"နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ"
ဗုဒ္ဓဘာသာရဲ့ ဘာသာရေးအခမ်းအနားတွေမှာ "နမော တဿ" ဘုရားရှိခိုးနဲ့ ဖွင့်လှစ်တဲ့ ယဥ်ကျေးမှုလေးရှိတယ်။
ယဥ်ကျေးမှုဆိုတာ "အမွေဆက်ခံ ရရှိသော ကျင့်ဝတ်အလေ့အထ" လို့ ဖရန်စစ်ဖူကူယားမားက ဖွင့်ဆိုတယ်။
ကျင့်ဝတ်အလေ့အထ ဖြစ်လာတဲ့အရာတွေဟာကာလာကြာလွန်တဲ့အခါ မူရင်းအဓိပ္ပါယ်၊ ရည်ရွယ်ချက်၊ အနှစ်သာရ မှေးမှိန်ပျောက်ကွယ် သွားတာမျိုးရှိတတ်တယ်။
'ဗြဟ္မာမင်း၊ သိကြားမင်း၊ လူ့ပြည်က ဘုရင်အနွယ် ပသေနဒီကောသလ္လမင်း၊ ဗိမ္ဗိသာရမင်း၊ ပညာတတ်အနွယ် ဇာဏုသောဏိပုဏ္ဏား၊ ဗြဟ္မာယုပုဏ္ဏား၊ ပေါက္ခရသာတိပုဏ္ဏား၊ ဓနဉ္စာဏီပုဏ္ဏေးမ' တို့ ကမြတ်စွာဘုရားရှင်ကို ရှိခိုးတဲ့အခါ 'နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ' နဲ့ ရွတ်ဆိုရှိခိုးကြတယ်။
သမိုင်းကြောင်း အင်မတန်ကြီးကျယ်တန်ဖိုးရှိတဲ့ "နမော တဿ" ဘုရားရှိခိုးဟာ အလေ့အထအဖြစ် ရွတ်ဆိုရုံရွတ်ကြတဲ့အခါ အဓိပ္ပါယ်လေးနက်မှုကို ခံစားတတ်သူနည်းလာတယ်။
ဦးဇင်းက အိပ်ရာထနဲ့ အိပ်ရာဝင်ချိန်တိုင်း နမောတဿ ဘုရားရှိခိုးကို ရွတ်ဆိုဝတ်ပြုဖြစ်တယ်။ နေမကောင်းရင်တောင် အိပ်ရာထဲမှာပဲ လဲလျောင်းတဲ့အနေအထားနဲ့ မပျက်မကွက် ဝတ်ပြုတယ်။
နမောတဿ ကို ရွတ်ဆိုတိုင်း ဂုဏ်တော်ကို အတတ်နိုင်ဆုံး အဓိပ္ပါယ်ဖော် ခံစားတယ်။ ခံစားပုံလေးကို ​ပြောပြမယ်။
'နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ' မှာ မြတ်စွာဘုရားရဲ့ ဘဂဝါဂုဏ်တော် ၊ အရဟံဂုဏ်တော်၊ သမ္မာသမ္ဗုဒ္ဓဂုဏ်တော် သုံးပါး ပါဝင်တယ်။
'ဘဂဝါ - အလှတရား'
'ဘဂဝတော - ဘုန်းတော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား'
မြတ်စွာဘုရားရှင် ပိုင်ဆိုင်တဲ့ ဘုန်းတော်များစွာထဲမှာ ကျက်သရေမင်္ဂလာနဲ့ တင့်တယ်တော်မူတဲ့ 'သီရိ ဘုန်းတော်' ဆိုတာ ရှိတယ်။ ဘဝပေါင်းများစွာ ဖြည့်ဆည်းလာတဲ့ ပါရမီတော်ကြောင့် ဘုရားဖြစ်လာတဲ့ဘဝမှာ အသားအရေ၊ အရပ်အမောင်း၊ ကိုယ်နေကိုယ်ဟန်၊ အချိုးအဆစ် အလွန်တန်တင့်တော်မူတယ်။ စိတ်သန္တာန်မှာ ကိလေသာကင်းနေတဲ့အတွက် ခန္ဓာကိုယ်က ရောင်ခြည်တော်တွေထွက်ပြီး အင်မတန်ကို ကြည်ညိုကြည်နူးဖွယ်ကောင်းမှာပဲ။ 'ဘဂဝါ' ဂုဏ်ကိုရွတ်ဆိုတဲ့အခါ မိမိဉာဏ်မီသမျှဆင်ခြင်ပြီး ခြုံငုံမိတဲ့ 'အလှတရား' ဆိုတဲ့စကားတစ်ခွန်းနဲ့ အဓိပ္ပါယ်ဖော်ယူလိုက်တယ်။ မြတ်စွာဘုရားရှင်ရဲ့ ကျက်သရေတင့်တယ်ပုံ အလှတရားကို မြင်ယောင်လာရင် အဲအချိန်စိတ်ထဲမှာ ကြည်နူးနေတော့ပဲ။
'အရဟံ - ငြိမ်းအေးခြင်း'
'အရဟတော- ကိလေသာအားလုံးကို စရိုက်ဝါသနာနှင့်တကွ စွန့်ပယ်ပြီးတော်မူသော မြတ်စွာဘုရား'
ကိလေသကင်းနေတဲ့စိတ်ဟာ အလွန်ကိုအေးချမ်းငြိမ်သက်မှာပေါ့။ ဦးဇင်းတို့တွေက ကိလေသာတွေကြောင့် ပင်ပန်းပူလောင် နေရတာ။ တရားအားထုတ်လို့ နှာသီးဖျားမှာ စိတ်တည်လေးတည်နေပြီ၊ ဘာအတွေးမှ နှောက်ယှက်မှု မရှိဘူး၊ အဲဒီအချိန်မှာ ကိသောကယာယီကင်းလွတ်ခွင့်ရလို့ စိတ်ထဲတိတ်ဆိတ်နေအေးချမ်းနေလိုက်တာများ အင်မတန်အရသာရှိပဲ။ တရားအားထုတ်လို့ သမာဓိခဏရချိန်မှာတောင် ဒီလောက်ငြိမ်းချမ်းနေရင် ကိလေသာထကြွမှုလုံးဝမရှိတဲ့ ဘုရားရှင်တော်မြတ်ဆို ဘယ်လောက်'ငြိမ်းအေး'နေလိုက်မလဲနော်။ ဒီလိုလေးဆင်ခြင်ပြီး 'အရဟံဂုဏ်တော်'ကို ရွတ်ဆိုချိန် ရင်ထဲမှာတကယ် ငြိမ်းအေးနေတယ်။
'သမ္မာသမ္ဗုဒ္ဓ - လွတ်လပ်ခြင်း"
'သမ္မာသမ္ဗုဒ္ဓဿ - သိစရာမှန်သမျှကို မိမိကိုယ်တိုင် ထိုးထွင်းသိမြင်တော်မူသော မြတ်စွာဘုရား'
သတ္တဝါတွေမှာ သိစရာကများသလောက် သိနိုင်စွမ်းက အကန့်အသတ်ရှိတယ်။ တရားပဲ ဆိုပါဦးစို့။ တရားအကြောင်း တစ်ခုသိချင်နေတယ်။ ဘယ်သူ့မေးရမှန်းလည်းမသိ၊ ဘယ်စာအုပ်ဖတ်ရမှန်းလည်းမသိ၊ သိချင်စိတ်ကလည်ပြင်းပြနဲ့ စိတ်ထဲမှာရှုပ်ထွေးပြီး သံသယတွေနဲ့ တင်းကြပ်ပြီး မလွတ်လပ်လိုက်တာ။ ခံစားဖူးကြလေမလားပဲ။ ဘုရားရှင်ကျတော့ သူသိချင်ပြီဆိုရင် နှလုံးသွင်းအာရုံပြုလိုက်တာနဲ့ ဉာဏ်ပေါ်မှာ အရာအားလုံး ထင်ရှားနေတယ်။ ဘုရားရှင်ရဲ့စိတ်တော်ဟာ လွတ်လပ်ကြည်လင်နေမှာပဲနော်လို့ ခံစားမိတယ်။ အဲလိုလေးဆင်ခြင်မိရင် စိတ်ထဲအတော်ပေါ့သွားတယ်။
ဘဂဝတော (အလှတရား) အရဟတော(ငြိမ်းအေးမှု) ၊ သမ္မာသမ္ဗုဒ္ဓဿ(လွတ်လပ်ခြင်း)
ဂုဏ်တော်တို့ နှင့် ပြည့်စုံတော်မူသော
တဿ - ထိုမြတ်စွာဘုရားရှင်အား ၊ နမော - ရိုသောစွာရှိခိုးပါ၏။
အရှင်ပညာသီရိ(ရမ္မာကျွန်း)
မှတ်ချက်။ ။ ဂုဏ်တော်များ၏ အရသာကို အကျယ်ဝံ့ ခံစားလိုပါက တောင်မြို့ဆရာတော်၏’ရတနာ့ဂုဏ်ရည်' ကျမ်းစာ ဖတ်ကြပါကုန်။