိုလွန်းတဲ့အတွက် ချေချွတ်သင့်တဲ့ သတ္တ၀ါတွေ ကုန်အောင် မချေချွတ်နိုင်ဘူး။ ဘုရားရှင်ပရိနိဗာန်ဝင်စံပြီးတဲ့နောက် ချေချွတ်ရဦးမည့် သတ္တ၀ါတွေ အများအပြား ကျန်ရစ်ခဲ့ကြတယ်။ အဲဒီကျန်ရစ်ကြတဲ့ ဝေနေယျသတ္တ၀ါများအတွက် ဘုရားရှင်ရဲ့ ကိုယ်စား ဓာတ်တော်အများအပြားကျန်ဖို့ အဓိဋ္ဌာန်တော်မူတဲ့အတွက် ဓာတ်တော်များအစိတ်အစိတ် ဖရိုဖရဲ ပြိုကွဲကျန်ရစ်ကြသတဲ့ကွယ်”

“စကားစပ်မိလို့ ဖြတ်ထိုးလျှောက်ပါရစေဦးဘုရား"
“လျှောက်ပါလေ ဘာများလျှောက်ထားချင်တာတုံး”
“သက်တော်တိုတဲ့ ဘုရားရှင်များဟာ အချိန်နည်းတဲ့အတွက် ဝေနေယျကုန်အောင် မချွတ်နိုင်ဘူးဆိုတော့ ဘုရားတစ်ဆူ တစ်ဆူလျှင် ဝေနေယျပေါင်း မည်မျှ ချွတ်သင့်တယ်ဆိုတာကော ကျမ်းလာစကား ရှိပါသလားဘုရား”

“အင်း--ရှိပါရဲ့၊ သောတတ္ထကီဆိုတဲ့ ကျမ်းမှာ -
စတုဝီသတိ အသင်္ချေယျေ၊ သဋ္ဌိယော စေ၀ ကောဋိယော။
ပါဏာနိ သတသဟဿာနိ၊ ဧကော ဗုဒ္ဒေါ ပမောစယိ။
ပြထားသကွယ့်။ ဘုရားတစ်ဆူလျှင် နှစ်ဆယ့်လေး-အသင်္ချေ၊ ကုဋေခြောက်ဆယ်၊ ဗိုလ်ခြေတစ်သိန်းမျှလောက်ကုန်သော၊ သတ္တ၀ါတို့ကို ကယ်တင်ချေချွတ်တော်မူမြဲဖြစ်တယ်လို့ ဆိုလိုတယ်ကွယ့်”။
“ဒီလိုဆို တပည့်တော်များရဲ့ ဂေါတမဘုရားရှင်ဟာ ပရိသတ်ပေါင်း ဘယ်လောက်ချွတ်သွားပြီး ပရိသတ်ပေါင်းဘယ်လောက် ကျန်သေးသတဲ့လဲဘုရား”
“ဂေါတမဘုရားဟာ ကိုယ်တော်တိုင် ချေချွတ်သွားတဲ့ ပုဂ္ဂိုလ်ပေါင်း နှစ်ဆယ့်လေးအသင်္ချေတဲ့”။ ကျန်တဲ့ ဝေနေယျပေါင်းက ကုဋေခြောက်ဆယ်နှင့် ဗိုလ်ခြေတစ်သိန်းတဲ့ကွယ်၊ အဲဒီကျန်တဲ့ဝေနေယျများအတွက် ဂေါတမဘုရားရှင်ဟာ ပရိနိဗာန်ပြုပြီး တဲ့နောက် သာသနာတော်ကိုလည်း ငါးထောင် ထားတော်မူခဲ့တယ်။ ဓာတ်တော်အများအပြားလည်း ချန်ထားတော်မူခဲ့ခြင်း ဖြစ်တယ်ကွယ့်။

“ဘုရားရှင်ရဲ့ကိုယ်စား အဓိဋ္ဌာန်ထားတော်မူခဲ့တဲ့ ဓာတ်တော်ပေါင်း ဘယ်လောက်ရှိပါသလဲဘုရား“
“အေးကွယ့်- မေးမှတော့ စုံအောင်ပဲ ပြောကြပါစို့။ ဗုဒ်ဓ၀ံသပါဠိတော် ဓာတုဇနိယကထာမှာ ဘယ်လိုဟောသလဲဆိုတော့ ဂေါတမဘုရားရှင်ဟာ ကုသိနာရုံမြို့မှာ ပရိနိဗ္ဗာန်စံလွန်တော်မူတယ်။ ဘုရားရှင်ရဲ့ ဓာတ်တော်များဟာ ထိုထိုအရပ်များကို ပြန့်နှံ့သွားတယ်။ ဘုရားရှင်ပရိနိဗာန်ဝင်စံပြီးမကြာမီပင် ဓာတ်တော်များကို ဌာပနာကြပြီး

(၁) ရာဇဂြိုဟ်မှာ စေတီတစ်ဆူ၊ (၂)ဝေသာလီမှာ တစ်ဆူ၊
(၃)ကပိလ၀တ်မှာ တစ်ဆူ၊ (၄)အလ္လကပ်ပမှာ တစ်ဆူ၊
(၅)ရာမရွာမှာ တစ်ဆူ၊ (၆)ဝေဌဒီပတိုင်းမှာ တစ်ဆူ၊
(၇) မလ္လတိုင်း ပါဝေယျကမြို့မှာ တစ်ဆူ၊
(၈) ကုသိနာရုံမြို့မှာ တစ်ဆူ ပေါင်းစေတီတော် ရှစ်ဆူ ဖြစ်ထွန်းလာတယ်။ အဲသည်နောက် ဒေါဏပုဏ်ဏားဓာတ်တော်ခြင်အိုးကို ဌာပနာတည်တဲ့ ကုမ္ဘစေတီဖြစ်လာတယ်။ အဲသည်နောက် စန္ဒကူးမီးသွေး များကို ဌာပနာပြီး တည်ထားတဲ့ အင်္ဂါရစေတီဖြစ်လာတယ်။ အားလုံးပေါင်း စေတီတော်ဆယ်ဆူ ပွားခဲ့တာပေါ့။ စေတီတော် ဆယ်ဆူအနက် ကုမ္ဘစေတီနှင့် အင်္ဂါရစေတီမှ တပါး စေတီတော်ရှစ်ဆူမှာ စံပျော်တဲ့ ဓာတ်တော်များက အစိတ်စိတ် ကွဲပျက် ခြင်းရှိတဲ့အတွက် သမ္ဘိန္နဓာတ်တော်လို့ ခေါ်တယ်။

သင်းကျစ်တော်ရယ် စွယ်တော်လေးဆူရယ် ညှပ်ရိုးတော်နှစ်ဆူရယ် သည်ဓာတ်တော်ခုနစ်ပါးကတော့ မကွဲမပျက် ပကတိ အတိုင်း တည်တဲ့အတွက် အသမ္ဘိန္နဓာတ်တော်လို့ ခေါ်တယ်။ သမ္ဘိန္နဓာတ်တော်ထဲက အကြီးဆုံးဓာတ်တော်ဟာ ပဲနောက်စေ့ လောက်ရှိတယ်။ အရောင်က ရွှေရောင်အဆင်းရှိတယ်။ အခြင့်ပမာဏကတော့ ငါးပြည်ရှိတယ်။ အလတ်စား ဓာတ်တော်များက ဆန်ကျိုးစေ့ခန့်ရှိတယ်။ အရောင်က ပုလဲရောင်၊ အခြင့်ပမာဏကတော့ ငါးပြည်သားရှိတယ်။ အငယ်ဆုံး ဓာတ်တော်များက မုန်ညင်းစေ့လောက်ရှိတယ်။ အရောင်က ချယားစေ့ရောင် (သို့မဟုတ်) မြတ်လေးငုံရောင်၊ အခြင့်ပမာဏက ခြောက်ပြည်သားရှိတယ်။ အားလုံး ဓာတ်တော်များကို စုပေါင်းလိုက်လျှင် တစ်ဆယ့်ခြောက်ပြည်သား (သို့မဟုတ်) တစ်တင်းတိတိ ရှိတယ်။ သည်တစ်တင်းဆိုတာက ကုသိနာရုံပြည်မှာ သုံးတဲ့ တင်းတဲ့ကွယ်၊ ကုသိနာရုံမှာ သုံးတဲ့ တင်းဟာ ပကတိတင်းထက် ထက်ဝက်ကြီးသတဲ့။ ဒါကြောင့် ပကတိတင်းနဲ့ဆိုရင် ဓာတ်တော်နှစ်တင်းကျန်ရစ်သတဲ့။ စိတ်အားဖြင့် ဆိုလျှင် ရှစ်စိတ်ကျန်ရစ်သတဲ့။ ဒါကြောင့် လယ်တီဆရာတော်ရဲ့ ခုနစ်နေ့ဘုရားရှိခိုးလင်္ကာမှ--

“ရှင်စောဥာဏ်စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇော်သည်၊ မွေတော်ရှစ်စိတ်ကြွင်းတယ်ကို”-လို့ ရေးဖွဲ့တော်မူ တာပေါ့”။  
“မှန်ပါ၊ သည်လိုဆိုရင် ဘုရားရှင်ရဲ့ ဓာတ်တော်များဟာ ပုံစံအားဖြင့် မုန်ညင်းစေ့လို ဆန်စေ့လို ပဲနောက်စေ့လို လုံးလုံးလေးတွေ ရှည်မျောမျောလေးတွေ နေမှာပေါ့ဘုရား”။
“အဓိဋ္ဌာန်လို့ ဖြစ်ပေါ်လာတာဆိုတော့ ဘုရားရှင်အဓိဋ္ဌာန်တော်မူတဲ့အတိုင်း ဖြစ်မှာပေါ့ကွယ်။ ဒါက အဓိကမဟုတ် ပါဘူး။ အဓိကပြောချင်တာက ဘုရားရှင် ခန္ဓပရိနိဗ္ဗာန်ဝင်စံပြီး ခန္ဓာကိုယ်ကို မီးသင်္ဂြိုဟ်လိုက်တော့ ပကတိလူသားများလို အရိုးအတိုင်း မကျဘူး။ အရိုးအသားများဟာ အဓိဋ္ဌာန်ချက်အတိုင်း အစိတ်အစိတ်ဖြစ်ပြီး ကျတယ်။



ဘုရားရှင်ဟာ အဓိဋ္ဌာန်တော်မူသည့်အတိုင်း ဓာတ်တော်အစိတ်အစိတ်ဖြစ်ပြီး ကျတယ်။ ရဟန္တာများမှာလည်း အဓိဋ္ဌာန်တော်မူခဲ့လျှင် ဘုရားရှင်လိုပင် ဓာတ်တော်အစိတ်စိတ် ကျသင့်တာပါပဲ။ ရှင်အာနန္ဒာဝတ္ထုမှာ ကြည့်လေ။ အဓိဋ္ဌာန် တော်မူခဲ့တော့ အဓိဋ္ဌာန်ချက်အတိုင်း ခန္ဓာနှစ်ခုကွဲပြီး ကျခဲ့တယ်မဟုတ်လား၊

ဒါကြောင့် ဆဠာဘိညရဟန္တာပုဂ္ဂိုလ်ဟာ ပရိနိဗ္ဗာန်ဝင်စံခါနီး အဓိဋ္ဌာန်တော်မူခဲ့လျှင် ဓာတ်တော်အစိတ်စိတ် ကျမယ်လို့ ဖြေဆိုရမယ်။ အကယ်လို့ အဓိဋ္ဌာန်ချက် မရှိခဲ့လျှင် ပကတိအရိုးသာ ကျမယ်၊

အစိတ်စိတ်ဖြစ်ပြီး ကျမှာမဟုတ်ဘူး။ များသောအားဖြင့် ရဟန္တာဟာ ဗုဒ္ဓဘုရားရှင်လို သာသနာတော် တည်ထောင်ခဲ့တဲ့ပုဂ္ဂိုလ်မဟုတ်ဘူး။ ဘုရားရှင်ရဲ့ သာသနာအရိပ်မှာ တာဝန်နည်းပါးစွာ ကျွတ်တမ်းဝင်တဲ့ ပုဂ္ဂိုလ်မို့ ဝေနေယျကျန်သတ္တ၀ါများကို ငဲ့ဖို့ မရှိဘူး။ ငါ့ခန်ဓာဟာ ဓာတ်တော်အစိတ်စိတ်ဖြစ်ပြီး ငါ့ရဲ့ ဝေနေယျများ ကိုးကွယ်ရာဖြစ်ပါစေလို့ ကျန်ဝေနေယျများအတွက် အဓိဋ္ဌာန်ဖို့ မရှိဘူး။ ဒါကြောင့် ရဟန္တာပုဂ္ဂိုလ် ပရိနိဗ်ဗာန်စံလွန်ပြီး တဲ့နောက် မီးသင်္ဂြိုဟ်ပြီးလျှင် ဓာတ်တော်အစိတ်စိတ်မကျပါဘူး။ အရိုးသာ ကျပါတယ်။ အမှန်ကတော့ ဓာတ်ဆိုတဲ့ မြန်မာ သဒ္ဒါဟာ (ဓာတု) ဆိုတဲ့ ပါဠိပျက်ဖြစ်တယ်ကွယ့်။ ဓာတုဆိုတဲ့ ပါဠိသဒ္ဒါက ဘယ်အနက်ကို ဟောသလဲဆိုတော့ -အဘိဓာနပဒီပိကာပါဌ် ဂါထာနံပါတ် (၈၁၇) မှာ
သေမှာဒေါ ရသရတ္တာဒေါ၊ မဟာဘူတေ ပဘာဒိကေ။
ဓာတု ဒွီသွဋ္ဌိ စက္ခာဒိ-ဘွာဒီသု၊ ဂေရုကာဒိသု။
လို့ ဓာတုသဒ္ဒါဟောနိုင်တဲ့အနက်များကို ပြထာသတဲ့ကွယ်။

“ဓာတုသဒ္ဒါဘယ်လိုအနက်များဟောနိုင်ပါသတဲ့လဲဘုရား“။
“ဓာတုသဒ္ဒါ ဟောနိုင်တဲ့ အနက်များက
(၁) သလိပ်သည်းခြေလေဆိုတဲ့ သန္နိပါတ်ဓာတ်ကိုလည်း ဟောနိုင်တယ်။
(၂) အကြောအသွေး အသားအဆီ အရိုး သုက် ခြင်ဆီဟူသော သာရီရိကဓာတ်ခုနစ်ပါးကိုလည်း ဟောနိုင်တယ်။
(၃) ပထ၀ီ အာပေါ တေဇော ၀ါယော အာကာသ ဆိုတဲ့ မဟာဘုတ်ဓာတ်ကိုလည်း ဟောနိုင်တယ်။
(၄) ရူပဓာတ် သဒ္ဒဓာတ် ဂန္ဒဓာတ် စတဲ့ ၀ိသယဓာတ်များကိုလည်း ဟောနိုင်တယ်။
(၅) အရိုးဓာတ်ကိုလည်း ဟောနိုင်တယ်။
(၆) စက္ခုဓာတ် သောတဓာတ်စသော ဓာတ်တစ်ဆယ့်ရှစ်ပါးကိုလည်း ဟောနိုင်တယ်။
(၇) ဘူဓာတ် ပစဓာတ် စသော သဒ္ဒါဓာတ်များကိုလည်း ဟောနိုင်တယ်။
(၈) ဂွေ့နီ သံကျောက် မြင်းသီလာ ဆေးဒါန်းစသော  အဂ္ဂိယတ်ဓာတ်များကိုလည်း ဟောနိုင်တယ်။
သည်လိုအနက်အမျိုးမျိုးဟောရာက ယခုဓာတ်တော်ဆိုတဲ့ ဓာတုသဒ္ဒါက (အရိုး) ဆိုတဲ့ အနက်ကို ဟောတယ်။

လူရိုး သားရိုးစသော အရိုးဟောတဲ့ ပါဠိပုဒ်ဟာ ဓာတုဆိုတဲ့ပုဒ်နဲ့ အဋ္ဌိဆိုတဲ့ ပုဒ်နှစ်ပုဒ်ရှိကြောင်းကို အဘိဓာန်ဂါထာ နံပါတ် (၂၇၈) မှာ “ပဏ္ဍကေ အဋ္ဌိ ဓာတွိတ္ထီ”လို့ ပြဆိုထားတယ်။ ဒါကြောင့် ဓာတု-ဓာတ်တော်ဆိုတာဟာ အမှန်တကယ်တော့ အရိုးပါပဲ။ အရိုးရှိတဲ့သတ္တ၀ါမှန်လျှင် ဘယ်ပုဂ္ဂိုလ်ပင်ဖြစ်စေ ကွယ်လွန်ပြီးတဲ့နောက် အရိုးကျန်မှာ ချည်းပါပဲ။ ဒါကြောင့် ဓာတ်တော်ကျတယ်ဆိုတာဟာ အရိုးကျခြင်းကို ဆိုလိုပါတယ်။ အခုလူများထင်နေကြတာက ဓာတ်တော်ဆိုတာ ဘုရားရှင်ရဲ့ ဓာတ်တော်လို အစိတ်စိတ်အလုံးလုံးတွေလို့ ထင်နေကြတာကိုး။ ရဟန္တာရဲ့ဓာတ်တော်ဟာ ဘုရားရှင်ရဲ့ ဓာတ်တော်လို အလုံးလုံးမဟုတ်ပါဘူး။ ရိုးရိုးလူအရိုးအတိုင်းပါပဲ။ အေးလေ- အရှင်အာနန္ဒာတို့လို ပရိနိဗ်ဗာန် စံလွန်ခါနီး အဓိဋ္ဌာန်ပြုခဲ့လျှင်ဖြင့် အစိတ်စိတ်အလုံးလုံးကလေးတွေ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။
များစွာသောရဟန္တာအရှင်မြတ်တို့ကတော့ ငါ့ခန်ဓာသည် ဓာတ်တော်အစိတ်စိတ်ဖြစ်ပါစေလို့ အဓိဋ္ဌာန်ခြင်း မရှိကြ ပါဘူး။ အဓိဋ္ဌာန်ခြင်းမရှိတဲ့အတွက် မီးပူဇော်တော့ ပကတိအရိုးသာ ကျပါတယ်။ အများထင်သလို ဓာတ်တော်အစိတ်စိတ် မကျပါဘူး။ သည်နေရာမှာ သတိမူဘို့ ပြောလိုက်ရအုံးမယ်ကွဲ့“

“မှန်ပါ အမိန့်ရှိပါအုံးဘုရား”
အဓိဋ္ဌာန်ခြင်းမပြုခဲ့သော်လည်း ပကတိရဟန္တာများကို မဆိုထားဘိ၊ ရှင်ပစ္စေကဗုဒ်ဓာများသော်လည်း ပရိနိဗ်ဗာန် စံလွန်တော်မူပြီးနောက် အများထင်သလို အစိတ်စိတ်ဓာတ်တော်လုံးကလေးတွေ  မကျပါဘူး။ ပကတိသောအရိုးသာ ကျပါတယ်”
“ဟုတ်လားဘုရား၊ သည်အကြောင်း ကျမ်းဂန်လာရှိပါသလားဘုရား”။
“ရှိတာပေါ့ကွယ်၊ သုတ္တနိပါတ် ဋ္ဌ၊ ပ၊ စာမျက်နှာ (၁၁၇) ဇီဝိတသင်္ခယဂါထာအဖွင့်မှာ ရှိတယ်ကွယ့်”။
“အဲဒီအဖွင့်ကို အမိန့်ရှိပါအုံးဘုရား”
“ဂေါတမဘုရား ထင်ရှားပွင့်လုခါနီးမှာ မာတင်္ဂအမည်တော်ရှိတဲ့ ရှင်ပစ္စေကဗုဒ်ဓာဟာ ရာဇဂြိုဟ်ပြည်ကို ဆွမ်းခံရာပြုပြီး သီတင်းသုံးစံနေတော်မူသတဲ့။ သည်အချိန်မှာ အလောင်းတော်သိဒ်ဓတ္ထမင်းသားလည်း မယ်တော်မာယာရဲ့ ၀မ်းမှာ ပဋိသန္ဒေတည်နေတယ်။ နတ်ပေါင်းများစွာဟာ အလောင်းတော်ကိုပူဇော်ဖို့ လာကြစဉ် မာတင်္ဂပစ္စေကဗုဒ်ဓာကို မြင်တွေ့ကြတော့ အရှင်ဘုရား ယခုအခါ ဘုရားအလောင်းပဋိသန္ဒေတည်နေပါပြီလို့ လျှောက်ထားကြသတဲ့။ ရှင်ပစ္စေက ဗုဒ်ဓာဟာ နိရောဓသမာပတ်မှ ထတော်မူစဉ် နတ်များလျှောက်ကြားသွားတဲ့ စကားကို ကြားလိုက်သတဲ့။ ဒါကြောင့် မိမိရဲ့ အသက်အပိုင်းအခြားကို ကြည့်လိုက်တော့ သက်တမ်းကုန်နေတာကို တွေ့ရတယ်။

ဒီနေရာမှာ စကားဖြတ်ထိုး ပြောရအုံးမယ်။ သည်ဇမ်ဗူဒိပ်ကျွန်းဟာ ဘုရားပွင့်သည်ဖြစ်စေ မပွင့်သည်ဖြစ်စေ ရဟန္တာတို့မှ ဆိတ်သုဉ်းတယ်လို့ မရှိဘူး။ ဘုရားပွင့်ရာသာသနာတော်ကာလမှာ အာသဝေါကုန်တဲ့ ပုဂ္ဂိုလ်ကိုတော့ ရဟန္တာလို့ ခေါ်တယ်။ ရဟန္တာဟာ ဘုရားသာသနာရိပ်ကို ခိုပြီး ဘုရားရှင်ဟောတဲ့ သစ္စာတရားတော်အတိုင်း လိုက်နာကျင့်သုံးလို့ အာသဝေါ ကုန်ခမ်းသွားသူဖြစ်တယ်။ သာသနာပမှာ အာသဝေါကုန်သူကိုတော့ ပစ္စေဗုဒ်ဓာလို့ ခေါ်တယ်။ ပစ္စေကဗုဒ်ဓာက တော့  သစ္စာတရားကို ဘယ်သူ့ထံမှ နာယူတာမဟုတ်ဘူး။ မိမိဘာသာ ထိုးထွင်းပြီး သိတော်မူတာဖြစ်တယ်။ ဘုရားရှင်ရဲ့ သာသနာတော်ကာလမှာ မိမိဘာသာတရားပေါက်သော (ပစ္စေကဗုဒ်ဓာ) ရယ်လို့ မရှိစကောင်းဘူး။ ဧကရာဇ်မင်းရဲ့ တိုင်းနိုင်ငံမှာ အခြားမင်းတစ်ပါး မရှိကောင်းသလိုပေါ့။ ဒါပေသိ ခုခေတ်ကာလမှာ အချို့သောဓမ္မကထိကများက ပြောကြသတဲ့ကွယ်”။

“ဘယ်လိုပြောသတဲ့လဲဘုရား”
“သူပြောပုံက သည်လိုတဲ့ကွယ်”
“ငါတို့က အခြားဓမ္မကထိကများလို စာတွေ နင်းကန်ကျက်ပြီး စာပြန်နေတာ မဟုတ်ဘူး။ ကိုယ့်ဥာဏ်နဲ့တွေ့ထိတဲ့ တရားစစ်တရားမှန်ကိုသာ ဟောပြခြင်း ဖြစ်ပါသတဲ့“။
ဒီလိုပြောသတဲ့လားဘုရား။
အေးကွယ့် ဒီလိုပြောတယ်ဆိုကြတာပဲ။
သည်လိုပြောရိုးမှန်လျှင်တော့ သည်ဓမ္မကထိကဟာ ဗုဒ်ဓသာသနာတွင်းက ဓမ္မကထိကမဖြစ်သင့်ဘူး။ သာသနာရဲ့ ပြင်ဘက်က ဓမ္မကထိကလို့သာ ဆိုသင့်တာပေါ့။
အေးအေး ဆိုသင့်တာပ။

အမှန်ကတော့ ဘုရားရှင်ရဲ့သာသနာတော်ကာလအတွင်းမှာ ဘုရားရှင်ရဲ့ အဆုံးအမပိဋကတ်စာပေကို လွှတ်ပြီး ကိုယ်ပိုင်အသိဖြင့် မဂ်ဖိုလ်သိဖို့ဆိုတာ လုံးဝ မဖြစ်သင့်ဘူး။ ကိုယ်ပိုင်အသိဥာဏ်နှင့် သိနိုင်တဲ့ ရှင်ပစ္စေကဗုဒ်ဓာဆိုတာ သာသနာတော်တွင်းမှာ မရှိဘူး။ သာသနာပကာလမှာသာ ရှိနိုင်တယ်။ ဒါကြောင့် မာတဂၤရွင္ပေစၥကဗုဒ္ဓာဟာ ဗုဒ္ဓကာလ အထိ  သက်တမ်းရှည်ကြာဖို့ အခွင့်မရှိဘူး။ နေထွက်ချိန်အခါ တခြားအရောင်များကွယ်ပျောက်ရသလို ဗုဒ်ဓသာသနာတော် နှင့် ထိတွေ့ချိန်နီးလာတော့ မာတင်္ဂရှင်ပစ္စေကဗုဒ်ဓာရဲ့ သက်တမ်းလဲ ကုန်သွားရတယ်။ မာတင်္ဂရှင်ပစ္စေကဗုဒ်ဓာဟာ သက်တမ်းကုန်နေတဲ့ မိမိခန်ဓာကိုယ်ကို စွန့်ပစ်ဖို့ ရှင်ပစ္စေကဗုဒ်ဓာများ ခန်ဓာတော်ချရာ ဟိမ၀န္တာတောင် မဟာပပါတ ချောက်ကမ်းပါးကြီးရှိရာကို ကောင်းကင်ခရီးက ကြွလာတယ်၊ ချောက်ကမ်းပါးကြီးဆီရောက်တော့ ရှေးက ခန်ဓာဝန်ကို စွန့်ချ သွားကြရှာတဲ့ ရှင်ပစ္စေကဗုဒ်ဓာများရဲ့ အရိုးစု ဓာတ်တော်များကို ချောက်ကမ်းပါးအောက် ပစ်ချတော်မူပြီး ကျောက်ဖျာအပြင် မှာ ထိုင်တော်မူကာ
ရာဂဉ္စ ဒေါသဉ္စ ပဟာယ မောဟံ၊ သန္ဒာလယိတွာန သံယောဇနာနိ။
အသန္တသံ ဇီဝိတသင်္ခယောမှိ၊ ဧကော စရေ ခဂ္ဂ၀ိသာဏကပေါ။ (သတ္တ၊ ဋ္ဌ၊ ပ။ ၁၁၆-၁၁၇။) လို့ ဥဒါန်းကျူးရင့်တော်မူ သတဲ့။
အနက်= အဟံ-ငါသည်၊ ရာဂဉ္စ-ရာဂတရားကိုလည်းကောင်း၊ ဒေါသဉ္စ-ဒေါသတရားကိုလည်းကောင်း၊ မောဟဉ္စ-မောဟတရားကိုလည်းကောင်း၊ ပဟာယ-ပယ်စွန့်ပြီး၍၊ သံယောဇနာနိ-သံယောဇဉ်ကြိုးများကို၊ သန္ဒာလယိတွာန-ဖြတ်တောက်ဖျက်ဆီး၍၊ အသန္တသံ-ငြိမ်းခြင်းကြီး ငြိမ်းရသည်ဖြစ်၍၊ ဇီဝိတသင်္ခယော-အာယုသင်္ခါရကုန်ဆုံးသည်၊ အမှိ-ဖြစ်ရတော့အံ့။ မာဒိသော-ငါကဲ့သို့သောဖြစ်လိုသောသူသည်၊ ခဂ္ဂ၀ိသာဏကပေါ-ကြံ့ချိုနှင့်တူစွာ၊ ဧကော-တစ်ယောက်တည်း တည်း၊ စရေ-ကျင့်ရာ၏။

မာတင်္ဂရှင်ပစ္စေဗုဒ္ဓါဟာ သည်ဥဒါန်းဂါထာကို ကျူးရင့်တော်မူပြီး ဥဒါန်းဂါထာတော်ရဲ့ အဆုံးမှာ ပရိနိဗ်ဗာန်ဝင်စံ တော်မူသတဲ့။ သည်နေရာမှာ သတိပြုစရာက ယခုပရိနိဗ်ဗာန်ဝင်စံတော်မူတဲ့ မာတင်္ဂရှင်ပစ္စေကဗုဒ်ဓာဟာ နောက်ဆုံး ရှင်ပစ္စေကဗုဒ်ဓာဖြစ်တယ်။ မာတင်္ဂရှင်ပစ္စေကဗုဒ်ဓာရဲ့အထက် မြောက်မြားလှစွာသော ရှင်ပစ္စေကဗုဒ်ဓာများဟာ ဟိမ၀န္တာ တောင်ခါးပြတ်မှာချည်း ပရိနိဗ်ဗာန်ဝင်စံတော်မူကြတဲ့အတွက်  ရှင်ပစ္စေကဗုဒ်ဓာများရဲ့ အရိုးဓာတ်တော်တွေဟာ အများ အပြားစုပုံနေတယ်။ ယခုမာတင်္ဂရှင်ပစ္စေကဗုဒ်ဓာ ပရိနိဗ်ဗာန်ဝင်စံမည်ဆိုတော့ ခန္ဓာချစရာမရှိအောင် အရိုးစု ဓာတ်တော် တွေ ထပ်နေတယ်။ ဒါကြောင့် ခန်ဓာချဖို့ရာ နေရာရအောင် ရှေးက အရိုးစုများကို ချောက်တွင်း ချပစ်ရခြင်း ဖြစ်တယ်။

ရဟန္တာငါးရာတို့၏ ဓာတ်တော်များ
သည်နေရာမှာ စကားစပ်ရတာနဲ့ ရဟန္တာငါးရာတို့ရဲ့ ဓာတ်တော်များအကြောင်း ကြားညှပ်ပြီး ပြောလိုက်ချင်သေး တယ်ကွယ့်။
“ဘယ်က ရဟန္တာငါးရာတို့ရဲ့ အရိုးဓာတ်များပါလဲ အမိန့်ရှိပါအုံးဘုရား”။

“ကောဇာသက္ကရာဇ် ၁၃၄၀-ပြည့်နှစ်၊ ၀ါခေါင်လက ဘုန်းကြီးဆီကို ဒါယကာတစ်ဦး ရောက်လာတယ်ကွယ့်။ ရောက်လာတဲ့ ဒကာက နယ်လှည့်ဆေးဆရာ ဗေဒင်ဆရာကိုး၊ သူ့နာမည်ရင်းက ဦးစံဟိန်းတဲ့။ ဆရာအမည်ကတော့ ဆရာ စံဗလတဲ့ကွယ်။ သူ့ရဲ့ဇာတိက ဂန့်ဂေါမြို့နယ် ကန်ရွာကတဲ့။
“သည်ဒကာက ဆရာတော်ဆီ ဘာကိစ္စရောက်လာတာလဲဘုရား”

“ပြောမှာပေါ့ကွယ်၊ သူရောက်လာတဲ့ကိစ္စက သူဟာ အလောင်းတော်ကဿပဘုရားကို စိတ်ဝင်စားနေသူဖြစ်သတဲ့။ ဒါကြောင့် အလောင်းတော်ကဿပဆီကိုလည်း မကြာမကြာရောက်ပြီး သူတတ်နိုင်တဲ့ ကောင်းမှုများကိုလည်း လုပ်တယ်။ အလောင်းတော်ကဿပနဲ့ ပတ်သက်တဲ့ အကြောင်းများကိုလည်း ရှာဖွေတယ်။ စုဆောင်းတယ်။ သည်လိုနှင့် အလောင်းတော်ကဿပမှာ ၀တ်ပြုနေတာ ဆယ်နှစ်လောက် ကြာသွားပြီတဲ့။ ယခု သူဟာ အလောင်းတော်ကဿပနှင့် ပတ်သက်တဲ့အကြောင်းတွေ အတော်များများ စုဆောင်းမိနေပြီ။ သူစုဆောင်းထားတဲ့ အကြောင်းအရာတွေ ရေးမှတ်ပြီး ဘုန်းကြီးဆီ လာအပ်တာကိုး”။

“ဘာကြောင့် ဘုန်းကြီးဆီ လာအပ်တာလဲဘုရား”။
ဘုန်းကြီးဆီလာအပ်တာက အလောင်းတော်ကဿပ သမိုင်းသစ် ရေးပေးဖို့ပေါ့ကွယ်။ ဘုန်းကြီးလည်း သူ့စာတွေ ကြည့်ပြီး စိတ်ဝင်စားလာတာနဲ့ (ကဿပသမိုင်း) အမည်နှင့် စာတစ်စောင် ပြုစုလိုက်တယ်။ သမိုင်းစာအုပ်က သိပ်မကြီး ပါဘူး။ ဖူးစကတ်နှင့် စာမျက်နှာ တစ်ရာ့နှစ်ဆယ့်သာ ရှိပါတယ်။ သို့သော်လည်း အလုပ်ကိစ္စအကြားမှာ ပြုစုရတာဆိုတော့ ချက်ချင်း မပြီးဘူးပေါ့ကွယ်။ သမိုင်းရေးမပြီးမီ ဆရာစံဗလဟာ မကြာခဏလာပြီး သူ့စာမူပြီးမပြီး မေးတယ်။ စာရေးပြီးတဲ့ နောက်တော့ မပေါ်လာဘူး။ အဲသည်စာမူဟာ ဒို့ထံမှာ သည်အတိုင်း ညဥ့်အိပ်နေတယ်။

အဲသည်စာမူထဲက ထူးဆန်းတဲ့ ရဟန္တာဓာတ်တော်များအကြောင်း ပြောရအုံးမယ်။ အလောင်းတော် ကဿပသမိုင်းဟောင်းအလိုအားဖြင့် အလောင်းတော် ကဿပဟာ တတိယသာဝကဖြစ်တော်မူတဲ့ ရှင်မဟာကဿပရဲ့ အလောင်းလို့ ဖော်ပြထားတယ်။ အရှင်မဟာကဿပဟာ တောတောင်အတွင်း သီတင်းသုံးစံပျော်တော်မူတဲ့ ဧကစာရီပုဂ္ဂိုလ် ဖြစ်တော်မူတဲ့အတိုင်း ခန်ဓာဝန်ကို ချဖို့ ကြည့်လိုက်တော့ လည်း တောတောင်အတွင်းကိုပင် ကြည့်တော်မူတယ်။ ဒါကြောင့် ခန်ဓာဝန်ကို ချဖို့အတွက် မည်သည့်ရဟန်းကိုမျှ အကြောင်းကြားတော်မမူဘဲ တစ်ပါးတည်း ထွက်ခွါတော်မူလာသတဲ့။ သည်အကြောင်းကို တပည့်အပေါင်းငါးရာတို့က သိလို့ ဆရာကြွရာနောက်ကို လိုက်ခဲ့ကြတယ်။ ချင်းတွင်းနယ်မြေရောက် ကြတဲ့အခါ ရဟန်းငါးရာတို့ဟာ အစုနှစ်စုပြုပြီး ဆရာကို ရှာကြသတဲ့။ သည်အကြောင်းကို အရှင်မဟာကဿပက ကြိုတင်သိတော်မူလို့ တပည့်များကို သိစေဖို့ ကျောက်တုံးမှာ ဘုရားရှင်ရဲ့ အဆုံးအမဂါထာများကို ရေးသားထားခဲ့တယ်တဲ့။

တောင်အတက်လမ်းမှာ ရေးသားတော်မူခဲ့တဲ့ဂါထာက-
အတ္တာ ဟိ အတ္တနော နာထော၊ ကော ဟိ နာထော ပရော သိယာ။
အတ္တနာ ဟိ သုဒန္တေန၊ နာထံ လဘတိ ဒုလ္လဘံ။ တဲ့ကွယ်။

သည်ဂါထာက ဓမ္မပဒပါဠိတော် အတ္တ၀ဂ်က လာတဲ့ ဂါထာပါပဲ။ အဓိပ်ပယ်က မိမိသည်သာ မိမိရဲ့ ကိုးကွယ်ရာ ဖြစ်တယ်။ အခြားသူဟာ မိမိရဲ့ ကိုးကွယ်ရာမဟုတ်ဘူး။ မိမိကိုယ်ကို ယဉ်ကျေးအောင် ဆုံးမနိုင်လျှင် ရရန် ခက်ခဲတဲ့ အရဟတ္တဖိုလ်ကို ရနိုင်တယ်လို့ ဆိုလိုတယ်။
တောင်ခြေအောက်လမ်းက လာကြမည့် တပည့်များအတွက်လည်း ဓမ္မပဒပါဠိတော်လာ ဂါထာတစ်ပုဒ်ကို ကျောက်တုံးမှာ ရေးသားတော်မူခဲ့တယ်။
အတ္တဒတ္ထံ ပရတ္ထေန၊ ဗဟုနာပိ န ဟာပယေ။
အတ္တဒတ္ထမဘိညာယ၊ သဒတ္ထပသုတော သိယာ-တဲ့ကွယ်။

သည်ဂါထာရဲ့ အဓိပါယ်က သူတစ်ပါးအကျိုးကြောင့် မိမိရဲ့ အကျိုး မယုတ်စေရဘူးတဲ့။ မိမိရဲ့ အကျိုးကို အထူးသိပြီး မိမိအကျိုးရှိမည့်အလုပ်ကို လုပ်ပါလို့ ဆိုလိုပါတယ်။ တပည့်ရဟန်းတော်များဟာ ဂါထာတော်ရဲ့ အဓိပ်ပါယ်ကို သိတာနဲ့ အချင်းချင်း တိုင်ပင်ကြသတဲ့။ ငါတို့ရဲ့ဆရာဟာ ငါတို့အား သူ့ထံမလိုက်လာစေချင်ဘူး။ ငါတို့လိုက်သွား၍လည်း ငါတို့ရော ဆရာရော ဘာအကျိုးမျှမရှိဘူး။ ဒါကြောင့် ဆရာရဲ့ သြ၀ါဒအတိုင်း သူတပါးအတွက် ကိုယ်ကျိုးပျက်မခံဘဲ ကိုယ်ကျိုးရှိတဲ့ ၀ိပဿနာအလုပ်အားထုတ်ကြစို့လို့ တိုင်ပင်ညီညွတ်ကြပြီး၊ တစ်ခုသောတောအုပ်မှာ အတူတကွ တရားအားထုတ်တော် မူကြရာ ရဟန်းတော်အားလုံး အာသဝေါကုန်ခန်း ရဟန္တာဖြစ်တော်မူကြသတဲ့။ ရဟန္တာဖြစ်ပြီး ရဟန္တာငါးရာလုံး ဆရာဖြစ်သူ အရှင်မဟာကဿပနှင့် တပြိုင်နက် ပရိနိဗ်ဗာန်ဝင်စံတော်မူကြတယ်။ ပရိနိဗ္ဗာန်ဝင်စံတော်မူကြတဲ့ ဌာနက သင်ပေါင်းချောင်း ရဲ့  အနီးမှာ ဖြစ်သတဲ့ကွယ်။ ရဟန္တာပေါင်းငါးရာ ပရိနိဗ်ဗာန်ဝင်စံတော်မူတဲ့အတွက် ခန်ဓာတော်မှ ကြွင်းကျန်တဲ့ အရိုးဓာတ် တော်တွေဟာ လူသူမနီး တောကြီးအလယ်မှာ အများအပြားစုပုံနေသတဲ့။ တောနက်ထဲမှာ ဆိုတော့ ဘယ်သူမျှလည်း စေတီတည်ထားခြင်း မရှိခဲ့ဖူးဘူး။ နှစ်ကာလရှည်ကြာသည့်တိုင်အောင် ဆွေးမြည့်သွားခြင်းမရှိဘဲ အချို့သောအရိုး ဓာတ်များဟာ ကျောက်သားအဖြစ် ရောက်နေတာကိုပင် ဖူးတွေ့ကြရသတဲ့။ အချို့သောအရိုးဓာတ်များလည်း မြေ၌ နစ်မြုပ်ပြီး အချို့အရိုးဓာတ်များကတော့ ခြေဆစ် လက်ဆစ်များတောင် မပြုတ်ဘဲ တည်နေရာက လူကဆွဲကိုင်လိုက်မှ ပြုတ်ကျ သွားကြသတဲ့။

တစ်နေ့တော့ ကျောက်တံခါးရွာက ဒေါ်ဆန်စေ့ ဆိုတဲ့ အမျိုးသမီးကြီးတစ်ယောက်ဟာ မျှစ်ချိုးမှိုကောက်သွားရင်း အဲသည်ဓာတ်တော်အရိုးပုံကြီးကို တွေ့သွားတယ်။ ဒေါ်ဆန်စေ့ဟာ သည်အရပ်မှာ ရဟန္တာများ ပရိနိဗ်ဗာန်ဝင်စံဖူးကြောင်း ပုံပြင်သဘောမျိုး ကြားဖူးတယ်။ ယခုအရိုးပုံကြီးကို မြင်ရတော့ ဤအရိုးပုံဟာ အခြားသောတိရစ္ဆာန်တို့ရဲ့ အရိုးပုံမဟုတ်ဘူး။ ပရိနိဗ်ဗာန်ဝင်စံသော ရဟန္တာများရဲ့ အရိုးပုံသာဖြစ်ရမယ်လို့ သဒ်ဓာတရားဖြစ်ပွားလာပြီး အရိုးများကို တစ်ဖာလုံလောက် ဝေးကွာတဲ့ သင်ပေါင်းချောင်းအနီး အင်ကြင်းပျိုပင်ရှိရာမြေပြန့်ကို ထပ်တလဲလဲ ဆောင်ယူစုပုံထားပြီး ဆီမီး ရေချမ်း ပန်းနံ့သာတို့ဖြင့် မပြတ်ပူဇော်နေသတဲ့။ သည်သတင်းကို ကန္နီမြို့ ဘို့မယ်ချောင် ရွှေသိမ်တော်တောရ ပထမဆရာတော် ဘုရားကြီး ကြားသိတော်မူတော့ အဲသည်ဌာနကို တမန်စေလွှတ်ပြီး ကြွင်းကျန်သောဓာတ်တော်များပါ ရှာဖွေ စုရုံးစေလျက် ၁၃၂၆-ခု၊ တန်ဆောင်မုန်းလပြည့်နေ့အပြီး ဓာတုစေတီ တည်တော်မူစေသတဲ့။ ရွှေသိမ်တော်ဆရာတော်ဆိုတာ (ယောဂီပါရဂူကျမ်း)ကို ပြုစုတော်မူပြီး အများက ရဟန္တာပုဂ္ဂိုလ်ကြီးအဖြစ် အသိအမှတ်ပြုခံရတဲ့ ပုဂ္ဂိုလ်ထူးကြီးဖြစ်တယ်။ ဓာတ်တော်များ ရှာဖွေစုရုံးစေဖို့ စေလွှတ်တဲ့အဖွဲ့ထဲမှာ ဆရာစံဟိန်းလည်း ပါတယ်။ အားလုံး ဓာတ်တော်ရှာအဖွဲ့ဝင် (၁၆)ဦး ဖြစ်သတဲ့။ ဓာတ်တော်ရှာအဖွဲ့ဝင် ပုဂ္ဂိုလ်များက -
၁။ ဦးသောမ  (ကျောက်တံခါးဆရာတော်) သက်တော် ၃၃၊ သိက္ခာတော် ၁၃-၀ါ။
၂။ ကိုရင်ရေ၀တ    အသက် ၁၃-နှစ်
၃။ ကိုရင်စန္ဒန      အသက် ၁၄-နှစ်
၎။ ဦးအောင်ဝ      အသက် ၂၅-နှစ်
၅။ ဦးသန်းရွှေ      အသက် ၃၀-နှစ်
၆။ ဦးအောင်သိုက်   အသက် ၃၄-နှစ်
၇။ ဦးငွေဒေါင်း      အသက် ၂၈-နှစ်
၈။ ဦးတင်ငွေ      အသက် ၂၈-နှစ်
၉။ မောင်စောမောင်   အသက် ၁၈-နှစ်
၁၀။ မောင်ဥာဏ်ဝေ   အသက် ၁၄-နှစ်
၁၁။ မောင်စောမောင်   အသက် ၁၅-နှစ်
၁၂။ မောင်ညိုမောင်   အသက် ၁၂-နှစ်
၁၃။ မောင်သိန်းနိုင်   အသက် ၁၃-နှစ်
၁၄။ မောင်စံမောင်   အသက် ၁၂-နှစ်
၁၅။ မောင်သစ်      အသက် ၁၀-နှစ်
၁၆။ ဆရာဦးစံဟိန်း   အသက် ၄၀-နှစ်

ဓာတ်တော်ရှာအဖွဲ့ (၁၆)ယောက်တို့ဟာ ၁၃၂၆-ခု နယုန်လဆန်း (၁)ရက်နေ့ နံနက်အချိန် ကန္နီမြို့ ရွှေသိမ်တော် တောရက စထွက်ပြီး တောင်ပေါက်ရွာ ဘုန်းတော်ကြီးကျောင်းမှာ ညအိပ်ကြတယ်။ နောက်တစ်ရက်မိုးလင်းလင်းချင်း ခရီးဆက်ကြတော့ ညောင်ပင်လယ်ခေါ်တဲ့ (ကျောက်တံခါးရွာ) ကို နံနက် ၁၀း၀၀ နာရီလောက် ရောက်ကြတယ်။ ကျောက်တံခါးရွာ ဘုန်းတော်ကြီးကျောင်းမှာ အပန်းဖြေပြီး ကျောက်တံခါးဆရာတော်ကျွေးမွေးတဲ့ ခဲဖွယ်ဘောဇဉ်များကို စားသောက်ကြပြီး နာရီပြန်တစ်ချက်လောက်မှာ ဒေါ်ဆန်စေ့ စုပုံထားတဲ့ အရိုးတော်များကို သွားရောက်ဖူးမျှော်ကြတယ်။ အဲသည်နောက် ကျောက်တံခါးဆရာတော်နှင့်အတူ တောနင်းပြီး အရိုးဓာတ်များကို သွားရောက်ဖူးမြော်ကြတယ်။ အဲသည် နောက် ကျောက်တံခါးဆရာတော်နှင့်အတူ တောနင်းပြီး အရိုးဓာတ်များကို နေ၀င်သည့်တိုင်အောင် ရှာဖွေရာ အရိုးဓာတ် ခြောက်ပြည်သားခန့်နှင့် သွားတော်စွယ်တော် အံတော်ပေါင်း (၆၃)ဆူ ရကြသတဲ့။ နောက်တစ်ရက်ဖြစ်တဲ့ နယုန်လဆန်း (၃)ရက်နေ့ ဆက်လက်ရှာကြပြန်ရာ အရိုးဓာတ်သုံးပြည်ခန့်နှင့် သွားတော်ဓာတ် (၄၄)ဆူ ထပ်မံရရှိကြပြန်သတဲ့။ မူလက ဒေါ်ဆန်စေ့ စုဆောင်းထားတဲ့ အရိုးဓာတ်ပေါင်းကတော့ လေးတင်းလောက် ရှိသတဲ့ကွယ့်။ ဒေါ်ဆန်စေ့စုဆောင်းထားသော ဓာတ်တော်များနှင့် နောက်ထပ်ရှာဖွေရရှိသော ဓာတ်တော်များကို စုပေါင်းပြီး ရွှေသိမ်တော်ဆရာတော်ဘုရားက စေတီတည် ထားတော်မူခြင်းဖြစ်တယ်။

ဒီစကားရပ်က ရှင်ပစ္စေကဗုဒ်ဓာနှင့် ရဟန္တာများ ပရိနိဗ်ဗာန်ဝင်စံတော်မူသော အများထင်သလို ဓာတ်တော်များ အစိတ်အစိတ်အလုံးအလုံး မကျဘူး။ အရိုးပကတိအတိုင်း ကျတယ်ဆိုတာ ဖော်ပြတဲ့စကားရပ်ပါဘဲ။
“သည်နေရာမှာ  ရှင်ဗာကုလ ပရိနိဗ်ဗာန်ဝင်စံပုံကို ပြောပြဦးမယ်”။
“မိန့်တော်မူပါဘုရား”
“ဥပရိပဏာသပါဠိတော် သုညတ၀ဂ် ဗာကုလသုတ်မှာ အရှင်ဗာကုလသည် ရဟန်းအပေါင်း၏ အလယ်၌ထိုင်လျက်သာလျှင် ပရိနိဗာန်ဝင်စံ၏လို့ ဟောထားတယ်။ ထိုင်လျက် ဘယ်လိုများ ပရိနိဗာန်ဝင်စံသလဲ ဆိုတာကိုတော့ ဥပရိပဏာသအဋ္ဌကထာ (၁၄၀) မှာ သည်လို ဖွင့်ပြထားတယ်။ ငါအသက်ထင်ရှားရှိနေစဉ် အခြား ရဟန်း တစ်ပါးပါး၏ တာဝန်မဖြစ်ချေ၊ ပရိနိဗာန်ဝင်စံသောငါ၏ ခန်ဓာကိုယ်သည်လည်း ရဟန်းသံဃာ၏ ကြောင့်ကြမှု မဖြစ်မပါစေနှင့်လို့ ဆင်ခြင်တော်မူကာ တေဇောဓာတ်ဝင်စားပြီး ရဟန်းသံဃာ၏ အလယ်၌ ထိုင်လျက်ပင် ပရိနိဗာန်ဝင်စံတော်မူသတဲ့။ ပရိနိဗာန်ဝင်စံတော်မူသည်နှင့်တပြိုင်နက် ခန်ဓာကိုယ်က မီးထွက်ပြီး လောင်ကျွမ်းသွားတယ်။ အရေအသားအသွေးများဟာ ထောပတ်မီးလောင်သလို ကုန်ခမ်းသွားတယ်။ မုလေးငုံအဆင်းရှိတဲ့ အရိုးဓာတ်တော်များသာ ကြွင်းကျန်သတဲ့။

သည်နေရာမှာ “သုမနမကုသလသဒိသာ ဓာတုယောဝ အ၀သေသိံသု”ဆိုတဲ့ ပါဌ်မှာ ပါဝင်တဲ့ (ဓာတုယော) ဆိုတဲ့ပုဒ်ကို နာမသတ်အားဖြင့် ဓာတ်တော်လို့ ဘာသာပြန်ကြတယ်။ အမှန်ကတော့ ဓာတု-ဓာတ်ဆိုတာ (အရိုး)လို့ ဆိုလိုရင်း ဖြစ်တယ်ကွယ့်။ ဒါကြောင့် အဓိဋ္ဌာန်ချက်ကြောင့် အရိုးတွေ ကြေမွပြီး အလုံးအလုံး အစိတ်အစိတ်ဖြစ်လာ သည်ကိုပင်ဖြစ်စေ၊ အလုံးအလုံး မဖြစ်ဘဲ ပကတိအရိုးအတိုင်း ကျသည်ပင်ဖြစ်စေ၊ ဓာတုဆိုတဲ့ပုဒ်က အရိုးကို ဟော တဲ့အတွက်(ဓာတ်တော်ကျတယ်)လို့ပင် ခေါ်ဆိုနိုင်ပါတယ်”။

“သည်လိုဆို ပုထုဇဉ်ကွယ်လွန်လျှင်လည်း အရိုးကျတယ်။ ရဟန္တာပရိနိဗာန်ဝင်စံတော်မူတော့လည်း အရိုးပဲ ကျတယ်။ အရိုးကျတာချင်းအတူတူမို့ ပုထုဇဉ်နှင့် ရဟန္တာဘယ်လိုခွဲခြားပြီး သိနိုင်မှာလဲဘုရား”။
“အေးကွယ့်၊ ရုတ်တရက်တော့ မသိနိုင်ဘူးပေါ့။ သို့သော်လည်း သိနိုင်တဲ့နည်းရှိပါသေးတယ်၊ ဘယ်လိုနည်း လဲဘုရာ့၊ အမိန့်ရှိပါအုံး”။
“သုတ္တနိပါတ်အဋ္ဌကထာ (ပ) အာမဂန်ဓသုတ်အဖွင့် ၃၀၃-မှာ ယေ ဟိ ဥဿန္နကိလေသာ  သတ္တာ၊ တေ အတိဒုဂ္ဂန္ဒာ ဟောန္တိ၊ နိက္ကိလေသာနံ မတသရီရံပိ ဒုဂ္ဂန္ဒံ န ဟောတိ”။  လို့ ဖွင့်ပြထားတယ်။ အဓိပ်ပါယ်ကတော့ “အကြင်ပုဂ္ဂိုလ်တွေဟာ ကိလေသာအလွန်ထူပြောတယ်ဆိုလျှင် ထိုပုဂ္ဂိုလ်တွေဟာ အလွန်အနံ့ဆိုးသတဲ့ကွယ့် ကိလေသာကင်းတဲ့ ရဟန္တာများကျတော့ ပရိနိဗ်ဗာန်ဝင်စံပြီးတဲ့ခန်ဓာကိုယ်သော်လည်း မကောင်းသောအပုတ်အနံ့ မထွက်ဘူးတဲ့ကွယ့်”။

သည်စကားရပ်ဟာ ကွယ်လွန်ပြီးတဲ့ပုဂ္ဂိုလ်ရဲ့ ခန်ဓာကိုယ် နံခြင်း မနံခြင်းကို ထောက်ပြီး ပုထုဇဉ်နှင့် ရဟန္တာ ခွဲခြားပြခြင်းဖြစ်တယ်။ သို့သော် ခန်ဓာကိုယ် မနံတိုင်းလည်း ရဟန္တာလို့ မဆုံးဖြတ်နိုင်သေးဘူး။ ဘာကြောင့်လည်း ဆိုတော့ အချို့ပုဂ္ဂိုလ်များမှာ ရှေးဆုတောင်းကောင်းလို့ ပုထုဇဉ်ဘ၀နဲ့ ခန်ဓာကိုယ်ဟာ မနံဘဲ မွှေးနေသေးတယ်။ ပြီးတော့ သီလပြည့်ဝတဲ့ ပုဂ္ဂိုလ်များလည်း သီလတန်ခိုးကြောင့် ခန်ဓာကိုယ်က အပုတ်နံ့မထွက် ဘဲ အမွှေးနံ့ထွက်နေသေးတယ်။ ဒါကြောင့် ခန်ဓာကိုယ်မပုတ်သိုးတိုင်းလည်း ရဟန္တာလို့ ဧကန် မဆုံးဖြတ်နိုင် သေးဘူး။ လောကမှာ အအေးဓာတ်စိမ်ထားလို့ မပုတ်ခြင်း၊ ဆေးအေးထိုးထားလို့ မပုတ်ခြင်း၊ မံမီဆေးများ လိမ်းကြံထားလို့ မပုတ်ခြင်းဆိုတာတွေလည်း ရှိနေတယ်မဟုတ်လား၊ ဒါကြောင့် ခန်ဓာကိုယ်မပုတ်ရုံမျှနဲ့ ရဟန္တာလို့ ဧကန်မဆုံးဖြတ်နိုင်ဘူး။ ရဟန္တာရယ်လို့ အတော်အတန် ဆုံးဖြတ်နိုင်တာကတော့ ခန်ဓာကိုယ်ကို မီးသဂြိုင်္ဟ်ပြီးသည့်နောက် ကျန်ရစ်တဲ့ အရိုးစုဓာတ်ကို အကဲခတ်ကြည့်ဖို့ပဲကွယ့်။
“ဘယ်လိုများ အကဲခတ်ကြည့်ရမှာလဲဘုရား”

“အကဲခတ်ရမှာက ဗာကုလသုတ် အဖွင့်အတိုင်းပေါ့ကွယ်။ ကျန်ရစ်တဲ့ အရိုးဓာတ်ဟာ အညစ်အကြေး မတင်၊ ဖြူဖြူစင်စင် သန့်သန့်ရှင်းရှင်း နှစ်သက်စဖွယ် ကြည်ညိုစဖွယ်အသွင်ကို ဆောင်လျှင် ရဟန္တာသော် လည်းကောင်း သီလ၀န္တပုဂ္ဂိုလ်သော်လည်း ဖြစ်ရမယ်လို့ ယုံကြည်သင့်တာပေါ့၊ အကယ်၍ ကျန်ရစ်တဲ့ အရိုးဓာတ် ဟာ မည်းမည်းညစ်ညစ် ညှီညှီဟောက်ဟောက် မသန့်မစင် နှစ်သက်ဖွယ်မရှိ ကြည်ညိုဖွယ်မရှိဖြစ်ခဲ့လျှင် ကိလေသာ မကုန်သေးသော ပုဂ္ဂိုလ်လို့ ယုံကြည်သင့်တယ်ကွယ့်”
မှန်ပါ၊ လွန်စွာ မှတ်သားသင့်လှပါတယ်ဘုရား။

အေးကွယ့်၊ မေးသူအတွက် အဖြေကတော့ သည်လောက်ဆိုလျှင် ပြည့်ပါပြီ၊ သို့သော်လည်း “ဆိုရေးရှိက ဆိုအပ်စွတည့်၊ ဆိုစများလျား၊ ထားပချေမိ၊ ငါ့ဝန်ရှိခဲ့” ဆိုတာလို တိုက်ရိုက်အမေးမပါသော်လည်း ရဟန္တာပရိနိဗ်ဗာန်ဝင်စံတာနှင့် ပတ်သက်ပြီး ပြောစရာအနည်းအကျဉ်း ကျန်သေးတယ်ကွယ့်။
မှန်ပါ အမိန့်ရှိပါဆရာတော်။

ရဟန္တာဆိုတာ အန္တိမပုဂ္ဂိုလ်ဖြစ်တယ်၊ အန္တိမပုဂ္ဂိုလ်မှာ သီလ သမာဓိ ပညာ သိက္ခာသုံးပါး ပြည့်စုံပြီးသား ဟုတ်တယ်မဟုတ်လား။
မှန်ပါတယ်ဘုရား။
သီလသမာဓိပညာပြည့်စုံပြီးသားပုဂ္ဂိုလ်ဟာ “ကိံ နာမ ကမ္မံ န သိဇ္ဈတိ” ဆိုတဲ့အတိုင်း သူတို့ဖြစ်ချင်တာ အားလုံး ဖြစ်နိုင်တယ်။ ဒါကြောင့် ကွယ်လွန်ပြီးတဲ့နောက် အရိုးဓာတ်ဟာ အစိတ်အစိတ်အလုံးအခဲတွေ ဖြစ်ရစ်စေဆိုလျှင်လည်း ဖြစ်နိုင်တယ်။ ဘာကိုမျှ အဓိဋ္ဌာန်မပြုခဲ့လျှင်လည်း ပကတိအတိုင်း ကျန်ရစ်တယ်။ ဒါမျှမက ငါ့ခန်ဓာလုံးဝမကျန်ရစ်စေ သတည်းဆိုလျှင်လည်း လုံးဝမကျန်ရစ်နိုင်ဘူးကွယ့်။
ခန်ဓာတော်လုံးဝ မကျန်ရစ်စေဘဲ ပရိနိဗ်ဗာန်ဝင်စံတော်မူတဲ့ ရဟန္တာများကော ရှိပါသလားဘုရား။
ရှိတာပေါ့ကွယ်။ ဒဗ်ဗထေရ်ဟာ  ပရိနိဗ်ဗာန်စံလွန်တော့ ခန်ဓာတော်လုံးဝ မကျန်ရစ်ဘူးကွယ့်၊ အဲသည့်အကြောင်း အမိန့်ရှိပါအုံးဘုရား၊ ဒဗ်ဗမထေရ်ဟာ မလ္လမင်းရဲ့သားတော်ဖြစ်တယ်။ သူ့ကို မယ်တော် ကိုယ်ဝန်ဆောင်စဉ် ကွယ်လွန်လို့ မီး သဂြိုင်္ဟ်ရာမှာ ဗိုက်ကပေါက်ထွက်ပြီး နေဇာမြက်ခင်းပေါ် ကျသတဲ့။ နေဇာမြက်ကို ဒဗ်ဗလို့ ခေါ်တဲ့အတွက် နေဇာမြက်အမည်နှင့် သူ့ကို (ဒဗ်ဗ)လို့ ခေါ်ကြတယ်။ သူ့ကို မီးသဂြိုင်္ဟ်ရာမှာ သုသာန်မှာ ဖွားတာမို့ ခမည်းတော်မလ္လာမင်းက မမွေးမြူဘူး။ အဘွားဖြစ်သူက မွေးမြူခဲ့ရတယ်။ ခုနစ်နှစ်သားအရွယ်မှာ ရှင်သာမဏေ၀တ်ဖို့ ဦးခေါင်းရိတ်ရင်း တစပဉ္စက ကမ္မဋ္ဌာန်းကို ကြားရာက ဆံချပြီးအဆုံးမှာ ရဟန္တာဖြစ်တယ်။ သေနာသနပညာပက ဧတဒဂ်ရပုဂ္ဂိုလ်ဖြစ်တယ်။ မထေရ်မြတ် ပရိနိဗာန်ဝင်စံခါနီးတဲ့အခါ ဘုရားရှင်သီတင်းသုံးရာ ရာဇဂြိုဟ်ပြည် ဇေတ၀န်ကျောင်းကို သွားပြီး ဘုရားရှင်ကို ကန်တော့ တယ်။

ကန်တော့ပြီးတော့ “မြတ်စွာဘုရား၊ ယခုအခါသည် တပည့်တော် ပရိနိဗ်ဗာန်ပြုရာအခါပါတည်း”လို့ လျှောက်ထားတော့ ဘုရားရှင်က “သင်သည်ပင် ပရိနိဗ်ဗာန်အခါကို သိရာ၏“လို့ မိန့်တော်မူတယ်။ အဲသည်နောက် အရှင်ဒဗ်ဗ်ဟာ ဘုရားရှင်ကို ရှိခိုးပြီး ကောင်းကင်ကို ပျံတက်တယ်။ ကောင်းကင်ထက်ရောက်တော့ ထက်ဝယ်ဖွဲ့ခွေထိုင် နေတော်မူပြီး၊ တေဇောကသိုဏ်းဈာန်ကို ၀င်စားတယ်။ တေဇောကသိုဏ်းဈာန်က ထပြီး ကိုယ်ခန်ဓာ၌ တေဇောဓာတ်လောင် ရန်  အဓိဋ္ဌာန်တော်မူတယ်။ အဓိဋ္ဌာန်တော်မူပြီး တဖန် တေဇောကသိုဏ်းကို ၀င်စားပြန်တယ်။

တေဇောကသိုဏ်းဈာန်က ထပြီး အဘိညာဉ်စိတ်ဖြစ်ပေါ်လာတယ်။ အဘိညာဉ်စိတ်ဖြစ်ပေါ်လာသည့်နှင့် တပြိုင်နက် ခန်ဓာကိုယ်မှာ မီးဟုန်းဟုန်း တောက်လာတယ်။ တောက်လာတဲ့ထိုမီးဟာ တစ်ခဏအတွင်း ခန်ဓာကိုယ်၌ အဏုမြူမျှ မကျန်စေဘဲ အလုံးစုံလောင်ကျွမ်း ပြီးမှ  ငြိမ်းစဲသွားတယ်။ အရှင်ဒဗ်ဗရဲ့ ခန်ဓာကိုယ်ဟာ ပြာလည်းမကျန်၊ မီးသွေးလည်းမကျန်၊ မီးလောင်ကျွမ်းသွားတဲ့ ထောပတ် ဆီလို အလုံးစုံလောင်ကျွမ်းသွားတယ်။ သည်အကြောင်းကို ဘုရားရှင်သိတော်မူလို့ “ဒဗ်ဗကိုယ်သည် အကြွင်းမရှိ၊ ကွယ်ပျောက်ပြီ၊ ရူပသညာစသော သညာတို့သည် ချုပ်ကုန်ပြီ၊ ဝေဒနာသင်္ခါရ၀ိညာဉ်တို့သည် ချုပ်ငြိမ်းပြတ်စဲကုန်ပြီ”လို့ ဥဒါနပါဠိ ပါတလိဂါမိယ၀ဂ်မှာ ဥဒါန်းကျူးရင့်တော်မူတယ်။ ဒါကြောင့် ရဟန္တာပုဂ္ဂိုလ် ပရိနိဗ်ဗာန်ဝင်စံတော်မူလျှင် အချို့ဓာတ် တော် အစိတ်အစိတ်ကျတယ်၊ အချို့ ဓာတ်အတိုင်းကျတယ်။ အချို့ ခန်ဓာငါးပါး လုံးဝမကျန်ရစ်ဘူးလို့ မှတ်သားသင့်တာပေါ့ ကွယ်။
မှန်လှပါ၊ ၀မ်းသာလှပါပြီ၊
“သာဓု သာဓု သာဓုပါဘုရား”

U Kyaw dhammadownload.com မှ ဓာတ်တော်အကြောင်း မိမိထံ မေးမြန်းခဲ့ပါတယ်.. မိမိဖြေဆိုခြင်းထက် ပညာ၇ှင် တည်တောဆ၇ာတော်ကြီးရဲ့ အဖြေက ပြီးပြည့်စုံနေတာမို့  ဆ၇ာတော်ကြီး၇ဲ့ အဖြေကိုပဲ ကူးယူဖော်ပြလိုက်ပါတယ်..  သေချာစွာဖတ်၍ ဘုရား တရား သံဃာ ၇တနာမြတ်သုံးပါးအပေါ် ဥာဏ်ဖြင့် သက်ဝင်ကြည်ညိုနိုင်ကြပါစေ.