အားရှိပြီး တရားမရှိရင် အားနဲ့ အနိုင်ကျင့်တတ်တယ်"
*********************************
သတ္တဝါတွေဟာ တဒင်္ဂအရှိတရားအပေါ် အခြေခံပြီး
နိုင်ထက်စီးနင်း ပြုလေ့ရှိတတ်ပါတယ်။ ငွေအင်အား
ရှိတဲ့သူက ငွေနဲ့ အနိုင်ယူတတ်သလို ရာထူးပါဝါ ဂုဏ်အင်္ဂါ
စသဖြင့် အများထက်သာတဲ့ တဒင်္ဂအရှိတရားလေးတွေကို အကြောင်းပြုပြီးလည်း ကိုယ့်အောက်နိမ့်ကျသူတွေ အပေါ်မှာ
အင်အားသုံးပြီး အနိုင်ယူလေ့ ရှိတတ်ပါတယ်။

ဒါဟာ အသိပညာနဲ့ ကရုဏာတရား မထားနိုင်ကြလို့ပဲ ဖြစ်ပါတယ်။ ကိုယ့်အရှိတရားအပေါ် အဟုတ်ထင်ကာ မာန်တွေဝင်မိပြီဆိုရင် အလိုလိုသူများအပေါ် အထင်သေး နှိမ့်ချတတ်တဲ့ သဘောတွေလည်း ရှိလာတတ်တာပြီး တစ်နည်းနည်းနဲ့ နိုင်ထက်စီးနင်း ပြုတတ်ကြတော့တာ ဖြစ်ပါတယ်။

“ဘာမှအကြာကြီးမဟုတ်ဘူး၊ လောကဓံဆိုတာ အတက်အကျ အနိမ့်အမြင့် အမြဲရှိတယ်၊ ကိုယ့်အလှည့်သူ့အလှည့် ဆိုတဲ့ ဝဋ်လည်မှုလည်း ရှိတတ်တယ်” စတဲ့ တရားနဲ့ယှဉ်တဲ့ ဆင်ခြင်မှု သတိတရား မရှိကြတာဟာလည်း ကြီးနိုင်ငယ်ညှင်း လုပ်ဖို့အတွက် တွန်းအားပေးသလို ဖြစ်စေတတ်ပါတယ်။
အဓိကကတော့ ကိုယ်ကိုယ်တိုင်ရဲ့  သတိတရားရှိမှု။ မရှိမှု၊ အသိဉာဏ်ရှိမှု၊ မရှိမှုနဲ့ ကရုဏာတရား ထားနိုင်မှု၊ မထားနိုင်မှုတွေအပေါ် မူတည်ပြီးတော့ပဲ အနိုင်ယူခြင်း၊ မယူခြင်း၊ ကိုယ်ချင်းစာတရား ရှိခြင်း၊ မရှိခြင်းစတာတွေ ဖြစ်ပေါ်စေတော့တာ ဖြစ်ပါတယ်။

ဒါကြောင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အား၊ လောကသတ်မှတ်ချက် ပညတ်အားတွေ ပိုင်ဆိုင်ထားတဲ့ သူတွေဟာ သတိရှိမှု၊ ပညာရှိမှု၊ ကရုဏာတရား ရှိမှုဆိုတဲ့ စိတ်ပိုင်းဆိုင်ရာအားတွေ မရှိရင် အားနည်းတဲ့သူတွေအပေါ်မှာ တဒင်္ဂအရှိတရား ရုပ်ပိုင်းဆိုင်ရာ အားတွေနဲ့ အနိုင်ယူတတ်၊ နိုင်ထက်စီးနင်း ပြုတတ်တဲ့အတွက် ကိုယ့်ရဲ့  အရှိအားကို ဓမ္မအသိတရားနဲ့ ဖြေညှိပြီး သူများကို အနိုင်ယူဖို့ထက် ကိုယ့်အကုသိုလ်တရား၊ ကိလေသာတရားတွေကိုသာ အနိုင်ယူနိုင်အောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။
မေတ္တာဖြင့်