(၂၀၀၈-ခုနှစ်၊ ဖေဖော်ဝါရီလထုတ် မြတ်ပန်းရဂုံတွင် ပါရှိသော ဘိက္ခုသုည၊ ဘားအံ-၏ မဂ္ဂင်ကိစ္စ မေးခွန်းသုံးပုဒ်ကို ဖြေကြားထားခြင်း ဖြစ်ပါသည်။)

မေး။ ။ နိဗ္ဗာန်ကို မျက်မှောက်ပြုသော သူတော်ကောင်းများ၏ လောကုတ္တရာစိတ်တွင် မဂ္ဂရှစ်ပါး ပါဝင်ပါသည်။ မဂ္ဂင်ရှစ်ပါးနှင့် ပြည့်စုံသော စိတ်ကသာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည်ဟု နားလည်ထားပါသည်။
ဝိပဿနာ အားထုတ်သော ယောဂီပုဂ္ဂိုလ်သည် သမာဓိမဂ္ဂင် နှင့် ပညာမဂ္ဂင်ငါးပါး ပြည့်စုံလျှင် သီလမဂ္ဂင်သုံးပါးနှင့် ပေါင်းကာ မဂ္ဂင်ရှစ်ပါး ပြည့်စုံရသည်ဟု မှတ်သားရပါသည်။ သီလမဂ္ဂင်သုံးပါး ပေါင်းသည့်ကာလ၊ ပေါင်းသည့်အခြေအနေတို့ကို ရှင်းလင်းစွာ နားမလည်သေးပါ။


ဖြေ။ ။ လမ်းခရီးကို ပါဠိလို မဂ္ဂ-ဟု ခေါ်ပါသည်။ မဂ်ဖိုလ်နိဗ္ဗာန် ရောက်ရန်အကြောင်း ကောင်းမြတ်သော လမ်းစဉ်ဖြစ်သောကြောင့် မဂ္ဂရှစ်ပါး မြတ်တရားကိုလည်း မဂ္ဂ-ဟု ခေါ်ပါသည်။ ထိုမဂ်ဖိုလ်နိဗ္ဗာန် ရောက်ရန်အကြောင်း လမ်းစဉ်ကောင်း၏ အစိတ်အပိုင်း အင်္ဂါရှစ်ပါးကို မဂ္ဂ+အင်္ဂ=မဂ္ဂင်္ဂ=မဂ္ဂင်-ဟု ခေါ်ပါသည်။
ထိုမဂ္ဂင်ရှစ်ပါးမှာ

(၁) သမ္မာဒိဋ္ဌိမဂ္ဂင် = မှန်ကန်သော ဉာဏ်အမြင်၊
(၂) သမ္မာသင်္ကပ္ပမဂ္ဂင်=မှန်ကန်သောအကြံအစည်၊
(၃) သမ္မာဝါစာမဂ္ဂင်=မှန်ကန်သောစကား၊
(၄) သမ္မာကမ္မန္တမဂ္ဂင်= မှန်ကန်သောအလုပ်၊
(၅) သမ္မာအာဇီဝမဂ္ဂင်= မှန်ကန်သော အသက်မွေးဝမ်းကျောင်းမှု၊
(၆) သမ္မာဝါယာမမဂ္ဂင်= မှန်ကန်သော အားထုတ်မှု လုံးလဝီရိယ၊
(၇) သမ္မာသတိမဂ္ဂင်= မှန်ကန်သော ဆင်ခြင်အောက်မေ့မှု၊
(၈) သမ္မာသမာဓိ= မှန်ကန်သော တည်ကြည်မှု တို့ဖြစ်၏။

ထိုတွင် (၁) သမ္မာဒိဋ္ဌိ-ဟူသည် သစ္စာလေးပါးကို သိသော ဉာဏ် အမြင်ကို ဆိုလို၏။
(၂) သမ္မာသင်္ကပ္ပ-ဟူသည် ဝတ္ထုကာမ၊ ကိလေသာ ကာမတို့မှ လွတ်မြောက်လိုသောအကြံ၊ သူတစ်ပါးတို့ကို မပျက်စီးစေ လိုသော အကြံ၊ မညှဉ်းဆဲလိုသောအကြံကို ဆိုလို၏။
(၃) သမ္မာဝါစာ- ဟူသည် မုသာ-မိတ်ခွဲ-ဆဲရေး-ပြိန်ဖျင်းဟူသော လေးသင်းသော ဝစီကံ တို့မှ ရှောင်ကြဉ်မှုကို ဆိုလို၏။
(၄) သမ္မာကမ္မန္တဟူသည် သက်သတ်-ခိုးမှု-ကာမေသုဟူသော သုံးခုသော ကာယကံတို့မှ ရှောင်ကြဉ်မှုကို ဆိုလို၏။
(၅)သမ္မာအာဇီဝ-ဟူသည် အထက်ပါ ကာယကံသုံးပါး၊ ဝစီကံလေးပါးဟူသော ဒုစရိုက်ခုနစ်ပါးတို့ဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်မှုကို ဆိုလို၏။
(၆) သမ္မာဝါယာမ-ဟူသည် မဖြစ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်စေရန်၊ ဖြစ်ပြီးသော အကုသိုလ်တရား တို့ကို ပယ်ရန်၊ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပွားစေရန်၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို တိုးတက်ဖြစ်ပွားစေရန် အားထုတ်မှုကို ဆိုလို၏။
(၇) သမ္မာသတိ-ဟူသည် ကိုယ်ကာယ၌ သော်လည်းကောင်း၊ ခံစားမှု၌သော်လည်းကောင်း၊ စိတ်၌သော်လည်း ကောင်း၊ နီဝရဏစသော တရားတို့၌သော်လည်းကောင်း မိမိစိတ် တည်နေစေရန် မမေ့မလျော့နေခြင်းကို ဆိုလို၏။
(၈) သမ္မာသမာဓိ- ဟူသည် ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်တို့ကို ဆိုလို၏။
ထိုမဂ္ဂင်ရှစ်ပါး မြတ်တရားတို့ကို သဘောတူရာပေါင်း၍ အုပ်စုဖွဲ့သည်ရှိသော် သီလက္ခန္ဓ (သီလအုပ်စု)၊ သမာဓိက္ခန္ဓ (သမာဓိ အုပ်စု)၊ ပညာက္ခန္ဓ (ပညာအုပ်စု)ဟု သုံးခုဖြစ်လာ၏။

ထိုတွင် သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ-ဟူသော မဂ္ဂင်သုံးပါးသည် ရှောင်ကြဉ်အပ်သောကြောင့် ဝိရတီမည်၏။ သီလ သဘောရှိသဖြင့် သီလအစု၌ ရေအပ်သောကြောင့် သီလက္ခန္ဓမဂ္ဂင် ဟု ခေါ်၏။

သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ-ဟူသော မဂ္ဂင်သုံးပါးကို သမာဓိက္ခန္ဓမဂ္ဂင် ဟု ခေါ်၏။ (သမာဓိသည် မိမိ၏သဘောအားဖြင့် တည်ကြည်မှု မရနိုင်၊ သတိ ဝီရိယတို့၏ အထောက်အပံ့ရမှသာ တည်ကြည်မှု ရနိုင်၏။ ထို့ကြောင့် ဝါယာမ သတိ-တို့ကို လျော်သောအနေအားဖြင့် သမာဓိ၌ သွင်းယူသည်။)

သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ-ဟူသော မဂ္ဂင်နှစ်ပါးကို ပညာက္ခန္ဓမဂ္ဂင် ဟု ခေါ်၏။ (သမ္မာဒိဋ္ဌိ-ဟူသော ပညာသည် မိမိ၏သဘောအားဖြင့် အနိစ္စ-ဒုက္ခ-အနတ္တဟု အာရုံကို ဆုံးဖြတ်ခြင်းငှါ မစွမ်းနိုင်၊ သမ္မာသင်္ကပ္ပ ဟူသော ဝိတက်က အာရုံသို့ ရှေ့ရှုတင်ပေးမှ (ဝါ) အာရုံကို တီးခေါက်ပေးမှ ဆုံးဖြတ်ခြင်းငှါ စွမ်းနိုင်၏။

ထို့ကြောင့် ပညာနှင့်တူသော အနေအားဖြင့် သမ္မာသင်္ကပ္ပကို သမ္မာဒိဋ္ဌိနှင့်အတူ ပညာက္ခန္ဓာ၌ သွင်းယူသည်။
(ပဏ်၊ဋ္ဌ၊ ၁၊၂၆၀။ အဘိ၊ဋ္ဌ၊၂၊၈၅)

ထိုမဂ္ဂင်ရှစ်ပါးတို့တွင် “ဝိရတီယော ပန တိေဿာပိ လောကုတ္တရ စိတ္တေသု သဗ္ဗထာပိ နိယတာ ဧကတောဝ လဗ္ဘန္တိ၊ လောကိယေသု ပန ကာမာဝစရကုသလေသုသွေဝ ကဒါစိ သန္ဒိဿန္တိ ဝိသုံ ဝိသုံ။” ဟူသော သင်္ဂဟပါဠိနှင့်အညီ မဂ်မရမီ ပုဗ္ဗဘာဂမဂ်ဟု ဆိုအပ်သော လောကီဘက်၌ ရှစ်ပါးလုံး တစ်ပြိုင်နက် တစ်ချိန်တည်း မဖြစ်နိုင်ကြကုန်။ အသီးအသီး တပြိုင်နက် တွဲဖက်ဖြစ်ပေါ်နိုင်သမျှသာ တွဲဖက်ဖြစ်ပေါ်နိုင်ကြကုန်၏။ လောကုတ္တရာသို့ ရောက်သောအခါ၌ ကား တပြိုင်နက် တစ်ချိန်တည်း ရှစ်ပါးလုံး တွဲဖက်ဖြစ်ပေါ်ကြ၏။

သောတာပတ္တိမဂ်၏ ရှေးအဖို့ဖြစ်သော ပုဗ္ဗဘာဂမဂ်၌ကား ဝိရတီ ဟု ဆိုအပ်သော သီလမဂ္ဂင်သုံးပါးသည် အာရုံမတူသောကြောင့် တပြိုင်နက် မဖြစ်နိုင်ကြကုန်။ ဝစီဒုစရိုက်ကို ရှောင်ကြဉ်ခိုက် သမ္မာဝါစာ သာဖြစ်၍ သမ္မာကမ္မန္တ-စသည် မဖြစ်။
ဤသို့လျှင် သီလမဂ္ဂင်သုံးပါးသည် အချင်းချင်း တစ်ပါးနှင့်တစ်ပါး အာရုံကွဲပြားသဖြင့် လောကီဘက်၌ တပြိုင်နက် အတူတကွ မဖြစ်နိုင်ကြရုံမက ဝိပဿနာရှုပွားခိုက်တွင်လည်း အာရုံချင်းမတူသော ကြောင့် ပါဝင်ခြင်းမရှိကြ။ မှန်၏။ ယင်းသီလမဂ္ဂင်သုံးပါးသည် လောကီစိတ်နှင့် ယှဉ်တွဲခိုက် မလွန်ကျူးအပ်သော ဝတ္ထုကို အာရုံပြု၏။ ဝိပဿနာရှုပွားရာတွင်ကား ရုပ်နာမ်ဓမ္မသင်္ခါရတို့ကိုသာ ရှုပွားရသဖြင့် ကျန်မဂ္ဂင်ငါးပါးသာ ဖြစ်ပေါ်ကြ၏။

ထိုသို့ မဂ္ဂင်ငါးပါးသာ ရှိသောကြောင့် ပုဗ္ဗဘာဂမဂ်ကို ပဉ္စင်္ဂိကမဂ်ဟု ခေါ်၏။
ထိုသို့ မဂ္ဂသစ္စာကို ပွားများအားထုတ်ရာတွင် အရိယာမဂ်ကို မရမီ ရှေ့အဖို့၌ မဂ္ဂင်ငါးပါးကိုသာ ပွားများအားထုတ်နိုင်ကြသော်လည်း လောကုတ္တရာမဂ် အခိုက်အတန့်သို့ ရောက်သောအခါတွင်မူ အကုသိုလ်တရားတို့ကို သမုစ္ဆေဒဝိရတီဖြင့် အကြွင်းမဲ့ ပယ်သတ်လိုက် သဖြင့် ဝိရတီသုံးပါးဟု ခေါ်ဆိုအပ်သော သီလမဂ္ဂင်သုံးပါးသည် အတူတကွ ပါဝင်လာ၍ မဂ္ဂင်ရှစ်ပါး အပြည့်အစုံ ဖြစ်လေတော့သည်။
(ဗုဒ္ဓဘာသာလက်စွဲကျမ်း၊ ဒု၊ ၆၅၈)


မေး။ ။ သမထဖြင့် ဈာန်ရပြီးမှ ဝိပဿနာရှုကာ သောတာပန် စသည်ဖြစ်သော ပုဂ္ဂိုလ်များရသော မဂ်ကို ပထမဈာန်နှင့်ယှဉ်သော သောတာပတ္တိမဂ် စသည်ဖြင့် ခေါ်ပါ၏။ (ဈာန်ကို အားမထုတ်ဘဲ ဝိပဿနာသက်သက်ဖြင့် မဂ်ရသောပုဂ္ဂိုလ်များကို မဆိုလိုပါ။) ထိုအခါ ပထမဈာန်မှထ၍ မဂ်ရသောပုဂ္ဂိုလ်များမှာ မဂ္ဂင်ရှစ်ပါး ပြည့်စုံခြင်းကို ရှင်းပါသော်လည်း ဝိတက်ကိုပယ်ထားသော ဒုတိယဈာန်မှ ပဉ္စမဈာန် အထိရသော ပုဂ္ဂိုလ်များအဖို့ မဂ္ဂင်ရှစ်ပါး မည်သို့ ပြည့်စုံသည်ကို မရှင်းလင်းတော့ပါ။ ဝိတက်သည် သမ္မာသင်္ကပ္ပမဂ္ဂင်ပင် ဖြစ်ပါသည်။



ဖြေ။ ။ ဈာန်-သမာပတ်-အဘိညာဉ်တို့ကို ရရှိသော အရိယာပုဂ္ဂိုလ် သုံးမျိုးသုံးစား ရှိသည်ဟု ဆိုပါသည်။ သုံးမျိုးမှာ-

(က) အရိယမဂ်ဖိုလ်ကို ရပြီးမှ သမထကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်သဖြင့် လောကီဈာန်သမာပတ် အဘိညာဉ်တို့ကို ရကြသော အရိယာပုဂ္ဂိုလ်များ။

(ခ) ပုထုဇဉ်အခိုက်ကပင် လောကီဈာန်သမာပတ် အဘိညာဉ် တို့ကို ရခဲ့ပြီးဖြစ်၍ အရိယာဖြစ်ပြီးသောအခါ သမထကမ္မဋ္ဌာန်းကို အသစ်စီးဖြန်းမှု မပြုရတော့ဘဲ ထိုပုထုဇဉ်အခိုက်က ရပြီးသော လောကီဈာန်သမာပတ်တို့ကို အလွယ်တကူ ဝင်စားနိုင်ကြသော အရိယာပုဂ္ဂိုလ်များ။

(ဂ) ပုထုဇဉ်အခိုက်က လောကီဈာန်သမာပတ် အဘိညာဉ်တို့ကို မရရှိခဲ့ကြသော်လည်း လောကုတ္တရာ အရိယာမဂ်ဖိုလ်သို့ ရောက်သည် နှင့် တပြိုင်နက် လောကီဈာန်သမာပတ်အဘိညာဉ်တို့ ရပြီးရောက်ပြီး သားဖြစ်ကြကာ အလိုရှိသောအချိန်မှာပင် အလွယ်တကူ ဝင်စား သုံးဆောင်တော်မူနိုင်ကြသော အရိယာပုဂ္ဂိုလ်များ ဖြစ်ကြ၏။
(မဟာဗုဒ္ဓဝင်၊၃၊ ၃၈၃)

မေးခွန်းရှင် သိလိုသော ပုထုဇဉ်ဘဝက ဒုတိယဈာန်စသည်ကို ရရှိကာ ထိုဒုတိယဈာန်စသည်ကို အခြေပြု၍ ဝိပဿနာရှုသဖြင့် မဂ်ရသော ပုဂ္ဂိုလ်များမှာ မဂ္ဂင်ရှစ်ပါး မပြည့်စုံဟုပင် မှတ်ရပါမည်။ မှန်ပါသည်။ ဒုတိယဈာန်စသည်တွင် ဝိတက်မပါဝင်သဖြင့် သမ္မာသင်္ကပ္ပမဂ္ဂင်မပါ။ မဂ္ဂင်ခုနစ်ပါးသာ ဖြစ်ပါသည်။
ကျမ်းကိုး။ ။ ဒုတိယဇ္ဈာနတော ဝုဋ္ဌာယ ဝိပဿန္တဿ ဥပ္ပန္နော မဂ္ဂေါ ဒုတိယဇ္ဈာနိကော ဟောတိ၊ မဂ္ဂဂ္ဂင်္ါနိ ပနေတ္ထ သတ္တ ဟောန္တိ။
(အဘိ၊ဋ္ဌ၊ ၂၊ ၁၁၃)

သို့ဆိုလျှင် ပါဠိတော်နှင့် ဆန့်ကျင်သည်မဟုတ်ပါလော ဟူငြားအံ့။ ပါဠိတော်တွင် “အဋ္ဌင်္ဂိကော”ဟု ဆိုထားခြင်းမှာ ဥက္ကဋ္ဌနိဒ္ဒေသ=အလွန်အားဖြင့် ဆိုသောနည်းဖြင့် ဆိုထားခြင်းဖြစ်သော
ကြောင့် မဆန့်ကျင်ပါဟု ဖြေအပ်၏။

ကျမ်းကိုး။ ။ အယဥှိ လောကုတ္တရပဌမဇ္ဈာနဝသေန ဥပ္ပဇ္ဇမာနော အဋ္ဌင်္ဂိကော မဂ္ဂေါ ဟောတိ၊ အဝသေသဇ္ဈာနဝသေန သတ္တင်္ဂိကော။ ဥက္ကဋ္ဌနိဒ္ဒေသတော ပနိဓ အဋ္ဌင်္ဂိကောတိ ဝုတ္တော။
(ပဏ်-ဋ္ဌ၊၁။၁၁၂။ ပဏ်-ဋီ။၁။ ၂၀၃)


မေး။ ။ နောက်ထပ်သိလိုသည်မှာ ရူပ၊ အရူပဘုံရှိ ဗြဟ္မာကြီးများမှာ ပီတိကိုသာ စားသုံးနေကြသဖြင့် သမ္မာအာဇီဝမဂ္ဂင် မည်သို့ပြည့်စုံကြပါသနည်း။ ရုပ်မရှိသော အရူပဗြဟ္မာကြီးများသည် သမ္မာကမ္မန္တ၊ သမ္မာဝါစာမဂ္ဂင်များ မည်သို့ပြည့်စုံကြပါသနည်း။


ဖြေ။ ။ ယခင် (လူ့)ဘဝက ဆောက်တည်ကျင့်သုံးခဲ့သော သီလတို့၏ မပျက်မစီးသေးသောကြောင့်လည်းကောင်း၊ ဘုံအလိုက် ဝိရတီမရထိုက်သဖြင့် ဝိရတီသီလမဖြစ်နိုင်ကြသော်လည်း အချို့သော ဗြဟ္မာတို့အား သစ္စဝါစာကို ပြောခိုက် စေတနာသီလအချို့ ဖြစ်နိုင်သောကြောင့်လည်းကောင်း၊ သီလမဂ္ဂင်သုံးပါး ပျက်စီးခြင်း၏ အကြောင်းရင်းကို ဈာန်ဖြင့် ပယ်ခွာထားသောကြောင့်လည်းကောင်း (ဝိက္ခမ္ဘနပဟာန်)၊ မဂ်ရခိုက် ဒုစရိုက်မှုပြုခြင်း၏ အကြောင်းရင်းကို ပယ်ဖြတ်သောအားဖြင့် (သမုစ္ဆေဒပဟာန်) သီလမဂ္ဂင် ပါဝင်နိုင်သော ကြောင့်လည်းကောင်း ရူပ-အရူပဘုံတို့၌ သီလမဂ္ဂင်သုံးပါး ပါဝင်နိုင် ပြည့်စုံနိုင်၏-ဟုပင် ထင်မြင်ယူဆမိပါသည်။

မဃဒေဝလင်္ကာသစ်၌လည်း ဤသို့ ရေးသားထားသည်ကို တွေ့ရှိမှတ်သားရပါသည်။
“သီလဟူပြီ၊ ပါရမီလည်း၊ ဝိရတီချို့၊ ဗြဟ္မာတို့၌၊ သို့ဖြစ်စေကာ၊ စေတနာဖြင့်၊ ဆယ်ဖြာအမိုက်၊ ဒုစရိုက်ကို၊ ဘုံလိုက်အမြဲ၊ ကွာရှဲပြကတေ့၊ ဘဝလေ့တိုင်း၊ သိမ်မွေ့စင်စစ်၊ သီလဖြစ်၏။”
(ပိုဒ်ရေ၊ ၄၈၈)

သံသယဆူးခလုတ်ကို နှုတ်ပစ်ပယ်ဖျောက်၍ နိဗ္ဗာန်ရောက်သည် အထိ ကျင့်ကြံကြိုးစား ပွားများအားထုတ်နိုင်ကြပါစေ။

အရှင်ကောဝိဒ (ယော