‘ရောဂါကုစား စိတ်စွမ်းအား’တဲ့။
စိတ်စွမ်းအားက ရောဂါကို ကုစားပေးနိုင်တယ်။
ဒီကနေ့ ခေတ်ပညာကလည်း ဒါကိုလက်ခံထားတယ်။
ဗုဒ္ဓမြတ်စွာရဲ့ ပိဋကတ်သုံးသွယ် နိကာယ်ငါးရပ်
ဓမ္မက္ခန္ဓာ ပေါင်း ရှစ်သောင်းလေးထောင်ရှိတဲ့ တရားတော်တွေထဲမှာလည်း တရားဓမ္မကို နာယူခြင်းဖြင့်
စိတ်ဓာတ် အေးငြိမ်းပြီး -
ရောဂါပျောက်သွားတဲ့မှတ်တမ်းတွေ ရှိတယ်။
ယနေ့ခေတ်မှာ psychotherapy လို့ခေါ်တဲ့
စိတ်ပိုင်းဆိုင်ရာပြဿနာကို ဆွေးနွေးအဖြေရှာပေးခြင်းနဲ့
စိတ်ရောဂါကို ကုစားပေးတယ်။
စိတ်ရောဂါကုတဲ့ ဆရာဝန်ကို psychiatrist လို့ ခေါ်ပြီး စိတ်ရောဂါအတွက် discussion လုပ်ပေးတဲ့ ပုဂ္ဂိုလ်ကို psychothera-pist လို့ခေါ်ကြတာပေါ့။
ဒါမျိုးက အခုခေတ်မှ ပေါ်တာမဟုတ်ဘူး။
ဗုဒ္ဓမြတ်စွာ လက်ထက်တုန်းကိုက ရှိခဲ့တာပါ။
ရောဂါနဲ့ ပတ်သက်လာရင် စိတ်ရောဂါတင်မကဘူး၊
ရုပ်ခန္ဓာကိုယ်ပေါ်မှာဖြစ်တဲ့ရောဂါကိုပင်လျှင်
စိတ်စွမ်းအားနဲ့ ကုစားကြတာတွေ ရှိတယ်။
ဗုဒ္ဓဘာသာနိုင်ငံတွေမှာ နေမကောင်းတဲ့အခါ
သံဃာတော် တွေကိုပင့်ပြီး ဗောဇ္ဈင်သုတ်တို့ ပရိတ်တို့
မနာကြဘူးဘား။ နာကြတယ်နော်။
ဒါဟာ psychotherapy တစ်မျိုးပဲ။
ဗောဇ္ဈင်သုတ် နာရတာနဲ့ ရောဂါပျောက်တယ် ဆိုတဲ့
ယုံကြည်ချက်နဲ့ လုပ်ကြတယ်။
ဗောဇ္ဈင်သုတ်နာရင် -
ဗုဒ္ဓမြတ်စွာလက်ထက်တုန်းက
လက်ဝဲရံ ဖြစ်တော်မူတဲ့ ဒုတိယသာဝက
အရှင်မဟာမောဂ္ဂလာန် အထေရ်မြတ် မကျန်းမမာ
ဖြစ်တော်မူတယ်။
ရဟန္တာ ဆိုပေမဲ့လည်း သွေးနဲ့သားနဲ့ကိုယ်ဆိုတော့
ရောဂါဖြစ်တဲ့အခါဖြစ်တာပဲ။
အပူအအေးရဲ့ ဒဏ်နဲ့ ဓာတ်လေးပါး မညီမျှမှုကြောင့်
ရောဂါဝေဒနာဖြစ်တယ်။ ဒီလို မကျန်းမမာရောဂါဝေဒနာ
ဖြစ်တဲ့ အခါမှာ မြတ်စွာဘုရားကိုယ်တော်တိုင် ကြွပြီး
ဗောဇ္ဈင်သုတ်ကို ဟောကြားပေးတော်မူတယ်။
အရှင်မဟာမောဂ္ဂလာန်ဟာ မြတ်စွာဘုရားဟောကြားတဲ့
ဗောဇ္ဈင်သုတ် တရားကို တရိုတသေနာရင်းနဲ့
ဆေးသောက်စရာမလိုဘဲ ရောဂါပျောက်သွားတယ်လို့ ဆိုတယ်။
ပျောက်သွားတာမှ တစ်ခါတည်း ပျောက်သွားတာတဲ့။
ဒီရောဂါမျိုး နောက်ထပ် မပေါ်ဘူး။
ဒိပြင် ရောဂါ တော့ ပေါ်ချင်ပေါ်မှာပေါ့နော်။
အခုခေတ် ဖေါ်စပ်တဲ့ ဆေးဝါးတွေမှာ ဘေးထွက်
ဆိုးကျိုးလို့ခေါ်တဲ့ side effect တွေရှိတယ်။
chemical နဲ့လုပ်ထားတဲ့ ဆေးဝါးတွေဟာ ပိုပြီး
side effect တွေများလို့ ယခုခေတ်
ဆေးပညာရှင်တွေ က ကမ္ဘာဦးက စခဲ့တဲ့
ဆေးပညာဘက်ကိုဦးလှည့်လာတယ်။
ဒါက အာယုဗ္ဗေဒနည်းနော်၊ herbal medicine နဲ့
ကုသဖို့ စိတ်ဝင်စားလာကြတယ်။
“နွယ်မြက်သစ်ပင် ဆေးဖက်ဝင်” ဆိုတဲ့အတိုင်း
နွယ် မြက်သစ်ပင်တွေကို ရှာဖွေ သုတေသနလုပ်ပြီး
ဖေါ်စပ်တဲ့ဆေးနဲ့ ကုသတဲ့နည်းတွေ အခုပြန်လည်နိုးထ
လာပြီးတဖြည်းဖြည်း ခေတ်စားလာတယ်။
ဘာဖြစ်လို့တုန်းဆိုရင် chemical နဲ့ဖော်စပ်ထားတဲ့
ဆေးတွေဟာ side effect တွေများလို့ ဖြစ်တယ်။
အဲဒီဆေးတွေက မူလရောဂါတော့ ပျောက်ပါရဲ့၊
နောက်ထပ် ရောဂါတစ်မျိုးပေါ်လာစေပြန် တယ်၊
နောက်ထပ်ပေါ်လာတဲ့ရောဂါကိုတစ်ခါ ဆေးတစ်မျိုးနဲ့
ကုရပြန်တယ်။ အဲဒီဆေးက တစ်ဖန် နောက်ထပ်
ရောဂါအသစ်တစ်မျိုးကိုမွေးဖွားပေးလိုက်ပြန်ရော။
အဲဒီလိုနဲ့ “ဂျာအေးသူ့အမေရိုက်”ဆိုတဲ့ သီချင်းလိုပဲ
“၀ိုင်းကြီး ပတ်ပတ်ဒူဝေဝေ” ဖြစ်နေတာပေါ့၊
ဆုံးကို မဆုံးနိုင်တော့ဘူး။
အေး ဒါ့ကြောင့် မြတ်စွာဘုရားရဲ့
psychotherapy ဆိုတာကိုမေ့ထားလို့
မသင့်ပေဘူးပေါ့။ မြတ်စွာဘုရား လက်ထက်က
psychotherapy ဆိုတဲ့ အခေါ်နဲ့ မဟုတ်ပေမဲ့လို့
ခုနက ဗောဇ္ဈင်သုတ် ဟောတာ နာကြားလိုက်ရလို့
ရောဂါပျောက်သွားတယ်ဆိုတာ psychotherapy ပဲ။
စိတ်ဓာတ်ရေးရာ ကို ပြုပြင်ပေးတာနဲ့ ရောဂါဝေဒနာ
ပျောက်တယ်တဲ့ ။ဒီနည်းနဲ့ အရှင်မဟာမောဂ္ဂလာန်
ရောဂါ ပျောက်သွားတယ်။
တစ်ခါက အရှင်မဟာကဿပလည်း
ပိပ္ပလိလိုဏ်ဂူထဲမှာ မကျန်းမမာ ဖြစ်နေတယ်။
ဆွမ်းခံ မကြွနိုင်ဘူး၊ ‘အာဗာဓိကော ဒုက္ခိတော
ဗာဠှဂိလာနော’တဲ့။ အာဗာဓိကော ဆိုတာ
တစ်ကိုယ်လုံးနာကျင် ကိုက်ခဲပြီးတော့နေတယ်။
ဗာဠှဂိလာနော အပြင်းအထန်နေမကောင်းဖြစ်နေတယ်။
အဲဒီလို အပြင်းအထန် နေမကောင်းဖြစ်လို့
ဒုက္ခိတော ဆင်းရဲဒုက္ခ ရောက်နေတဲ့အချိန်မှာ
မြတ်စွာဘုရားကိုယ် တိုင် ကြွသွားပြီးတော့
ရောဂါ အခြေအနေမေးမြန်းပြီး ဗောဇ္ဈင်သုတ်ကို
ဟောတော်မူတယ်။
ဗောဇ္ဈင်သုတ်ကို နာရင်း အရှင်မဟာကဿပဟာ
ဆေးမသောက်ရဘဲနဲ့ပျောက်သွားဖူးတယ်တဲ့ နော်။
【ပါချုပ် ဆရာတော်ဒေါက်တာ နန္ဒမာလာဘိဝံသ `ရောဂါကုစား စိတ်စွမ်းအား´တရားဒေသနာတော်မှ】