စင်္ကာပူမှာကျေးဇူးရှင်ဗန်းမော်ဆရာတော်ဘုရားကြီး ဦးဆောင်ပြီးတော့ အဘိဓမ္မာဒေသနာတော်မြတ် ဖြစ်တဲ့ ပဋ္ဌာန်းတရားတော်ကို
မတ်လ ၂၀ ရက်နေ့မှ ၂၈ ရက်နေ့ တိုင်အောင် ခြိမ့်ခြိမ့်သဲသဲ
ကျင်းပနေတာ ကို ကြားသိနေရတဲ့ ဒကာလေး တစ်ယောက် က မေးတယ်၊
အရှင်ဘုရား -
အခုလို ပဋ္ဌာန်းရွတ်တာ ဘယ်လို အကျိုးကျေးဇူးတွေ ရလာနိုင်မလဲ ၊
တပည့်တော်တို့လဲ ရွတ်လိုပါတယ် နည်းလမ်း ညွန်ပြပေးပါ - တဲ့။
ဒကာလေး -
စာမေးပွဲ အောင်ချင်လို့ ပဋ္ဌာန်း ( ပရိတ်ကြီး ) ရွတ်ခဲ့ဖူးတယ်၊
အောင်လဲ အောင်ခဲ့တယ်၊
လိုချင်တာ ဖြစ်ချင်တာတွေ ပြည့်ဝဖို့လဲ ရွတ်ခဲ့ဖူးတယ်၊
အချို့ ပြည့်စုံခဲ့တယ်၊နောက်ဆုံး ပဋ္ဌာန်းတရား( ပရိတ် )တရား တော်နဲ့ လူ့ နှစ်ယောက်ကို အသက်ကယ် ခဲ့ဖူးတယ် - လို့ ပြောလို်က်တော့ တော်တော် စိတ်ဝင်စားသွားတယ် ထင်တယ်။
တင်ပါ -
ပြောပါအုံး ဘုရား တော်တော် စိတ်ဝင်စားစရာ ကောင်းလာပြီ တဲ့၊
အေး -
ဘဝမှာ ငယ်ငယ်ကတည်းက စာမေးပွဲ အောင်ချင်လို့
ပဋ္ဌာန်း ( ပရိတ်ကြီး ၁၁ သုတ်ရော ) ရွတ်ခဲ့ဖူးတယ်၊
တကယ်လဲ အောင်နိုင်ခဲ့ပါတယ်၊
ဒါကလဲ ကိုယ့်ရှေ့က အောင်မြင်ပြီးသူတွေကို မေးလို့ သိရတာပါ၊
သူများက အောင်သွားပြီး ကိုယ်က တဘုံးဘုံးကျနေလို့ နည်းလမ်းလေးများ ရှိမလားလို့ မေးမိလို့ သိခဲ့ရတယ်၊
သစ်ရွက်မှာ ဂါထာတွေ ရေးပြီး ဆောင်ခိုင်းတာတို့၊
ခဲတံ ပေတံ ဘောပင် ကွန်ပါဘူး စတာတွေကို သိဒ္ဓိတင်ပြီး
စာဖြေတာတွေလဲ ကြားနေရတယ်၊
ယတြာချေတာ၊ ခေါစာပစ်တာ
( ခေါစာ ပစ်ခြင်း ဆိုသည်မှာ ကြိမ်ခြင်း ပလစ်စတစ်ခြင်း တခုခု ထဲ၌
ထမင်း ဟင်း မုန့် သားရေစာ စသည် အစုံထည့်ပြီး လမ်းလေးခွဆုံနေရာ၌ တစ္ဆေ သရဲ မှင်စာ တို့ စားဖို့ စွန့်ကြဲ ပေးကမ်းခြငး်ဖြစ်သည် )
တို့ မလုပ်ခဲ့မိပါဘူး။
တကယ်တော့ အရာရာ အောင်မြင်ဖို့ ကံ ဉာဏ် ၀ိရီယ စုံရသလိုပဲ
ကိုယ့်ကုသိုလ်ကံ ကောင်းဖို့ မြှင့်တင်ပေးတဲ့ သဘောပါ၊
ဉာဏ်စိုက်ပြီး ကြိုးစားမှု့ ဝီရိယ တော့ သုံးရမှာပါပဲ။
အရင်နှစ်တွေက ဉာဏ် ဝီရိယ ရှိပေမယ့် မအောင်မြင်နိုင်တဲ့ စာမေးပွဲဟာ အဲဒီနှစ် ကံ ဉာဏ် ၀ိရီယ စုံတော့ အောင်ပြီပေါ့။
လူတွေမှာ ဆယ်တန်း စာမေးပွဲဟာ ဘဝ တဆစ်ချိုး ပြောင်းပေးနိုင်တယ်
ဆိုရင် စာရေးသူရည်ညွန်းတဲ့ စာမေးပွဲဟာလဲ ပြောင်းပေးနိုင်တယ်၊
တချို့များ ဘဝ ပြောင်းပြီး လူ့ဘောင် ရောက်ကြရတဲ့ အထိပေါ့။
နောက်ပြီး အမှန်အတိုင်း ဝန်ခံရရင် လိုချင်တာတွေ ဖြစ်ချင်တာတွေ
များလာပြီဆိုရင်လဲ ပဋ္ဌာန်း နဲ့ ပရိတ်ကို နာနာ ရွတ်မိတယ်၊
ဝတ်တခုအနေနဲ့ မပျက်မကွက်အောင် အဓိဋ္ဌာန် ရွတ်မိခဲ့တယ်၊
တကယ်လဲ လိုချင်တာတွေ အားလုံးနီးပါး ပြည့်စုံနိုင်ခဲ့တယ်၊
ဥပမာ ဒီနှစ် ငါ ဘယ်လို တွေ ဖြစ်အောင် လုပ်မယ်၊
ဘာတွေ ဖြစ်အောင် တော့ အားထုတ်လိုက်မယ် စသည်ပေါ့၊
တခုခုကို စိတ်ထဲက နှစ်နှစ် ကာကာ ဇောက်ချ လဲ လုပ်ပေးတယ်ဆိုရင် ဖြစ်လာတာက များတယ်၊ ပဋ္ဌာန်းပဲ ရွတ်နေပြီး စာမကျက်ပဲ အလုပ်မလုပ်ပဲ ထိုင်နေရင်တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး၊
နောက်တမျိုးက အလုပ်တခုကို အဓိပတိ တပ်ပြီး လုပ်ရတယ်၊
အဓိပတိကလည်းလေးပါးရှိတယ်၊ အဲဒီ လေးပါးလုံး ပြည့်စုံပါစေ -
မဖြစ်ဘူး မအောင်မြင်ဘူး ဆိုတာ မရှိစေရဘူး လို့ ဘုရားရှင်က
အာမခံထားတယ်၊
၁ ၊ ဆန္ဒာဓိပတိ - သာမာန် ဖြစ်ချင်တဲ့ စိတ်ဓာတ် မဟုတ်ပဲ စိတ်ဓာတ် ပြင်းထန်နေရမယ်၊ ( ဆန္ဒ - အဓိပတိ - သာမာန်စိတ်မဟုတ်ပဲ ကဲလွန်ခြင်း )
၂၊ ဝီရိယာဓိပတိ - ကြိုးစားမှု့ ဝီရိယ လဲ ရှိရမယ်၊ ( ဝီရိယ - အဓိပတိ )
၃ ၊ စိတ္တာဓိပတိ - ငါ ဖြစ်ကို ဖြစ်ရမယ် အောင်မြင်စေရမယ် ဆိုတဲ့ စိတ်မျိုးပေါ့၊ သွားလဲ ဒီစိတ်၊ စားလဲ ဒီစိတ် ပုံစံမျိုး ပြင်းထန်ရမယ်၊ ( စိတ္တ - အဓိပတိ )
၄ ၊ ဝီမံသာဓိပတိ - ဒါကို ဘယ်လို လုပ်ရင် အောင်မြင်နိုင်မလဲ ၊ စသည်တွေးတောကြံဆတာမျိုး၊ ရှေ့က လူတွေကို နည်းလမ်းမသိသေးရင် မေးမြန်းတာမျိုး ဆိုတဲ့ ထက်မြက်တဲ့ ဖြတ်ထိုးဉာဏ်မျိုးလဲ ရှိရမယ် တဲ့။
( ဝီမံသ -ကြောင်းကျိုး စဉ်းစားတွေးခေါ်တတ်တဲ့ ပညာ ၊ အဓိပတိ )
ကဲ မင်းရော ဘယ်နှစ်မျိုး ပြည့်စုံနိုင်ပြီ လဲ -
လို့ အလစ်အငိုက် အမေးခံလိုက်ရတော့ -
တင်ပါ့ -
အရှင်ဘုရား ရေရေ လည်လည် ထိတယ်၊
ဘာဖြေရမှန်းတောင် မသိတော့ဘူး တဲ့၊
အေး ထားပါတော့ -
ဒါက မင်းတို့ဘဝမှာ စီးပွားရေး လူမှုရေး ဘာသာရေး ဘာရေးပဲ
ဖြစ်ဖြစ် ဖြစ်ဖြစ်မြောက်မြောက် အောင်အောင်မြင်မြင် လုပ်ချင်တယ်
ဆိုရင် မှတ်သားထားပေါ့။
နောက်တချက်ကတော့ အဲဒီ ပဋ္ဌာန်း တရားနဲ့ လူ့အသက်ကို ၂ ယောက်
ကယ်ခဲ့ဖူးတယ်၊ ကယ်လို့ မရခဲ့တာတွေလဲ ရှိတာပေါ့လေ။
ရဟန်းသံဃာ နဲ့ သေခါနီး လူနာ ဆိုတာက မိတ်ဆွေတွေကိုး၊
ဘုရားရှင် လက်ထက်တော်ကတည်းက ဒီအလေ့အထက ရှိခဲ့တယ်
ဆိုတော့ မဆန်းပါဘူး၊
ဘယ်လိုမှ ကင်းလို့ မရဘူး၊ ရက်ကွက်ထဲ လူနာတယောက်
အခြေအနေ သိပ် မဟန်တော့ဘူး ဆိုရင် သေခါနီး ဘဝကူးကောင်းဖို့
ပရိတ် ပဋ္ဌာန်း ရွတ်ပေးဖို့ လာပင့်ကြတော့တာကိုး၊
တချို့များ သေပြီး နောက် ၃ ရက် ၄ ရက် အလောင်းကြီးကို ထားတယ်၊
အညာဒေသ နေကလဲ ပူ ဆိုတော့ အသုဘ ချတဲ့ရက် မှာ နံစော်နေပြီ၊
သံဃာတွေက အဲဒီအနားကပ်ပြီး အသုဘ ရှု့ရတယ်၊
နံလိုက်တာ မပြောပါနဲ့တော့၊
ဒါကတော့ ဘုန်းကြီး ဖြစ်ရတဲ့ ဒုက္ခပေါ့လေ။
တချို့လူများ သတိထားစရာ ကောင်းပါတယ်။
ဒါကြောင့် ကိုယ့်လက်ထဲ နဲ့ ကိုယ့်ရှေ့မှာ အသက်ထွက် သေသွားတဲ့
လူတွေ ဆရာတော်ကြီးတွေ ကတော့ တော်တော် များတယ်၊
ရေတွက်လို့တောင် မလွယ်ဘူး၊
ဒီအထဲကမှ ရှားရှားပါးပါး စာရေးသူ အသက် ၂၅ နှစ် သိက္ခာ ၅ ၀ါ
အရွယ်လောက်ကပေါ့။
ဓမ္မာစရိယစာမေးပွဲ အောင်ပြီးကာစ စာတွေက ပါးစပ်ထဲမှာတော့ ရှိတယ်၊ လက်တွေ့ ပြင်ပလောကဘဝမှာ အသုံးမချတတ်သေးဘူး၊
အဲဒီအချိန် တိုက်တိုက်ဆိုင်ဆိုင် ဧရာဝတီတိုင်း ကွမ်းခြံကုန်းမြို့နယ်
မယ်ရကုန်းရွာ ဆိုတာ ရှိတယ် ၊ တော်တော် ဝေးလံ ခေါင်သီတဲ့နေရာပါ၊
သင်္ဘောတတန် ကားတတန် အဲဒီခေတ်က ထော်လာဂျီ နဲ့တောင်
သွားရတယ်၊
ရောက်ပြီး လေးငါးရက် မြောက်မှာ စတည်းချတဲ့ ကျေးရွာ
ဘုန်းကြီးကျောင်းရဲ့ အနောက်ဖက်က အိမ်တအိမ်မှာ
အဖိုးကြီးတယောက် နေမကောင်းဖြစ်နေတာကြာပြီပေါ့လေ။
အဲဒီ အဖိုးကြီးက ဘယ်လောက်ဆင်းရဲသလဲ ဆိုရင် ညပိုင်း အိမ်မှာ
ထွန်းစရာ ဖယောင်းတိုင်တောင် မပြည့်စုံဘူး၊ မဝယ်နိုင်ဘူး၊
သားသမီးတွေ ၄ ယောက် နဲ့ အဖွားကြီးနဲ့ အားလုံး မိသားစု ၆ ယောက်ပေါ့၊ အိမ်က မိုးလုံခြုံတယ် ဆိုရုံပဲ၊ အရွယ်ရောက်တဲ့ သားသမီး ၂ ယောက်ကလဲ မပြုစုပဲ ပစ်ထားတယ်၊
ဆိုပါတော့ အဲဒီအိမ်က စာရေးသူကို လာပင့်တယ်၊
ဒကာကြီးက အိမ်မှာ အခြေအနေ ဆိုးနေသတဲ့၊ညနေပိုင်း မှောင်ရီ ပျိုးစ
အချိန် ၆ နာရီခွဲ ၇ နာရီလောက်မှာပေါ့၊
တောရွာဆိုတော့ တော်တော် မှောင်နေပါပြီ၊ဆိုလိုတာက
အမှောင်ကြိုက်တဲ့ သစ္ဆေ သရဲ မှင်စာ တွေ အစာရှာ ထွက်တဲ့အချိန်ပေါ့။ အဲဒီအချိန်မှာပဲ - -
"ဟေ့ သွားကြ.
ငါ့ကို လာမခေါ်နဲ့ … …
ငါ မင်းတို့နဲ့ မလိုက်နို်င်ဘူး … …
သွား … …သွား
ငါ့ အိမ်ထဲကို ဝင်မလာ ကြနဲ့၊
ငါ မလိုက်ဘူး "
ဆိုပြီး ပါးစပ်က အော်နေတယ်၊
အိမ်ထဲ ဝင်သွားတော့ လူနာနားမှာ ဖယောင်းတိုင် သေးသေးလေး
တတိုင်အလင်းရောင်ရတယ် ဆိုရုံပဲ ထွန်းထားတယ်၊
ဒကာကြီးရဲ့ ဦးခေါင်းနား အထိ တိုးကပ်သွားပြီး -
သူ သတိဝင်လာအောင် လက်ဖဝါးကို တင်းတင်းဆုတ်ကိုင်ပြီး -
ဒကာကြီး ဘာမှ မပူနဲ့၊ ဦးဇင်း ရောက်လာပြီ၊
စိတ်အား မငယ်နဲ့ လို့ ပထမဆုံး အားပေးစကားတွေ ပြောပေးရတယ်၊
နောက်တော့ သောက်တော်ရေ တခွက်ခပ်ခို်င်းပြီး လူနာ နားမှာ
ထားစေကာ - သူတော်ကောင်း သာသနာတော်စောင့်
နတ်ကောင်းနတ်မြတ်တွေကို ဖိတ်မာန်ပြီး
မေတ္တာပို့၊ ဂုဏ်တော်ရွတ်ပေးပါတယ်၊
နောက်တော့ ပဋ္ဌာန်း ပစ္စယုဒ္ဒေသနဲ့ ပစ္စယနိဒ္ဒေသ
အကျယ်ကို ရွတ်ပေးတယ်၊
ဒါလောက်နဲ့ ပြည်စုံမယ် ထင်လို့ ရပ်ထားပြီး စကားဆက်ပြောနေဆဲပဲ၊
၅ မိနစ်လောက်ပဲ ကြာမယ် ၊ လူနာက ပြန်ပြီး အလန့်တကြား
အော်နေပြန်ရော၊
( သူ့စကားအရ လူမည်းမည်းကြီးတွေက အိမ်ခြံ ဝင်းပေါက်
အပြင်ဘက်ကနေ ခေါ်နေကြသတဲ့၊)
အမှန်က ပိဋကတ်ကျမ်းစာတွေ အလိုအရ သူ့ဘဝရဲ့ နောက်ဆုံးအချိန်
ဂတိနိမိတ် လို့ ခေါ်တဲ့ သူ သွားရောက်ရမည့် ဘဝတွေကို ကြိုတင်
မြင်နေ ထင်နေတာပါ၊
၁။ တချို့က ငရဲခွေးတွေ ခွေးနက်ကြီးတွေ ၀ိုင်းဆွဲခံရတာမျိုး
မြင်နေရရင် ငရဲဘုံကို ရောက်လိမ့်မယ် ၊
၂။ တောတွေ တောင်တွေ မြင်နေရတာမျိုး၊ သမုဒ္ဒရာ မြစ်ကမ်းတွေ
မြင်နေရပြီ ဆိုရင် ကိုယ်နေရမယ့်နေရာ ပေါ့၊ ပြိတ္တာ သစ္ဆေ သရဲ စတဲ့ နာနာဘာဝတွေ ဖြစ်တတ်တယ်၊
၃။ တိရိစ္ဆာန်တွေ၊ သူတို့ရဲ့ ပျော်မြူးနေပုံတွေ မြင်ကွင်းမှာ ပေါ်နေရင်
တိရိစ္ဆာန်ဘုံ ရောက်ရလိမ့်မယ်၊
၄။ အမိ ဝမ်းရေ စတဲ့ နီနီ ရဲရဲ အသားအရေတွေကို မြင်နေရရင်
လူ့ဘဝကို ပြန်လည် ဝင်စားရောက်ရှိလာနိုင်သတဲ့၊
ဒါဆို စာပေ အထောက်အထားအရ အဲဒီ ဒကာကြီးက
ငရဲကို သွားရမယ် ဆိုတဲ့ အရိပ်နိမိတ် ဆိုတာ သိလိုက်တယ်၊
ဒါကြောင့်လဲ အားတက်သရော စိတ်ပါလက်ပါ ရွတ်ပေးခဲ့တယ်၊
လက်ဖဝါးကို ဆုတ်ကိုင်ထားတာက သူက ဝေဒနာခံစားနေရတော့
ဦးဇငး်ရဲ့ အသံကို သတိလွတ်သွားပြီး အာရုံ ပြောင်းသွားမှာ
စိုးရိမ်လို့ ကြိုတွေးထားလို့ပါ။
သူ့ဘဝမှာ ဆင်းရဲ နုံချာလွန်းတော့ အလှူဒါန ကုသိုလ်ကောင်းမှု့
ဆိုတာ မရှိသလောက်ပဲ၊ တခြားကုသိုလ် တွေလဲ သိပ်မရှိဘူး တဲ့၊
တကယ်တော့ ငွေမကုန်ပဲ ရနို်င်တဲ့ ကုသိုလ်ကောင်းမှု့တွေ
အများကြိးရှိပါတယ်၊
ကိုယ်တိုင် စဉ်းစားဉာဏ် မရှိတော့ ကုသိုလ် ရအောင် မယူနိုင်ခဲ့ဘူးပေါ့၊
သီလတွေ ဘာဝနာတွေ ဆိုတာတော့ ဝေလာဝေး။
အတိုချုံး ပြောရရင် တချိန်လုံး လက်ကို ဆုတ်ကိုင်ထားပြီး
ပရိတ်ကြီး ၁၁ သုတ်လုံးကို ရွတ်ပေးရပြန်တယ်၊
ပြီးတော့ အမျှဝေ ပေးတယ်၊
ဒီနောက်တော့ ကိုယ်လဲ မောပြီ၊ ဘာမှ အမောပြေ သောက်စရာက
မရှိဘူးလေ၊ ရွတ်ဖတ်လို့ ပြီးတာနဲ့ စောစောက သောက်တော်ရေခွက်
ပရိတ်ရေကို သောက်လဲ သောက်စေတယ်၊
မျက်နှာကိုလဲ ပက်ဖျန်းစေတယ်၊ ဒီလိုနဲ့ ပထမရက် အဆင်ပြေသွားတယ်၊
ဒုတိယ ရက်လဲ အတူတူပဲ ၊ ည မှောင်ရီပျိုးစ အချိန် သွေးရူးသွေးတန်း
အော်နေလို့ လာပင့်ကြပြန်တယ်၊
အိမ်ကိုကြွဖို့ ပြင်နေဆဲမှာပဲ ကျောင်းမှာ ဝေယျာဝစ္စ ခိုင်းစရာ
လုပ်နေတဲ့ ဒကာတယောက်က ထစ်ထစ်ငေါ့ငေါ့ နဲ့ လျောက်တယ်၊
( သူက စကားထစ်နေတယ် )သူပြောတာလဲ ဟုတ်ပါတယ်၊
အဲဒီ အိမ်က ဘာမှ မလှူနိုင်လို့ ရွာခံ ကိုယ်တော်တွေကိုတောင်
မပင့်ရဲလို့ မပင့်ဘူး တဲ့၊
ဒါကြောင့် လူစိမ်း အာဂန္တုဖြစ်တဲ့ ဦးဇင်းကို ပင့်တယ်ပေါ့လေ။
ကြွမသွားပါနဲ့၊ အဲဒီအိမ် ပရိတ်ရွတ်ကြွရင် ဦးဇင်း ဘာမှ ရမှာ မဟုတ်ဘူးတဲ့၊
သူက တခြား ဘုန်းကြီးတွေ ပရိတ်ရွတ်ရင် ဝတ္ထုငွေ ရတယ် ဆိုတာ
သိနေတာကိုး၊
ဒီတော့မှ -
အေး ငါက ဘာမှ မရနိုင်ဘူးဆိုတာ သိတယ်၊ ငါက စေတနာ
သက်သက်နဲ့ ရွတ်ပေးမှာ လို့ သူ့ကို နားလည်အောင် ပြောရသေးတယ်၊
ဒုတိယနေ့မှာလဲ အရင်ရက်ကလိုပဲ ရွတ်ပေးရတယ်၊
ပဋ္ဌာန်း နဲ့ ပရိတ်ကြီး ၁၁ သုတ်လုံးပဲ၊ နောက်တော့ အမျှဝေ ပေးခဲ့တာပါ၊
အဲဒီနောက်တော့ ရွာကနေ ရန်ကုန်ကို ပြန်ကြွလာခဲ့ရတယ်၊
အံ့သြစရာ ကောင်းတာက အဲဒီဒကာကြီးက နောက် တပတ်လောက်ကြာ တဲ့ အခါ နာလန်ထူလာပြီး လူကောင်းပကတိ လို သွား လာ လှုပ်ရှားနေတယ် လို့ ဒကာတွေက လျောက်ထားလို့ သိရတယ်၊
ကိုယ်တိုင်လဲ ပီတိဖြစ်ရတာပေါ့။ လွန်ခဲ့တဲ့ ၅ နှစ်ကျော်က အဖြစ်အပျက် ဆိုတော့ အခုအထိ အသက်ရှင်သေးသလား ဆိုတာရယ် ၊
နာမည်ရယ်တော့ မှတ်မထားမိဘူး၊ ခဏတွေ့တုံး ကယ်တင်ပေးလိုက်တာပါ၊
နောက်တယောက်ကတော့ ဒကာမကြီးတယောက် မန္တလေးက၊
သူလဲ အတူတူပါပဲ၊ အဲဒီလို အော်ခေါ်နေတယ်၊ မလိုက်နိုင်ဘူး၊
မခေါ်နဲ့ - စသည် အော်နေတာပေါ့။
သားသမီးတွေက ဘာလုပ်ရမလဲ မသိဘူး၊
ဒါနဲ့ ကိုယ်လဲ လူနာ သွားမေးတဲ့ အချိန်နဲ့ ကြုံနေတာကြောင့် ရွတ်ပေးခဲ့တယ်၊ နောက်ရက်တွေမှှာ သာမာန် ဖျားနာတဲ့ သူလိုပဲ ဖြစ်တော့တယ်၊
ကျမ္မာလာတယ်လို့ သိရပါတယ်၊
တကယ်တော့ နည်းလမ်း သိသွားပြီလေ၊ အနာ သိတော့ ဆေးက
ရှိနေပြီကိုး၊ ဒီဆေးနည်းပဲ ပေးရုံ ရှိတယ်၊
ဒီနည်းကလဲ ရောဂါပျောက်တယ် သက်သာတယ် ဆိုတော့ ပြီးပြီပေါ့၊
တို်က်တိုက်ဆိုင်ဆိုင် စကားစပ်မိိလိို့ ပြောရအုံးမယ်၊
အဲဒီ မယ်ရကုန်း ရွာမှာပဲ ဒကာမကြီးတယောက်ရှိတယ်၊
သူက ဘာသာရေး သိပ်လိုက်စားပြီး ပရိတ် ပဋ္ဌာန်း ဓမ္မစင်္ကြာသုတ် အနတ္တလက္ခဏသုတ် အို စုံနေတာပဲ အမြဲ ရွတ်ဖတ် သရဇ္စျာယ်တယ် ဆိုပဲ၊
နောက်ပြီး နတ် ဗြဟ္မာတွေ ချစ်ခံရအောင် လို့တဲ့ ၊
မဟာသမယသုတ်ကိုလဲ ညည သန်းခေါင် ၁၂ နာရီလောက်
တရွာလုံး အိပ်နေချိန်မှာ အော်အော်ပြီး ရွတ်တယ်၊
မရွတ်ခင် ပရလောကက ပုဂ္ဂိုလ်အားလုံးကိုလဲ လာရောက်
တရား နာယူကြဖို့ ဖိတ်ခေါ်တယ် တဲ့၊
ည သန်းခေါင် လောက် မဟာသမယသုတ်ကို ရွတ်နေဆဲအချိန်
တရက်တော့ စိတ်ထဲမှာ သူရွတ်နေတာကို အများက ၀ိုင်းဝန်း
စိုက်ကြည့်နေကြတယ် လို့ ခံစားမိတာနဲ့ အိမ်ဝင်း အပြင်ဘက်လှမ်းကြည့် လိုက် ချိန်မှာ
-- အိုး - - ပုံစံ မျိုးစုံ မျက်နှာ မျိုးစုံ နဲ့ အိမ်ထဲကို စုပြုံပြီး
စိုက်ကြည့်နေကြတာကို မြင်နေရ သတဲ့၊
ဒီနောက်တော့ ဒကာမလဲ ကြောက်လို့ မရွတ်ဖတ် ရဲတော့ဘူး၊
ပြဿနာကို စာရေးသူကို မေးတယ်၊
အေး ကိုယ်က ဖိတ်ထားမှတော့ သူတို့က လာပြီပေါ့၊
လာမှ ကြောက်မနေတော့နဲ့၊ အထူးသဖြင့် နာမည်တွေ ဘာတွေ ရွတ်ပြီး
မဖိတ်ပါနဲ့၊ ရွတ်လိုက် မရွတ်လိုက် ဖြစ်ရင် သူတို့က ကြိုက်မှာ မဟုတ်ဘူး၊
ကိုယ့် လူသားတွေတောင်မှ ကိုယ်က မေတ္တာပေးလိုက်
မပေးလိုက်လုပ်ရင် စိတ်ကွက်တာ တွေ စိတ်ဆိုးတာတွေ ရှိတတ်ကြတယ်၊
တကယ်တော့ နာနာဘာဝတွေက အမျှကုသိုလ် လိုချင်လို့
၀ိုင်းရံနေကြတာပါ၊ သူက ကြောက်နေတော့ မဖြစ်တော့ဘူးပေါ့။
ဒါကြောင့် ရွတ်ဖတ်တာကိုလဲ သတိထား ရွတ်စေချင်ပါတယ်၊
သူများထက် ထူးပြီး လုပ်ရင် ထူးပြီး ဖြစ်တတ်တယ် ဆိုတာ သတိထားဖို့ပါ။
ကဲ ဒီလောက်ဆို ပဋ္ဌာန်းရွတ်တာ က ဘယ်လောက် အကျိုးများတယ်
ဆိုတာ သိလောက်ပါပြီ ဒကာလေးရေ ၊
ဘုရားရှင်ရဲ့ တရားတော်တွေက အသုံးချတတ်ရင် အသုံးချတတ်သလို
ပစ္စုပ္ပန်ဘဝ တမလွန်တွေမှာ အကျိုးပေးနိုင်တဲ့ စွမ်းရည်
သတ္တိတွေ ရှိနေပါတယ်။.
#ပန်းကမ္ဘာ