လောကမှာ ကံမကောင်းဘူးဆိုရင် ကံကောင်းအောင်က ဘာလုပ်ရမှာလဲ၊
မကောင်းတဲ့ကံတွေ ပပျောက်အောင် ကံကောင်းတဲ့နည်းတွေ မရှိဘူးလားဆို၊ ရှိတယ်။
အကုသိုလ်အကျိုးတွေ ဝင်ရောက်ဖြစ်ပေါ်နေတာကို လူတွေက ကံမကောင်းဘူးလို့ပြောတာ။
အကုသိုလ်ရဲ့ အကျိုးတရားတွေက ကိုယ့်သန္တာန်ရောက်ပြီ၊ ထိခိုက်နေပြီဆိုရင်
ဒါက ကံမကောင်းဘူးလို့ ပြောကြတယ်။ အဲဒီအချိန်မှာ ကိုယ့်ရဲ့လုပ်ရပ်ကို ပြန်ဆန်းစစ်ကြည့်ရမယ်။
ငါတို့လုပ်နေတာ အမှားမရှိဘူး၊ အကောင်းတွေလုပ်တယ်။ သို့သော် အတိတ်တုန်းက မှားယွင်းမှုတွေကလည်း
လူတွေရဲ့သန္တာန် လာရောက်ပြီး အကျိုးပေးနေတာတွေ ရှိတတ်တယ်ပေါ့။
အဲဒီလို ဖြစ်ပေါ်လာတာမျိုးတွေကော မရှိနိုင်ဘူးလားဆို ရှိနိုင်တယ်။
ရှိလာလို့ရှိရင် ဘာနဲ့အကာအကွယ်လုပ်ရမလဲလို့ ဆိုရင် ကံကောင်းအောင်
ကောင်းတဲ့ကံတရားတွေကို ကြိုးစားပြီး လုပ်ရမယ်။
ဘုရားကို အာရုံပြုမယ်၊ သံဃာကို အာရုံပြုမယ်။ ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို
ရွတ်ဖတ် သရဇ္စျာယ်မယ်။ ဘုရားကို ပူဇော်မယ် နော်။ ဘုရားနဲ့ ပတ်သက်ပြီး
စိတ်ကြည်နူးမှုတွေရအောင် လုပ်ရမယ်။ ကုသိုလ်ကောင်းမှုတွေ မပြတ်လုပ်ပေးရမယ်။
ဘုရားပန်း၊ ရေချမ်း အမြဲတမ်း ဆက်ကပ်၊ ဘုရားကို အာရုံပြု၊ ကုသိုလ်တရားတွေကို
စိတ်ထဲမှာ ဖြစ်ပွားအောင်ကြိုးစား၊ အဲဒီလို ကြိုးစားခြင်းအားဖြင့်လည်းပဲ
မကောင်းတဲ့ကံတွေ ပပျောက်သွားနိုင်တယ်။
ကံဆိုးမိုးမှောင်ကျလာတဲ့အခါ ဖြစ်လာမယ့် အရိပ်အရောင်ရှိပြီ ဆိုတဲ့အချိန်မှာ
ဘာနဲ့ ကာကွယ်ရသလဲဆိုရင် ဘုရားကို အာရုံပြုပြီး ဗုဒ္ဓါနုဿတိကို ပွားရမယ်။
ဘုရားရဲ့ ဂုဏ်တော်တွေကို အာရုံပြု၊ ကမ္မဌာန်းထိုင်၊ ဂုဏ်တော်တွေကို နှလုံးသွင်းဆင်ခြင်ပြီး
အချိန်များများ မြတ်စွာဘုရားကို ပူဇော်ရမယ်။
လုပ်ပြီးတဲ့အခါ ကိုယ်လုပ်တဲ့ ကုသိုလ်ကောင်းမှုကို ကိုယ်မမြင်ရတဲ့ သတ္တဝါတွေ၊
ကိုယ့်အနီးအပါးမှာရှိတဲ့ အိမ်စောင့်နတ်တွေကို အမျှအတန်း ပေးဝေရမယ်။
အဲဒီ အမျှအတန်း ပေးဝေခြင်းအားဖြင့် ကိုယ်နဲ့သူတို့နဲ့က မိတ်ဆွေဖြစ်သွားတယ်။
ခင်မင်ရင်းနှီးမှုတွေ ရလာတယ်။ မိတ်ဆွေဖြစ်လို့ရှိရင် ကိုယ် အန္တရာယ်မရောက်အောင်
သူတို့က ကြည့်ရှုပေးတယ်။
အိမ်နားနီးချင်းနဲ့ တည့်အောင်ပေါင်းရင်တောင်မှပဲ ကိုယ့်အိမ် ကြည့်ပေးဖော်ရမယ်။
မတည့်ဘူးဆိုရင် မသိချင်ယောင်ဆောင်နေမှာ ဘာကြီးဖြစ်နေနေ၊ ဟုတ်ကဲ့လား။
အဲဒါလိုပဲ ကိုယ်မမြင်ရလို့ အိမ်စောင့်နတ်တို့၊ ကိုယ်စောင့်နတ်တို့ သွားပြီးတော့ ရန်မဖြစ်လေနဲ့။
ရန်ဖြစ်ရင်တော့ အဲဒါ ကိုယ့်ကို ကောင်းကျိုးပေးမှာ မဟုတ်ဘူးနော်။ ဘယ်သူနဲ့မှ ရန်မဖြစ်နဲ့။
နောက်ဆုံးမှာ ကိုယ့်ရဲ့အိမ်က မွေးထားတဲ့ ခွေးနဲ့တောင် ရန်ဖြစ်ရင် ကိုယ့်ကို မျက်စောင်းထိုးကြည့်တာ
အနည်းဆုံး ခံရမယ်။ ကြောက်လို့သာ ပြန်မလုပ်တာ ရှိမယ်နော်။ ဒီတိရစ္ဆာန်တွေမှာလည်း အသိရှိတယ်လေ။
တစ်ခါလောက် ရိုက်ထားတဲ့သူဆိုရင် ရှောင်ပေရှောင်ပေနဲ့ မျက်စောင်းထိုးကြည့်တယ်။
သူတို့ အမြဲတန်း ငါ့များဘာလုပ်မလဲဆိုပြီး ဒေါသနဲ့ ကြည့်တာ။ ဘယ်သူနဲ့မှ ရန်မဖြစ်ဘဲ
မေတ္တာသက်ရောက်အောင် လုပ်တာဟာ ကိုယ့်အတွက် ကံကောင်းစေခြင်းရဲ့ အကြောင်းတစ်ခုပဲ
ဖြစ်တယ်ပေါ့။ ကိုယ့်အတွက် အကူအညီရခြင်းပဲ။
မေတ္တာပို့ရတယ်။ အမျှအတန်းပေးဝေရတယ်။ ကုသိုလ်ကောင်းမှုလုပ်တိုင်းလုပ်တိုင်း
ဖိတ်ကြားပြီးတော့ သူတို့ကို အရေးတယူ လုပ်ရတယ်။ မိတ်ဆွေကောင်းတောင်မှ လမ်းမှာတွေ့ရင်
ကိုယ်က အရင်ခေါ်ရတယ်။ အရေးတယူ နှုတ်ဆက်ရင် ရင်းနှီးတယ်။ မခေါ်ချင်သလိုလို လုပ်သွားရင်
သူကလည်း မခေါ်ချင်သလိုလို ပြန်လုပ်မှာပဲ။ လူအချင်းချင်းတောင် ဒီလို ဖြစ်လာတယ်။
အဲဒါကြောင့်မို့ ကံကောင်းအောင်လုပ်ဖို့ ဆိုသည်မှာ ကိုယ်ကိုယ်တိုင်က ရင်ထဲက အမုန်းကင်းပြီး
မေတ္တာဘာဝနာတွေ များများပွားရမယ်။ မေတ္တာပို့မယ်၊ အမျှအတန်း ပေးဝေမယ်၊
အားလုံးနဲ့ မိတ်ဆွေတွေဖြစ်မယ်။ အရာရာမှာ စိတ်ကြည်နူးမှုတွေ ရလာတဲ့အခါမှာ ကိုယ်တွေးတာတွေ၊
ကိုယ်ကြံတာတွေ၊ ကိုယ်လုပ်တာတွေလည်း လမ်းမှန်ပေါ် ရောက်လာနိုင်တယ်ပေါ့။
အဲဒီလိုမဟုတ်ဘူး။ `ကံမကောင်း အကြောင်းမလှ` လို့ မကောင်းတာတွေနဲ့ စိတ်ကညစ်နေရင်
ပိုဆိုးသွားနိုင်တယ်။ အဲဒီလိုမဖြစ်ရအောင် သတိရှိရမယ်။ ဘယ်သူပဲဖြစ်ဖြစ် ကံကြမ္မာရဲ့
အလှည့်အပြောင်းကြောင့် ကံကောင်းတဲ့အခါ ကောင်းတယ်၊ မကောင်းတဲ့အခါ မကောင်းဘူး။
ဘုရားဂုဏ်တော်တွေကို ကိုယ့်ရဲ့ ရင်ထဲနှလုံးထဲ ရောက်အောင် တည်ငြိမ်အေးချမ်းမှုကို
ပေးနိုင်တဲ့ဟာမျိုးဖြစ်အောင် လုပ်ရမယ်။ ပြီးပြီဆိုပြီးတော့မှ ကိုယ့်ရဲ့ (wish) ကို ဖော်ပြတာ။
ဆုတောင်းတိုင်းကတော့ မရဘူးပေါ့။ ဆုတောင်းတိုင်း ရလို့ရှိရင် ဘာမှ လုပ်မနေနဲ့။
ထိုင်ပြီးတော့ ဆုသာ ဆုတောင်း။ စာမေးပွဲအောင်လို့ရှိရင် ဒီ ၃- လုံးပါပါစေ၊ ၆- လုံး ပါပါစေ၊
ထိုင်သာ ဆုတောင်းနေ၊ စာမကျက်နဲ့၊ ရမှာ မဟုတ်ဘူးနော်။
အဲဒါကြောင်းမို့လို့ ဆုတောင်းရုံနဲ့ ဘယ်အရာမှ မရဘူး။ ဆုတောင်းတယ်ဆိုတာ wish ကို
ဖော်ပြတာပဲ ဖြစ်တယ်။ ဆုတောင်းတာ လိုချင်တဲ့ဆန္ဒရဲ့နောက်မှာ လုံ့လ ဝီရိယတို့၊ အသိဉာဏ်တို့
ဆိုတာတွေ လိုအပ်တယ်ပေါ့။
အဲဒီလို အကြောင်းအကျိုး ဆီလျှော်စွာ အလုပ်လုပ်မှ ကောင်းကျိုးချမ်းသာတွေဆိုတာ ရနိုင်တယ်။
အဲဒီလို အချက်တွေကိုလည်း မြတ်စွာဘုရား ဟောတာဖြစ်တယ်။ ဗုဒ္ဓဆိုတဲ့ ဂုဏ်တော်တွေထဲမှာ
အရာခပ်သိမ်းကို သိစွမ်းနိုင်တဲ့ အသိဉာဏ်ရှိလို့ `ဗုဒ္ဓ` ဆိုတာကို အာရုံပြုပြီးတော့
နှလုံးသွင်းဆင်ခြင်ခြင်းအားဖြင့် မိမိအတွက် ကံကောင်းလာနိုင်တယ်ဆိုတာ ယုံကြည်ကြရမှာ ဖြစ်တယ်။
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
(မြတ်ဗုဒ္ဓ၏ ဂုဏ်တော်ကိုးပါး တရားတော်မှ ကောက်နှုတ်ပူဇော်ပါသည်)