" နိဗ္ဗာန် "ကို တစ်ကြိမ်မြင်ဖူးတဲ ့၊ " သောတာပန် " အရိယာပုဂ္ဂိုလ် တစ်ယောက်ဟာ ဆင်းရဲခြင်းကင်းတဲ့ နိဗ္ဗာန်ကို မျက်ဝါးထင်ထင် ပထမဆုံးတစ်ကြိမ် မြင်တွေ ့သွားတဲ့အတွက်ကြောင့်..
အဲဒီ" သောတာပန်" အရိယာပုဂ္ဂိုလ်ဟာ ဆင်းရဲမှုမှန်သမျှ လုံးဝ ကင်းလွတ်ရာကို နောက်ဆုံးမျက်မှောက်ပြုနိုင်ဖို ့ "ကမ္မဋ္ဌာန်း" တရားကို အစဉ်မပြတ် အားထုတ်နေတတ်တဲ့အကျင့်၊ ကိန်းအောင်းပြီး အမြဲကျင့်ကြံအားထုတ်နေပါတော့တယ် လို ့ဦးစွာ ရေးသားဖေါ်ပြပါရစေ။

အထက်က ခေါင်းစဉ်အရ...
" ကမ္မဋ္ဌာန်းတရားကို ဘာဖြစ်လို ့အားထုတ်ကြရတာလဲ " ဆိုတဲ့ မေးခွန်းကို အဖြေပေးရရင်....
ကိလေသာငြိမ်းတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီး အိုခြင်း၊ နာခြင်း၊ သေခြင်း စတဲ့ ဆင်းရဲခြင်းဟူသမျှ လွတ်မြောက်ချင်တဲ့ အတွက် အားထုတ်ရတာပါလို ့ အဖြေပေးလိုက်ပါတယ်။
အထက်ကစကားကို ချဲ ့ပြီး အဓိပ္ပါယ် ထပ်ဖွင့် ရရင်တော့...
သတ္တဝါ တို ့ဟာ " အိုခြင်း၊ နာခြင်း၊ သေခြင်း " ဆိုတာ မရှိဘဲ နဲ ့ "ဆင်းရဲဒုက္ခ"ကိုလည်း မတွေ ့ရဘဲ နဲ ့ အမြဲတမ်းချမ်းချမ်းသာသာ နေလိုကြပါတယ်။
တကယ်တော့..အဲဒီလို အလိုရှိတဲ့ အတိုင်းတော့ ဖြစ်မနေကြပါဘူး။
အို ..ရတယ်၊
နာ...ရတယ်၊
သေ..ရတယ် ဆိုတဲ့ ဘေးဒုက္ခ အမျိုးမျိုး ကို တွေ ့ပြီး စိုးရိမ်ပူဆွေးကြပါတယ်။ငိုကြွေးကြရပါတယ်။ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ အမျိုးမျိုးတို ့ကိုလည်း မကြာခဏတွေ ့ကြုံခံစားနေကြရပါတယ်။
နောက်ဆုံးမှာတော့...
သေလောက်အောင် ဆင်းရဲခြင်း တစ်မျိုးမျိုး နဲ ့တွေ ့ပြီး သေဆုံးသွားကြရပါတယ်၊ ဒါနဲ့တင် အပြီးသတ်သွားပြီလားဆိုတော့..
ကိလေသာ ကင်းစင်ကြတဲ့ ရဟန္တာ အရိယာတွေက လွဲပြီး ကျန်တဲ့ ပုဂ္ဂိုလ်တို ့ဟာ ဘဝကို ခင်မင်တွယ်တာမှု မကင်းသေးတဲ့ သူတွေ ဖြစ်တဲ့ အတွက်ကြောင့် ၊ နောက်တစ်ဖန် ဘဝသစ် ဖြစ်ကြရပြန်ပါတယ်။
အဲဒီလို ဖြစ်ရာ ဘဝအသစ်မှာ လည်း " အိုခြင်း၊ နာခြင်း၊ သေခြင်း "စတဲ့ ဆင်းရဲ ဒုက္ခတို့ကို အရင်အတိုင်းပဲ တွေ ့ကြုံခံစားရပြန်ပါတယ်။ အဲဒီလို သတ္တဝါတို ့ဟာ တစ်ဘဝပြီး တစ်ဘဝ၊ အသစ်အသစ်ဖြစ်ပြီး အလိုမရှိတဲ့ ဆင်းရဲဒုက္ခတွေ ကို တွေ ့ကြုံခံစားနေကြရပါတော့တယ်။
အကြောင်းရင်း ဇစ်မြစ် ကို စိစစ်ကြည့်လိုက်ရင်တော့...
ဘဝအသစ် ပြန်ပြန်ပြီး ဖြစ်ပေါ်နေတဲ့အတွက်ကြောင့်၊ ဆင်းရဲမှုဟူသမျှလွတ်မြောက်ရာ ဘဝအသစ်မဖြစ်ပေါ်အောင် ကြိုးစားအားထုတ်ကြရပါမယ်။ ဘဝအသစ် ဆိုတာဟာ အခုလက်ရှိဘဝမှာ ခင်မင်တွယ်တာ စွဲမက်စရာတွေရှိတဲ့ တဏှာ ရှိနေတဲ့ အတွက်ကြောင့် ( ဘဝဟောင်းက သေခါနီးအချိန် မှာ စွဲလမ်းခဲ့တဲ့ အာရုံကို ငြိတွယ်ပြီးတော့ စိတ်ဝိညာဏ် အသစ်ပေါ်ကာ ) ဖြစ်ပေါ်လာနိုင်ပါတယ်။ အသစ်မဖြစ်စေချင်ဘူးဆိုရင်တော့ အဲဒီဘဝတဏှာ လုံးဝကင်းငြိမ်းအောင် တရားကို အားထုတ်ရတာပဲ ဖြစ်ပါတယ်။
အဲဒီ တဏှာဟာ...ဘယ်လိုဖြစ်နေသလဲဆိုတော့...
( ၁ )ဓမ္မမိတ်ဆွေတို ့ရဲ ့လက်ရှိဘဝ နဲ ့ဆိုင်တဲ့ ရုပ်နာမ်တွေ ကို မိမိကိုယ်တိုင် အပြစ်လို ့မမြင်မိဘူး၊ မကောင်းဘူးလို ့မမြင်မိဘူးဆိုတဲ့သဘောပါ။
( ၂ ) ဓမ္မမိတ်ဆွေတို ့ရဲ ့လက်ရှိဘဝက ရုပ်နာမ်တွေထက် သာလွန်ကောင်းမြတ်လှတဲ့ နိဗ္ဗာန် ဆိုတာကို လက်တွေ့အားဖြင့်မသိသေးဘူး၊ မမြင်ဘူး သေးဘူး ..
ဆိုတဲ့.. အထက်က အဲဒီ နှစ်ရပ်ကြောင့် ဒီတဏှာဟာ လက်ရှိဘဝ ကို စွဲကပ်နေရခြင်းသာပဲ ဖြစ်ပါတယ်။ ရုပ်နာမ် တွေရဲ ့အပြစ်ကိုတွေ ့လို ့အထက်မှာ ဖေါ်ပြခဲ့သလို နိဗ္ဗာန်ကို မျက်ဝါးထင်ထင် မြင်တွေ ့ဖူးသူအဖို ့ကတော့ အဲဒီဘဝတဏှာ မဖြစ်ဖို ့အတွက်သာ ကြိုးစားအားထုတ်နေကြပါတော့တယ်။

ဓမ္မမိတ်ဆွေတို ့ပိုပြီး နားလည်လွယ်အောင် ဥပမာပြရရင်...
သဘာဝ ဘေးအန္တရာယ်တွေ များပြားပြီး အလွန်ဝေးလံ၊ ခေါင်းပါးပြီး တစ်နေရာက တစ်နေရာ သွားဖို ့ခက်လှတဲ့ အရပ်မှာ နေထိုင်တဲ့ သူဆင်းရဲတစ်ယောက်ဟာ...
မိမိ နေရင်း အရပ်ကို အပြစ်လို မမြင်မိပါဘူး၊ သာယာဝပြောပြီး ဘေးကင်းတဲ့ အရပ် သွားရောက်နေထိုင်မယ်ဆိုရင် ချမ်းသာမယ် ဆိုတာ သူမသိပါဘူး၊ ချမ်းသာတဲ့နေရာကို မရောက်ဘူးတော့ မိမိနေထိုင်တဲ့နေရပ်ကိုပဲ အထင်ကြီးပြီး တွယ်တာလျက်ရှိပါတယ်။
အကယ်၍ တစ်ယောက်ယောက်က ပြောပြလို ့သိယုံနဲ ့ မိမိ နေထိုင်တဲ့ အရပ်ကို အပြစ်လို ့မြင်ပြီး၊ တစ်ခြားသာယာဝပြောတဲ့ နေရာရဲ့ ဂုဏ်တွေကို သိခဲ့လို ့ရှိရင် မိမိနေရင်းအရပ်မှာ မတွယ်တာတော့ဘဲ၊ သာဟာဝပြောတဲ့ တစ်ခြားအရပ်ဆီကို ပြောင်းရွှေ ့သွားသလိုမျိုးပါပဲ။ တစ်ကြိမ်လောက်သာ ရောက်ဖူးသွားတဲ့ ပုဂ္ဂိုလ်အတွက်ကတော့ နေရပ်ဟောင်းကို လုံးဝစွန့်လွှတ်ပါတော့တယ်။ အဲဒီသဘောမျိုးပါ။
ဒါ့ကြောင့် ဘဝမှာ ခင်မင်တွယ်တာရတဲ့ တဏှာလုံးဝ ကင်းငြိမ်းသွားစေလိုရင် ဒီဘဝ နဲ ့ဆိုင်တဲ့ ရုပ်နာမ် တို ့ရဲ ့အပြစ်တို ့ကို မြင်ပြီး နိဗ္ဗာန် ကို မျက်ဝါးထင်ထင် မြင်တွေ ့ရန် လိုအပ်ပါတယ်။ အဲဒီလို မြင်တွေ ့နိုင်ဖို ့အတွက် ကမ္မဋ္ဌာန်း တရားကို အားထုတ်မှသာ ပြည့်စုံနိုင်မည်ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင် လက်ထက်တော်မှာ ကမ္မဋ္ဌာန်းတရား အားမထုတ်ပဲ ၊ တရားနာရုံနဲ ့သောတာပန်အရိယာ ဖြစ်တဲ့ ပုဂ္ဂိုလ်တွေရှိကြပေမယ့်၊ တရားနာကြားယုံမျှနဲ့ အရိယာဖြစ်သွားကြတယ်ဆိုတာ အဲဒီပုဂ္ဂိုလ်တို ့ရဲ့ ဖြည့်ကျင့်ခဲ့ရတဲ့ ရှေးက ပါရမီတွေကြောင့်ပဲဖြစ်ပါတယ်။
ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး ပြုစုရေးသားတဲ့ ဓမ္မစင်္ကြာတရားတော်ကြီး စာမျက်နှာ ( ၄၅၂ )မှာ " တရားနာရုံ နဲ ့မဖြစ် အားထုတ်မှဖြစ်သည်" ဆိုပြီးတော့ လည်း ဖေါ်ပြထားတာ ရှိပါတယ်။
တရားဦး ဓမ္မစင်္ကြာတရားတော် ကို မဟာသက္ကရာဇ် ၁ဝ၃-ခုနှစ်၊ဝါဆိုလပြည့်နေ ့ ညနေချမ်း ညဉ့်ဦးယံအချိန်မှာ နာကြားခွင့် ရကြတဲ့ ပဥ္စဝဂ္ဂီ-၅ဦးဟာ....
ဆွမ်းခံတောင်မသွားဘဲ နေ ့ရော ညဉ့်ပါ မပြတ်အားထုတ်ပုံ၊ မြတ်စွာဘုရားကလည်း ဟောကြားပြုပြင်ပေးရန် ကျောင်းတိုက်ထဲမှာ အမြဲရှိနေပုံကို ...
ဝိနည်းပါဠိ နဲ ့သုတ်ပါဠိတွေမှာတော့ ၂-ပါးတစ်စု၊ ၂-ပါးတစ်စု ပေါင်းပြီး အကျဉ်းပြထားပါတယ်။ အဋ္ဌာကထာတွေမှာတော့ တစ်ပါးချင်း တစ်ရက်စီ သောတာပန် ဖြစ်ပုံ ပြဋ္ဌာန်းထားတဲ့ ဒီအချက်တွေကတော့ အာလုံးတစ်ညီတည်း၊ တစ်မျိုးတည်းပါဘဲ။
ဒါကြောင့် " အရှင် ကောဏ္ဍည" တရားနာကြားရင်း ပထမဆုံး သောတာပန်ဖြစ်ပြီး
အရှင်ဝပ္ပဟာ လပြည့်နေ ့ညဉ့်ဦးကစပြီး အားထုတ်တော့ လပြည့်ကျော် ၁-ရက်နေ ့မှာ သောတာပန် ဖြစ်ပါတယ်၊ အဲဒါဟာ မြတ်စွာဘုရား ဆုံးမညွှန်ကြားတဲ့အတိုင်း အားထုတ်လို ့ သောတာပန်ဖြစ်တာပဲ ဖြစ်ပါတယ်။ တရားနာရုံနဲ ့ဖြစ်တာမဟုတ်ပါဘူး။ အရှင်ဘဒ္ဒိယ က ကျတော့ ၂-ရက်လောက်အားထုတ်ရပြီး လပြည့်ကျော်၂-ရက်နေ ့ကျမှ သောတာပန် ဖြစ်ပါတယ်။ အရှင်မဟာနာမ် က ၃-ရက်လောက်အားထုတ်ပြီး လပြည့်ကျော် ၃-ရက်နေ ့ကျမှသောတာပန်ဖြစ်ပါတယ်၊ အရှင်အဿဇိ ကတော့ ၄-ရက်လောက်အားထုတ်ရပြီး လပြည့်ကျော် ၄-ရက်နေ ့ကျမှ သောတာပန်ဖြစ်တာပါ။ တရားနာရုံနဲ့ ဖြစ်ကြတာမဟုတ်ပါဘူး။ မြတ်စွာဘုရားက ကြပ်ကြပ်မတ်မတ် ဆုံးမပြုပြင်ပေးတဲ့အတိုင်း ကြိုးကြိုးစားစား မပြတ်ရှုမှတ် ပွားများအားထုတ်ကြလို ့သောတာပန် ဖြစ်ကြတယ်ဆိုတာ အလွန်ပင်ထင်ရှားပါတယ်။
ဒါ့ကြောင့် ကမ္မဋ္ဌာန်းတရားအားထုတ်မှုဟာ မဂ်ဖိုလ်နိဗ္ဗာန်သွားဖို ့လမ်းကြောင်းဆိုတာ ငြင်းလို ့မရနိုင်ပါဘူး။
ကမ္မဋ္ဌာန်းတရားဆိုတဲ့နေရာမှာ-
( ၁ ) သမထ ကမ္မဋ္ဌာန်း
( ၂ ) ဝိပဿနာ ကမ္မဋ္ဌာန်း ဆိုပြီး နှစ်မျိုးရှိပါတယ်။
ဒီနေရာမှာ ဝိပဿနာ အားထုတ်တာကိုပဲ အဓိကထားပြီး ကုသိုလ်ပြုနေတဲ့အတွက် သမထကမ္မဋ္ဌာန်းအကြောင်းတွေ တိတိကျကျ မဖေါ်ပြတော့ပါဘူး။
ဒါပေမယ့် ဝိပဿနာ အားထုတ်တဲ့အခါမှာလည်း-
( ၁ ) သမထ ကို အခြေခံပြုပြီး အားထုတ်ခြင်း
( ၂ ) သမထ ကို အခြေခံမပြုဘဲ ဝိပဿနာ သက်သက် အားထုတ်ခြင်း ဆိုပြီး နှစ်မျိုးရှိပြန်ပါသေးတယ်။
သမထကို အခြေခံပြုပြီး အားထုတ်တဲ့ပုဂ္ဂိုလ်ကို သမထယာနိက လို ့ခေါ်ပါတယ်။ သမထ အခြေခံဖြင့် နိဗ္ဗာန်သွားသူလို ့ခေါ်ပါတယ်။
သမထ ကို အခြေခံမပြုဘဲ ဝိပဿနာ သက်သက်ကို သာ အားထုတ်တဲ့ပုဂ္ဂိုလ် ကိုတော့ သုဒ္ဓဝိပဿနာယာနိက နည်း လို ့ခေါ်ပါတယ်။ ဝိပဿနာ သက်သက်ဖြင့် နိဗ္ဗာန်သွားသူလို ့ခေါ်ပါတယ်။
သမထယာနိကလမ်း နဲ ့သွားချင်တယ် ဆိုရင်တော့ သမထမှာ ကမ္မဋ္ဌာန်း ( ၄ဝ )ရှိပါတယ်။ ကသိုဏ်း( ၁ဝ )ပါး၊ အသုဘ( ၁ဝ ) ပါး၊ အနုဿတိ( ၁ဝ )ပါး၊ ဗြဟ္မဝိဟာရ ( ၄ )ပါး၊ အာရုပ္ပ( ၄ )ပါး၊ အာဟာရေ ပဋိကူလသညာ( ၁ )ပါး နဲ ့စတုဓာတု ဝဝတ္တာန်( ၁ )ပါး တို ့ဖြစ်ပါတယ်။
စာအုပ်ထုတ်ဝေတဲ့ အခါမှသာ နည်းနည်းအကျယ်ချဲ့ပြီးဖေါ်ပြပေးပါ့မယ်။
ဖေ့စဘုတ်က စာကြောင်းရေးကန့်သတ်ထားတဲ့အတွက်ကြောင့် " သုဒ္ဓဝိပဿနာယာနိက" လို ့ခေါ်တဲ့ ဝိပဿနာ သက်သက် အားထုတ်ပုံကို အကျဉ်းချုပ်သာ ဖေါ်ပြပေးမှာပါ။
ဝိပဿနာရှုတယ် ဆိုတာ ခန္ဓာ ငါးပါး( သို့ ) ရုပ်နာမ် နှစ်ပါးမှာ ဖြစ်ပေါ်နေတဲ့ အမှန်တရားတွေ ကို ဉာဏ် နဲ ့ စောင့်ကြည့်နေရတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။
ခန္ဓာငါးပါးကို ဉာဏ် နဲ ့ကြည့်တဲ့အခါ မှာ...
ဒီခန္ဓာငါးပါး ဟာ အနိစ္စ ( အပျက်သဘော )၊ ဒုက္ခ( ဆင်းရဲခြင်း )၊ အနတ္တ ( အဆိုးမရခြင်း ) အမှန်ဖြစ်တာတွေသာရှိတဲ့အတွက်ကြောင့် အဲဒီ အမှန်သဘောတွေ တို့ကို သာတွေ့ရမှာ ဖြစ်ပါတယ်။
ဓမ္မမိတ်ဆွေတို ့အဲဒီလိုသဘောတွေ ပေါ်လေလေ..နိဗ္ဗာန် နဲ ့ နီ းလေလေ ပါဘဲ။
အဲဒီလို ဝိပဿနာရှုရာမှာ သတိပဋ္ဌာန်လေးပါး ရှိပါတယ်။
(၁) ကာယနုပဿနာ ( ရုပ်ကို ရှုခြင်း )
(၂) ဝေဒနာနုပဿနာ ( ခံစားမှုကို ရှု့ခြင်း )
(၃) စိတ္တာနုပဿနာ ( စိတ်ကို ရှု့ခြင်း )
(၄) ဓမ္မာနုပဿနာ ( သညာ၊သင်္ခါရကို ရှု့ခြင်း ) ဆိုပြီးရှိပါတယ်။
အဲဒီ သတိပဋ္ဌာန်လေးပါးလုံး ကို လေ့လာသိရှိထားသင့်ပြီး အဲဒီကမ္မဋ္ဌာန်းတရားတွေအနက် မှ မိမိရဲ ့စရိုက် နှင့် ကိုက်ညီ တဲ့ သတိပဋ္ဌာန်တရား ကို အဓိကထားအားထုတ်မယ်ဆိုရင်တာ့ "နိဗ္ဗာန်"ကို မြန်မြန်ရမှာပဲ ဖြစ်ပါတယ်။
မိမိ နဲ ့ ဘယ် "ကမ္မဌာန်း" ဟာ ဖြင့် ကိုက်ညီမလဲ...ဆိုတာကတော့ မြတ်စွာဘုရား တစ်ပါးမှလွဲ၍ အခြားမည်သူ တစ်ဦးတယောက်မျှ အတတ်မပြောနိုင်ပါဘူး။ '
ဒါကြောင့် တရားအားထုတ်မည့်သူများ အနေနဲ ့တရားပြပေးမဲ့ ဆရာ လိုပါတယ်။ "ကမ္မဌာန်း ဆရာ" ပေါ့။ "
"သွားချင်တဲ့ ပန်းတိုင်ခရီး တစ်ခုကို ကိုယ့်ဖာသာကိုယ် ယောင်ယောင်ဝါးဝါး ညအမှောင် မှာ အလင်းရောင်ကလည်း မရှိ၊ စမ်းတဝါးဝါး နဲ ့သွားနေရတာထက်၊ လမ်းသိထားတဲ့၊ရောက်ဖူးပြီးသား ဖြစ်တဲ့ လမ်းပြ လိုအပ်ပါတယ်။မြေပုံကြည့်ပြီး သွားလို ့၊ မရောက်ဘူးလို ့တော့ မပြောပါဘူး၊ ရောက်နိုင်ပါတယ်။ဒါပေမယ့် လမ်းမှားတတ်တာပေါ့နော်၊ အဲဒီလို လမ်းမှားတော့ ရောက်ခဲ့ရင်တောင် ကြာတာပေါ့ ။
အဲဒါကြောင့် ဓမ္မမိတ်ဆွေများ အနေ နဲ ့"ဆရာ" ရှာပြီး ၊ကမ္မဋ္ဌာန်းဆရာရဲ့ လမ်းညွှန်မှုအောက်ကနေ ကျင့်ကြံ အားထုတ်ရင်တော့ အသင့်တော်ဆုံးပါလို ့ ဖြည့်စွက်ပြီး အကြံပေးလိုက်ပါရစေ။
ကမ္မဋ္ဌာန်းတရားအားထုတ်တာ တစ်ခုထဲ ကိုပြောတာ မဟုတ်ပါဘူး။
တရားနာတဲ့အခါမှာတောင်မှ ဓမ္မမိတ်ဆွေတို ့ဟာ မိမိတို ့ကြိုက်နှစ်သက်တဲ့တရားကို ရွေးပြီး နာကြလေ့ရှိကြပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ တစ်ဦး နဲ ့တစ်ဦး စရိုက်မတူတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
တစ်ယောက်က ဒီကမ္မဋ္ဌာန်း နဲ ့ရှုမှတ်ရတာ အဆင်ပြေပေမဲ့၊ အခြားတစ်ယောက်ယောက်နဲ့ကျတော့ ရှုမှတ်ရတာ တည့်ချင်မှတည့်တာပါ။
ဒါကြောင့် နတ်ဗြဟ္မာ မရေတွက်နိုင် ကျွတ်တမ်းဝင်ကြတဲ့ မြတ်စွာဘုရားဟောကြားတဲ့ "မဟာသမယသုတ် " မှာ လာရောက်ပြီးတရားနာယူကြတဲ့ နတ်ဗြဟ္မာ တွေဟာ မရေတွက်နိုင်အောင်များပြားလှတဲ့အတွက်
အားလုံး တရားနာကြားနိုင်အောင် မြတ်စွာဘုရားရှှင်ဟာ သတ္တဝါတိုင်းနဲ ့သင့်တော်မဲ့ စရိုက်( ၆ )ပါး တဲ ့အညီ " မဟာသမယသုတ် " မှာ ( ၆ )သုတ်ဟောကြားရပါတယ်။
♦️( ၁ ) ရာဂစရိုက်ရှိတဲ့သူ...
ရာဂ အဖြစ်များသူတွေအတွက် " သမ္မာပရိဗ္ဗာဇနီယသုတ် " ကို ဟောတော်မူပါတယ်။
♦️( ၂ ) ဒေါသစရိုက်ရှိတဲ့သူ...
ဒေါသအဖြစ်များတဲ့ သူတွေအတွက် " ကလဟဝိဝါဒသုတ်" ကို ဟောတော်မူပါတယ်။
♦️( ၃ ) မောဟစရိုက်ရှိတဲ့သူ...
မောဟ အဖြစ်များသူတို ့အတွက် " မဟာဗျူဟာသုတ် "ကို ဟောတော်မူပါတယ်။
♦️( ၄ ) ဝိတတ်စရိုက်ရှိတဲ့သူ...
ဝိတတ် အဖြစ်များသူတို ့အတွက် "စူဠဗျူဟသုတ် "ကို ဟောတော်မူပါတယ်။
♦️( ၅ ) သဒ္ဓါတရားရှိတဲ့သူ...
သဒ္ဓါအဖြစ်များသူတို့အတွက် "တုဝဋကသုတ် " တော်ကို ဟောတော်မူပါတယ်။
♦️( ၆ ) ဗုဒ္ဓိစရိုက်ရှိတဲ့သူ...
ပညာအဖြစ်များသူတွေ အတွက် " ပုရာဘေဒသုတ်" ကို ဟောတော်မူပါတယ်။
အဲဒီသုတ်တော်တွေကို ကြားနာရတဲ့ အတွက် တစ်သုတ်၊ တစ်သုတ် မှာ နတ်ဗြဟ္မာပေါင်း ကုဋေတစ်သိန်းစီ ရဟန္တာဖြစ်ကြပါတယ်။အနာဂမ်၊ သကဒါဂမ်၊ သောတာပန် ဖြစ်ကြတာတွေကတော့ မရေတွက်နိုင်အောင် များတယ်လို ့ဆိုပါတယ်။
ဒီတော့ ဓမ္မမိတ်ဆွေတို ့အနေနဲ့လည်း မိမိကတော့ဖြင့် ဘယ်လို စရိုက်မျိုးရှိတဲ့သူဆိုတာ ကိုယ့်ဖာသာကိုယ်ချင့်ချိန်လို ့ရကြမယ်ထင်ပါတယ်။အဲဒီလို ချင့်ချိန်ပြီး အဆင်ပြေမဲ့" သုတ်တော် " ကို ရှာဖွေဖတ်ရှုသင့်ပါတယ်လို ့အကြံပြုပါရစေ။
ဆက်လက်ပြီး " သုဒ္ဓဝိပဿနာယာနိက" လို ့ခေါ်တဲ့ ဝိပဿနာသက်သက် ကမ္မဋ္ဌာန်း အားထုတ်ပုံကို အကျဉ်းချုံးပြီးဖေါ်ပြရရင်..
လူသတ္တဝါတို ့မှာရှိတဲ့ ရုပ်နာမ်နှစ်မျိုးမှာ ရုပ်တရားဟာ ပိုပြီးထင်ရှားစွာရှိတဲ့အတွက် ရုပ်ကိုစပြီးရှုပါတယ်။
အဲဒီရုပ်မှာလည်း...
မြင်သိရ၊ ကြားသိရ၊ နံသိရ၊ စားသိရတဲ့ ဥပါဒါရုပ်တွေထက် တွေ ့ထိသိရတဲ့ ဘူတရုပ်တို ့က ပိုပြီးထင်ရှားတဲ့အတွက် ကိုယ်ထဲမှာ တွေ ့ထိရတဲ့ ရုပ်ကို စပြီူ ရှုပါတယ်။
အဲဒီလို အထူးထင်ရှားတယ်ဆိုတဲ့ အတွေ ့အထိ ရုပ်ကိုရှုဖို ့အတွက် ထိုင်နေတဲ့ တစ်ကိုယ်လုံးကို သတိနဲ ့စိုက်ပြီး " ထိုင်တယ်၊ ထိုင်တယ်" လို ့မပြတ်ရှုမှတ်ပါတယ်။ အဲဒီလို ရှုနေရင်း တင်ပါးက ဖြစ်ဖြစ်၊ ခြေထောက်က ပဲ ဖြစ်ဖြစ် တစ်နေရာမှာ တွေ ့ထိမှုကို ထင်ရှားစွာ တွေ ့နေပါတယ်။ အဲဒီလို တွေ ့ထိမှု နဲ ့တွဲပြီး " ထိုင်တယ်..ထိတယ်၊ ထိုင်တယ်..ထိတယ်" လို ့ ထိုင်နေတဲ့ ကိုယ်ထဲမှာ တစ်လှည့်၊ ထိနေတဲ့ နေရာတစ်လှည့် ၊ တစ်လှည့်စီမပြတ်ရှုနေရပါတယ်။
အကယ်၍ " ထိုင်တယ်..ထိတယ် " ဆိုတဲ့ ဒီနည်းကို ရှုရတာ ခက်တယ်လို ့ထင်ရင်၊ ဝင်လေ ထွက်လေ ရှုမှတ်မှု၌ ဝင်လေထွက်လေ ထိတဲ့ နှာသီးချိုင့် နေရာကို စူးစိုက်ပြီး " ထိတယ်...ထိတယ်..ထိတယ်" လို ့လည်း ရှု နိုင်ပါတယ်။
ဒါမှမဟုတ် အသက်ရှုလိုက်တိုင်း ဝမ်းဗိုက်ထဲမှာ ဖောင်းချည်၊ပိန်ချည် တောင့်တင်းလှုပ်ရှားလျက် တွေ ့ထိနေတဲ့ရုပ်ကိုလည်း ရှုနိုင်ပါတယ်။ စိတ်သတိကို ဝမ်းဗိုက်ကို စူးစိုက်ထားလိုက်ပါ၊ ဖောင်းတက်လာလိုက်၊ ပိန်ကျသွားလိုက် နဲ ့တောင့်တင်းလှုပ်ရှားလျက် ဗိုက်ထဲမှာ တွေ ့ထိမှုတွေ မပြတ်ဖြစ်နေတာကို တွေ ့ရပါလိမ့်မယ်။ အကယ်၍ စိတ်သိုက်ထားရုံနဲ့ မထင်ရှားသေးဘူးဆိုရင် ဗိုက်ကို လက်နဲ ့ထိထားပါ။( အသက်အောင့်ထားတာတို ့၊မြန်မြန်ရှုတာတို ့၊ ပြင်းပြင်းရှုတာတို ့ ကိုတော့ မလုပ်မိပါစေနဲ ့)
ပုံမှန် ရှုနေကျအတိုင်း ၊ မှန်မှန်လေးပဲ ရှုနေပါ။ ဝမ်းဗိုက် ဖောင်းတက်လာခိုက်မှာ ဖောင်းတယ်လို ့ရှုပါ၊ တစ်ရွေ ့ရွေ ့ခြင်းဖောင်းတက်လာတာကို အစကနေ အဆုံးတိုင်အောင် အစဉ်မပြတ် သိလျက်ရှိနေပါစေ။ဖောင်းတိုင်း..ပိန်တိုင်း...
" ဖောင်းတယ်..ပိန်တယ်၊ ဖောင်းတယ်..ပိန်တယ်၊ ဖောင်းတယ်..ပိန်တယ် လို ့ မပြတ်ရှုမှတ်ပါ။
( အထူးသတိပြုရမှာက...
ထိုင်တယ်..ထိတယ်၊ ဝင်တယ်..ထွက်တယ်၊ ဖောင်းတယ်..ပိန်တယ် စတဲ့ အမည်တွေကို နှုတ်အရွတ်ဆိုဖို ့မဟုတ်ပါဘူး၊ စိတ် နဲ ့သာ အမည်တပ်ပြီး ရှုနေဖို ့ပဲ ဖြစ်ပါတယ်၊အဲဒီအမည်ကလည်း လိုရင်းမဟုတ်ပါဘူး။ ကိုယ်ထဲမှာ တစ်ကယ်ဖြစ်ပေါ်လာတဲ့ တောင့်တင်း၊လှုပ်ရှား တွေ ့ထိမှု စသည်တို ့ကို သိနေခြင်းကသာ လိုရင်းအဓိကကျပါတယ်။ အမည်မပါဘဲ နဲ ့စိတ်သက်သက်ပဲ ရှုနေမယ်ဆိုရင် အာရုံ နဲ ့စိတ် ကောင်းကောင်းမကပ်တာတို ့၊ သေသေခြာခြာပိုင်းခြားပြီး မသိတာတို ့၊ ဝီရိယ လျော့လျော့သွားတတ်တဲ့ အပြစ်တွေ ဖြစ်တတ်တဲ့အတွက်ကြောင့် စိတ်နဲ့ အမည်တပ်ပြီး ရှုဖို ့အကြံပေးရခြင်းသာဖြစ်ပါတယ်။
အဲဒီလို ထိုင်တယ်..ထိတယ်၊ ဝင်တယ်..ထွက်တယ်၊ ဖောင်းတယ်..ပိန်တယ် စတဲ့ ရှုမှတ်နေတဲ့အခါမှာ မိမိစိတ်ဟာ တစ်ပါးအာရုံတွေဆီကိုထွက်ထွက်သွားတဲ့ စိတ်တွေရှိပါလိမ့်မယ်။ အဲဒီလို ထွက်သွားတယ်လို ့ထင်ရင်..အဲဒီထွက်သွားတဲ့စိတ်ကို ရှုလိုက်ပါ။ ကြံတယ်လို ့ထင်လည်း ကြံတယ် လို ့ရှုပါ။ စဉ်းစားတယ်လို ့ထင်ရင် စဉ်းစားတယ်လို ့ရှုလိုက်ပါ။ လိုချင်ရင်လည်း လိုချင်တယ်၊ နှစ်သက်ရင်လည်း နှစ်သက်တယ်၊ စိတ်ဆိုးရင်လည်း စိတ်ဆိုးတယ်၊ စိတ်ပျက်ရင်လည်း စိတ်ပျက်တယ်၊ ပျင်းရင်လည်း ပျင်းတယ်၊ ပျော်ရင်လည်း ပျော်တယ် စသည်ဖြင့် အဲဒီစိတ်တွေ ပျောက်သွားတဲ့အထိ ဆင့်ကာဆင့်ကာ ရှုရပါတယ်။အဲဒီစိတ်တွေ ပျောက်သွာမှသာ မူလ ရှုမှတ်တဲ့ ကမ္မဋ္ဌာန်းဖြစ်တဲ့ "ထိုင်တယ်..ထိတယ်၊ ဝင်တယ်..ထွက်တယ်၊ ဖောင်းတယ်..ပိန်တယ် စသည်တို ့ကိုပြန်ပြီး မပြတ်ရှုမှတ်ပါ။
ကိုယ်ထဲမှာ ညောင်းတာ၊ ပူလာတာ၊ နာကျင်ကိုက်ခဲလာတာ စတဲ့ မခံသာတဲ့ ဒုက္ခတွေ ပေါ်လာလို ့ရှိရင်လည်း အဲဒီမခံသာတဲ့ နေရာကို စူးစိုက်ပြီး " ညောင်းတယ်..ညောင်းတယ်၊ ပူတယ်..ပူတယ်၊ နာတယ်..နာတယ်" စသည်အားဖြင့်ရှုမှတ်ပါ။ အဲဒီမခံသာမှုတွေ ပျောက်ငြိမ်းသွားသောအခါ မူလ ရှုမှတ်တဲ့ ကမ္မဋ္ဌာန်းဖြစ်တဲ့ "ထိုင်တယ်..ထိတယ်၊ ဝင်တယ်..ထွက်တယ်၊ ဖောင်းတယ်..ပိန်တယ် စသည်တို ့ကိုပြန်ပြီး မပြတ်ရှုမှတ်ပါ။ အကယ်၍ ညောင်းတာ၊ ပူတာ၊ နာတာတွေက ပြင်းထန်လာလို ့အလွန်မခံမရပ်နိုင်ဖြစ်လာရင်တော့ ကိုယ်၊ လက်၊ ခြေ အနေအထားတွေကိုတော့ သတိနဲ ့စူးစိုက်ပြီး ဖြည်းဖြည်းချင်း လှုပ်ရှားပြုပြင်ပေးရပါတယ်။
" ကွေးတယ်..ကွေးတယ်၊ ဆန့်တယ်..ဆန့်တယ်၊ လှုပ်တယ်..လှုပ်တယ်၊ ရွှေ ့တာ်..ရွှေ ့တယ်၊ ပြင်တယ်.. ပြင်တယ်၊ ကြွတယ်.. ကြွတယ်၊ ချတယ်..ချတယ် " စသည်အားဖြင့် သူဖြစ်ပေါ်နေတဲ့အတိုင်း အစဉ်မပြတ်လိုက်ပြီး ရှုသွားရပါတယ်။ အဲဒီအမူအရာတွေ ပြီးဆုံးသွားတဲ့အခါကျမှ မူလ ရှုမှတ်တဲ့ ကမ္မဋ္ဌာန်းဖြစ်တဲ့ "ထိုင်တယ်..ထိတယ်၊ ဝင်တယ်..ထွက်တယ်၊ ဖောင်းတယ်..ပိန်တယ် စသည်တို ့ကိုပြန်ပြီး မပြတ်ရှုမှတ်ပါ။
အကျဉ်းချုပ်အားဖြင့်ဆိုရရင်..
ကွေးတာ၊ ဆန် ့တာ၊ ကိုယ်လက်လှုပ်ရှား ပြုပြင်တာမှန်သမျှ ဖြစ်ပေါ်တိုင်း သိအောင် ရှုမှတ်နေရပါမယ်။ကိုယ်ထဲ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ဝေဒနာခံစားတာမှန်သမျှကိုလည်း သိအောင်ရှုရပါမယ်။ စိတ်ကူး၊ စဉ်းစား၊ ကြံစည်တာ မှန်သမျှကိုလည်း သိအောင် ရှုမှတ်ရပါမယ်။
ပေါ်လာရာ၊ ပေါ်လာရာ မှန်သမျှ အလွယ်တကူရှုနိုင်တဲ့အခါမှာ အခုလို ပင်တိုင် ရှုစဉ်ထားဖို ့မလိုတော့ပါဘူး။
မြင်တိုင်းသိ၊ ကြားတိုင်းသိ၊ နံတိုင်းသိ၊ စားသိတိုင်း၊ထိ သိတိုင်း၊ ကြံသိတိုင်း၊ ပေါ်လာသမျှတို ့ကိုဖြစ်ပေါ်လာစဉ်အတိုင်း ရှုမှတ်သွားယုံပါပဲ။
ဒါကြောင့် စိတ်မှာပဲဖြစ်ဖြစ် ရုပ်မှာပဲဖြစ်ဖြစ် ပေါ်သမျှကို ပေါ်ခိုက်ဖြစ်ခိုက်မှာ လိုက်လိုက်ပြီး သိမှတ်ပေးနေတာဟာ ဝိပဿနာ အားထုတ်ထာ ဖြစ်တဲ့အတွက် အချိန်မရွေး ကိုယ့်ရဲ့ လျောင်း၊ ထိုင်၊ ရပ်၊ သွား ဣရိယာပုတ်တွေ မှာဘယ်လိုပုံစံမျိုးပဲ ဖြစ်ဖြစ် သတိကပ်ပြီး လိုက်သိ၊ လိုက်မှတ် ကြည့်နေမယ်ဆိုရင် ဝိပဿနာအားထုတ်မှုအတွက် ဓမ္မမိတ်ဆွေဟာ အချိန်နဲ ့အမျှ ကမ္မဋ္ဌာန်းတရား ရှုမှတ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေပါပြီလို ့အသိပေးရင် ကမ္မဋ္ဌာန်းတရားအားထုတ်ပုံကို ဓမ္မဒါနပြုလိုက်ပါသည်။

(ခန္ဓာ-၅ပါးတစ်ဦး)
•••••••••••••••••••••••••••
လက်ကိုင်ဖုန်း ဖြင့် စာစီရခြင်းဖြစ်သည့်အတွက် သတ်ပုံမှားယွင်းမှုများ တွေ ့ရှိပါက သည်းခံခွင့်လွှတ်ပြီး ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။
( ကျေးဇူးရှင် မဟာစည်ဘုရားကြီး ၏ "ကမ္မဋ္ဌာန်းတရား အားထုတ်ရခြင်းအကြောင်း" တရားတော် နဲ ့ အနတ္တလက္ခဏသုတ် တရားတော် တို ့မှ ကိုးကားပြီး ကောက်နှုတ်ဖေါ်ပြပါသည် )