ရှစ်ပါးသီလ (ဥပုသ်) ခံယူဆောက်တည်ရာ၌ ညနေ နေ၀င်သည်အထိသာ၊ ကျောင်းတွင်းရှိနေစဉ်သာဟု အဓိဋ္ဌာန်ပြု၍ ခံယူဆောက်တည်လျှင် ညစာ ထမင်းစားလို့ ရသည်ဟု ဆိုပါသည်၊ ဟုတ်ပါသလား။
ဥပုသ်စောင့်ပြီး လက်ဖက်ရည်ကြမ်းသောက်၊ ထန်းလျက်၊ ကြံသကာ၊ ညဂျင်းသုပ် စားရသည်၊ ဘိလပ်ရည်၊ ရှလပတ်ရည် သောက်ရသည် ဆိုသည်မှာ ဟုတ်ပါသလား၊ သိလိုပါသည်ဘုရား။
( သိလိုသူများ-ရန်ကုန် )


( ဖြေ )
ဤပြဿနာနှင့် ပတ်သက်၍ မေးလာကြသူ အလွန်များပါသည်၊ မေးပင် မမေးထိုက်ဟု ဆိုချင်ပါသည်၊
ဗုဒ္ဓဘာသာ သမ္မာနွယ်ဝင် သူတော်စင်တို့သည် မိမိတို့၏ နိစ္စသီလ ငါးပါးမျှကို အားမရနိုင်သဖြင့် နေ့စဉ်မဟုတ် တပတ်မှ တနေ့၊ ဥပုသ်နေ့တွင် အရိယာပုဂ္ဂိုလ်များနှင့် တူတန်နိုင်သမျှ တူတန်ရန် အထူးကျင့်သုံးဆောက်တည်မှု (ရှစ်ပါးသီလမျှ) ကို ဆောက်တည်ကြခြင်း ဖြစ်ရာ ဤတပတ် တနေ့မျှ ဥပုသ်သီလကလေးကို အနည်းငယ်မျှ ကျိုးပေါက် ပြောက်ကျားမှု မဖြစ်ရေး၊ ရိပွန်း ညှိုးရော်မှု မရှိရေးအတွက် အထူးစောင့်ရှောက်ရန် လိုအပ်ပါသည်။

သီလကို အညှိုးမခံ၊ အသက်ကိုသာ အသေခံသွားသော နေ့တ၀က် ဥပုသ်ရှင် အနာထပိဏ် သူဋ္ဌေး၏ လုပ်သား လယ်သမားကဲ့သို့၎င်း၊
လက်၌ ဓားလက်နက်ရှိလျက် မိမိအား ရစ်ပတ် ပေါက်သတ်မည့် မြွေကို မခုတ်ဘဲ ဓားကို အဝေးသို့ လွင့်ပစ်သော လယ်သမားကဲ့သို့၎င်း၊
ဥပုသ်သီလကို အညှိုးအပျက်မခံ၊ အသက်သာ အသေခံမည်ဟူသော စိတ်ထားရှိဖို့ လိုအပ်ပါသည်၊
ဥပုသ်သီလ ခံယူပြီး သီလမပျက်ပါဘူး-ဆိုကာ လက်ဖက်ရည် ထန်းလျက် ကြံသကာ စသည် စားသောက်မှုကို မပြုဘဲ၊ ဥပုသ်နေ့ မွန်းလွဲချိန်မှ နောက်နေ့ အရုဏ်တက်အထိ မိမိပါးစပ်တွင်း၌ သောက်ရေမှတပါး မည်သည့်အရည် အဖတ်မှ မ၀င်စေဘဲ စောင့်ရှောက်နိုင်မှသာ တကယ့်ဗုဒ္ဓဘာသာ ဥပုသ်သည် အစစ် ဖြစ်နိုင်မည်ဖြစ်ကြောင်း မှတ်သားထားစေလိုပါသည်။