☆ ကိလေသာကို အထင်သေးလို့မရဘူး။ ရန်သူကို အထင်မသေးပါနဲ့။ ရန်သူကိုအထင်သေးရင်တော့ရှုံးမှာပဲ။

☆ ငါတို့က စခန်းပွဲဘယ်နှစ်ခါဝင်ပြီးပြီ။ တရားဘယ်နှစ်ခွေနာပြီးပြီ။ ကိလေသာလောက်ကတော့ နိုင်ပါတယ်ဆိုပြီး လျှော့တွက်လို့ ရပါ့မလား။ လျှော့တွက်
ရင် မဟာအမှားပဲ။ အဲဒါဆိုရင်တော့ ကိလေသာက နိုင်တော့မယ်။ ပစ္ဆိမဘဝဒါနောက်ဆုံးဘဝ၊ ပဋိသမ္ဘိဒါလေးပါးနဲ့ ရဟန္တာဖြစ်မဲ့ပုဂ္ဂိုလ်ကိုတောင် လှည့်စားပစ်တာ။ သူတော်ကောင်းအလုပ်ကို ကျျကနနမလုပ်နိုင်ဘူး။

☆ ကိလေသာတွေက အခွင့်အရေးမရသေးလို့ ငြိမ်နေတာ။ ကိလေသာတွေက ကျားလိုပဲ။ ကျားက ချုံထဲမှာ ငြိမ်နေတာ။ သားကောင် သူ့နားမရောက်သေးလို့ငြိမ်နေတာ။ သမင်တွေ ဒရယ်တွေ သူ့နားဖြတ်သွားပြီဆို ထအုပ်လိုက်တာ
ပဲ။ မလွတ်တော့ဘူး။

☆ အဲဒီလိုပဲ။ လောဘတွေ ဒေါသတွေ မောဟတွေက အခွင့်အရေးမရသေးလို့သူတော်ကောင်းကြီးကျနေတာ။ လောဘဟာ ကိုယ်လိုချင်သလောက် မရသေးလို့။ ဘာအဝတ်ပဲ ဝတ်ထားဝတ်ထား။ လူတိုင်းတော့ မဆိုလိုဘူးပေါ့ဗျာ။

☆ ပုထုဇဉ်တွေကတော့ လိုသလောက်မရသေးလို့ မိမိရဲ့ သီလသမာဓိ ပညာမပျက်စီးအောင် တည်တံ့အောင် ခဏထိန်း ထားတာ။ လိုသလောက်သာရလို့ကတော့ အဲဒီလောဘဟာ ချက်ချင်းကို မိမိရဲ့ သီလသမာဓိပညာကို ဖျက်ဆီး
ပစ်တယ်။ လောကအလယ်မှာ အရှက်မကွဲ ကွဲအောင် ခွဲဖြစ်တယ်။

☆သက်ရှိဖြစ်စေသက်မဲ့ဖြစ်စေကိုယ်လိုချင်သလောက်မရသေးလို့ သီလ သမာဓိ ပညာကို ဆက်ကျင့်နိုင်တာ။ ကိုယ်လိုချင်သလောက်သာရလို့ကတော့ချက်ချင်းထွက်ပစ်မှာ။ သီလ သမာဓိ ပညာ နောက်မှ ဆက်ကျင့်မယ်ဟေ့။
ဒီလို ဖြစ်သွားတာ။

☆ လိုချင်သလောက်မရနိုင်ဘူး။ သူ့အဆင့်အတန်းနဲ့သူ သူ့အရည်အချင်းနဲ့သူပဲရမှာပေါ့။ ကိုယ့်မှာ ဘာအရည်အချင်းမှမရှိဘဲ လျှောက်လိုချင်နေလို့ရပါ့မလား။
မရလို့လည်း သီလ သမာဓိ ပညာကိုထိန်းတာ။ လူပဲဖြစ်ဖြစ် ရဟန်းပဲဖြစ်ဖြစ်။သီလရှင်ပဲဖြစ်ဖြစ်. အတူတူပဲ။ ဒေါသကလည်း ဒီအတိုင်းပဲ။

☆ စိတ်ဆိုးလောက်အောင် မတွေ့သေးလို့ငြိမ်နေတာ။ စိတ်ဆိုးစရာကြုံလာပြီဆို မျက်စိမျက်နှာပျက်ပြီးတော့ တစ်ခါတည်း ဘီလူးဖြစ်သွားတာ။ သီလ သမာ
ဓိ ပညာကို ဖျက်ဆီးပစ်လိုက်တာ။ လောကအလယ်မှာ အရှက်ကွဲအောင် ခွဲပစ်လိုက်တာ။

☆ လောဘကလည်း အရှက်ခွဲဖို့စောင့်နေတယ်။ ဝိပဿ နာယောဂီဆိုတာကိုယ့်ရန်သူကိုမြင်ရမယ်။ ရန်သူဆိုတာ ဘေးကပရောဂတွေ၊ နတ်တွေ၊ ဒါကိုပြောတာမဟုတ်ဘူး။

☆ မိမိရင်ထဲက လောဘ ဒေါသကချောင်းနေတာ။ ကျားများသားကောင်ကို ငြိမ်ပြီးချောင်းသလို ကြောင်များ ကြွက်ကို ငြိမ်ပြီးချောင်းသလို၊ ရင်ထဲက လောဘ ဒေါသကလည်း ငြိမ်နေတာ အလကားငြိမ်နေတာမဟုတ်ဘူး။ လောကအလယ်မှာ အရှက်ကွဲအောင်-

☆ အသက်ဘယ်လောက်ပဲ ကြီးကြီး၊ ဆံပင်တွေပဲဖြူဖြူ၊ အရှက်ခွဲဖို့စောင့်နေတာ။ ဝတ်ထားတာကတော့ သူတော်ကောင်းအဝတ်ကြီး ဒေါသကလည်း အရှက်ခွဲ၊ လောဘကလည်း အရှက်ခွဲ မောဟကလည်း အရှက်ခွဲ။ အသက်အရွယ်ကိုလည်း မထောက်ဘူး။ မိမိရဲ့သိက္ခာကိုလည်း မထောက်ဘူး။

☆ လောဘဖြစ်စရာရှိ ဖြစ်တော့တာပဲ။ ဖြစ်မှာပဲ။ သူကလောဘရဲ့အကြောင်းကို လေ့လာမထားလို့ အထိုက်အလျောက် သူတော်ကောင်းအလုပ်ကလေး လုပ်နေလို့ရှိရင် တကယ့်သူတော်ကောင်းအစစ်ကြီးလို့ ကိုယ့်ကိုယ်ကို ထင်တယ်။

☆ ကိုယ့်ကိုယ်ကို အရမ်းအထင်ကြီးလို့မရဘူး။ အရမ်း အထင်ကြီးရင် မှားတာပဲ။ ကိုယ်က သာမန်လူပဲရှိသေးတယ်။

☆ လောဘဖြစ်စရာ ကျကျနနမတွေ့သေးလို့ ကိုယ်လိုချင်သလောက်မရသေးလို့ သူတော်ကောင်းအလုပ်ကို လုပ်တာ။ ကိုယ်လိုချင်သလောက်ရရင် သူတော်ကောင်းအလုပ်ကို ဖျက်ပစ်တာ။

☆ ဒေါသကလည်း ဒီအတိုင်းပဲ။ စိတ်ဆိုးခွင့်မကြုံသေးလို့ သူတော်ကောင်းအလုပ်ကို လုပ်တာ။ စိတ်ဆိုးခွင့်ကြုံလာရင် စိတ်ဆိုးတာပဲ။

☆ မောဟကလဲ ဒီအတိုင်းပဲ။ တွေဝေလောက်တဲ့အခြေအနေ မပေးသေးလို့ တွေဝေလောက်တဲ့အခြေအနေပေးရင် တွေဝေတာပဲ။ သူတော်ကောင်းအလုပ်က စ,လုံးရေစ,ပဲရှိသေးတယ်။

☆ မိမိကိုယ်မိမိ အထင်သေးလို့လည်းမရဘူး။ ဆက်ကြိုးစားရမယ်။ ဘယ်လောက်ပဲ မကောင်းတဲ့စိတ်တွေပေါ်ပေါ် နိုင်အောင်မှတ်ပစ်ရမယ်။ စိတ်ရှည်ရှည်ထားရမယ်။ မိမိကိုယ်မိမိ အထင်လည်းမသေးနဲ့။ အခုပြောတာ အထင်မကြီးဖို့။

☆ အဲဒီလို မဇ္ဈိမပဋိပဒါလည်း မျှယူရမယ်။ အထင်သေးရင်လည်း မှားတယ်။ အထင်ကြီးရင်လည်း မှားတာပဲ။ ကိလေသာကို ပေါ့ပေါ့ဆဆ လေးတွက်ပြီး
သတိပဋ္ဌာန်ကို ပေါ့ပေါ့ဆဆလုပ်ရင်လည်းအမှားပဲ။

☆ ရဟန္တာဖြစ်မယ့် ပုဂ္ဂိုလ်ကိုတောင် အရှက်ခွဲပစ်တာ။ တော်ကြာဝတ် တော်ကြာထွက် သူ့ကို ဘယ်သူမှ မလေးစားတော့ဘူး။

☆ ‘သြော်-မင်းရဲ့ခေါင်းကတော့ ဓားသွေးကျောက်ဖြစ်နေပြီ’ ဘယ်သူမှ မလေးစားဘူး။ သူ့ဇနီီးကလည်း မလေးစားဘူး။ သူ့ဇနီးရဲ့အမေ၊ သူ့ယောက္ခမက စိတ်ပူလို့ သူ့သမီးကိုလာပြောတယ်။

☆ ‘နင့်ယောကျ်ားတော့ ရဟန်းဝတ်ဖို့သွားပြန်ပြီ။ ဒီတစ်ခါတော့ ပြန်မလာတော့ဘူးနဲ့တူတယ်’

☆ ‘ပူမနေပါနဲ့အမေရယ် မကြာဘူးပြန်လာမှာပါ’တဲ့။ သမီးက အမေကို ပြန်ပြောတာကြည့်စမ်း -

☆ ဓာတ်သိဖြစ်နေတော့ သူရဟန်း ဝတ်တာကို ဘယ်သူမှ အထင်မကြီးဘူး။ တစ်ခါတည်း ရယ်စရာကိုဖြစ်နေတာ။ အဲဒီလို ရဟန္တာဖြစ်မဲ့ပုဂ္ဂိုလ်ကိုတောင်မှပဲ အရှက်ကွဲအောင် ကိလေသာတွေက နှိပ်စက်တယ်။ မိမိလည်းပဲ သတိမ
ထားရင် အရှက်ကွဲဖို့ မကျိန်းသေဘူးလား။

☆ ‘ကျိန်းသေပါတယ်ဘုရား’

☆ အဲဒါကို သိစေချင်ပါတယ် သူတော်ကောင်းတို့။ ငါတို့ စိတ်ကောင်းစိတ်မြတ်နဲ့ လုပ်နေတာပဲဆိုပြီး မပေါ့ပါနဲ့။ ဟောတဲ့သူရော နာတဲ့သူရော ဦးပဥ္ဇင်းတို့လည်း အတူတူပဲ။ ပေါ့တာနဲ့ အရှက်ကွဲမှာပဲ။ လောဘကလည်း အရှက်ခွဲဖို့
စောင့်နေတယ်။ ကိုယ့်နောက်မှာ ရန်သူကြီးသုံးယောက် အမြဲတမ်းရှီနေတယ်၊

☆ အဲဒါကို မြတ်စွာဘုရားက သတိပေးထားတာမမေ့ကြနဲ့။ မင်းတို့ကို မသေခင်မှာ အရှက်ခွဲမယ့် ကိလေသာတွေရှိတယ်။ သေရင်လည်း မင်းတို့ကို အပါယ်ဆွဲချမယ့် ကိလေသာတွေ ရှိတယ်။ ဒါကို မမေ့ကြနဲ့။ ဉာဏ်ပညာနဲ့ အဲဒီထိယူူလို့ရှိရင် မြတ်စွာဘုရားကို ကျေးဇူးဆပ်လို့ ကုန်ပါဦးမလား။

‘မကုန်ပါဘူးဘုရား’

☆ ‘အပ္ပမာဒေနသမ္ပာဒေထ’အဓိပ္ပာယ်ကို နက်နက်နဲနဲသိလေ မြတ်စွာဘုရားကို ကျေးဇူးတင်လေ။ နက်နက်နဲနဲမသိတဲ့သူကတော့ သြော်‘အပ္ပမာဒ’မမေ့
ကြနဲ့။ ဒီလောက်ပဲထင်တာ။ ဘယ်ဟုတ်မလဲ။ မမေ့ကြနဲ့ဆိုတာ ပေါ့ပေါ့လျှံလျှံလေးပေးထားတာ မဟုတ်ဘူး။

☆ မြစိမ်းတောင်ဆရာတော်☆