တစ်ခါက နတ်သားတစ်ယောက်က ဘုရားရှင်ကို လာရောက်လျှောက်ထားသည်။အန္တော ဇဋာ ဗဟိ ဇဋာ၊ ဇဋာယ ဇဋိတာ ပဇာ။ တံ တံ ဂေါတမ ပုစ္ဆာမိ၊ ကော ဣမံ ၀ိဇဋယေ ဇဋံ။‘‘အရှင်ဘုရား၊ သတ္တဝါတွေမှာ အတွင်းကလည်း ရှုပ်၊ အပြင်ကလည်း ရှုပ်၊ အားလုံးဟာ အတွင်းရှုပ်၊ အပြင်ရှုပ်တွေနဲ့ ရှုပ်ယှက်ကို ခပ်နေတော့တာပဲဘုရား၊ တပည့်တော် မေးလျှောက်ပါရစေ၊ ဒီအရှုပ်တွေကို ဘယ်လိုပုဂ္ဂိုလ်များ ရှင်းနိုင်ပါ့မလဲဘုရား’’နတ်သားလျှောက်မည်ဆိုလည်း လျှောက်ချင်စရာပင်၊ တော်တော်ရှုပ်သည့် လောကကြီးပဲဟု ညည်းတွားယူရ မလောက်ဖြစ်သည်၊ စီးပွားရေးလောက၊ ကုန်သည်လောက၊ စာပေ လောက၊ အနုပညာလောက စသည်ဖြင့် အသက်မွေးဝမ်းကျောင်းပြုသည့် အလုပ်အကိုင်ကို အခြေခံပြီး လောကတစ်ခုဟု သတ်မှတ် ခေါ်ဝေါ်ကြသည့် လောကတိုင်းမှာတော့ သူ့အရှုပ်နှင့်သူ ရှုပ်နေကြသည်က များသည်၊ အရှုပ်ကြီးနှင့် အရှုပ်လေးသာ ကွာလိမ့်မည်၊ တချို့က အတွင်းမှာပဲ ပတ်ရှုပ်၊ တချို့က အပြင်မှာပဲရှုပ်၊ တချို့က အတွင်းအပြင်ရော ရှုပ်သည်၊ ကိုယ့်အရှုပ်နှင့် ကိုယ်တော့ တစ်ခုမဟုတ် တစ်ခု ရှုပ်နေကြသည်က များသည်။

အရှုပ် အရှင်းကင်းသော နေရာဆိုတာ ရှိပါရဲ့လားဟုတောင် မေးယူရမလောက် ဖြစ်သည်။‘လူတစ်ခု ပူမှုရယ်က ဆယ်ကုဋေ’ ဟု ဆိုကြသော်လည်း တကယ့်လက်တွေ့က ဆယ်ကုဋေလည်း ကချင်မှ ကမည်။ ဆယ်ကုဋေကျော်သူတွေလည်း မနည်းမနောရှိလိမ့်မည်။လောဘ၊ ဒေါသမကင်းနိုင်ကြတော့ လောဘ၊ ဒေါသအလျောက် ပူကြရမည်၊ လောဘ၊ ဒေါသကြီးလေ ပိုပူလေ၊ ပူကြရမှာ တော့ မလွဲဧကန်ဖြစ်သည်။ မရှိဒုက္ခ၊ ရှိဒုက္ခမို့ မရှိသူကလည်း မရှိသည့်ဒုက္ခ၊ ရှိသူကလည်း ရှိသည့်ဒုက္ခ၊ တချို့ရှိသူက မရှိသူထက် ပို ဒုက္ခကြီးတာ၊ ပိုဒုက္ခရောက်တာကိုလည်း တွေ့ နေရသည်၊ အားလုံး ဒုက္ခမကင်းနိုင်ကြတော့ ပူတာကတော့ ပူကြရမည်။

လောဘဒေါသ သည် ပူပန်စေတတ်သလို ရှုပ်ထွေးလည်း ရှုပ် ထွေးစေတတ်သည်၊ ဘာကြောင့်ရှုပ်နေကြ သလဲဟု ကြည့်လိုက်တော့ လောဘ၊ ဒေါသ စသည့် ကိလေသာတွေကြောင့်ပဲ ရှုပ်နေကြရသည်။အစုရှိလျှင် အမှုရှိတာမို့ ဆွေမျိုးစု၊ လူ မျိုးစု စသည့် အစုတွေရှိနေလျှင် အမှုဆိုသည့် ပြဿနာအရှုပ်တွေကတော့ ရှိနေလိမ့်မည်။ဘုရားရှင်က မင်္ဂလသုတ်မှာ အနာကုလာ စ ကမ္မန္တာ- ‘မိမိတို့ အလုပ်တွေ မရှုပ်ခြင်း၊ တစ် နည်း မိမိတို့ ကာယကံ၊ ဝစီကံ၊ မနောကံတွေ မရှုပ်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်’ ဟု မိန့်ခဲ့သည်။အလုပ်မရှုပ်ရ၊ အလုပ်ရှုပ်လျှင် အမင်္ဂလာ၊ အလုပ်ရှင်းမှ မင်္ဂလာဖြစ်သည်၊ စကားမရှုပ်ရ၊ စကားရှုပ်လျှင် အမင်္ဂလာ၊ စကားရှင်းမှ မင်္ဂလာဖြစ်သည်၊ စိတ်မရှုပ်ရ၊ စိတ်ရှုပ်လျှင် အမင်္ဂလာ၊ စိတ်ရှင်းမှ မင်္ဂလာ ဖြစ်သည်

။ဘယ်အရာမှ မရှုပ်စေနှင့်၊ ရှုပ်တာ မှန်သမျှ မင်္ဂလာမဟုတ်၊ အမင်္ဂလာသာဖြစ် သည်၊ အမှိုက်ရှုပ်နေလျှင်ကို ကျက်သရေ မင်္ဂလာ မရှိတော့၊ အမှိုက်ရှင်းနေမှ ကျက်သရေ မင်္ဂလာရှိသည်။မိမိတို့အလုပ်တွေ ပြီးသင့်သည့်အချိန် မပြီးပြတ်လျှင် တစ်ခုနှင့်တစ်ခု ရောထွေးယှက် တင် ရှုပ်ထွေးပွေလီ သွားလိမ့်မည်၊ မနက်ခင်း ပြီးရမည့် အလုပ်ကို မနက်ခင်း ပြီးအောင် လုပ်၊ နေ့ခင်းအလုပ်နှင့် ရောထွေးရှုပ်မသွားစေ နှင့်၊ နေ့ခင်းပြီးရမည့်အလုပ်ကို နေ့ခင်းပြီး အောင်လုပ်၊ ညနေခင်းအလုပ်နှင့် ရောထွေးရှုပ် မသွားစေနှင့်၊ ယနေ့ပြီးရမည့်အလုပ်ကို ယနေ့ ပြီးအောင်လုပ်၊ နောက်နေ့ ကူးမသွားစေနှင့်၊ မနက်ဖြန်အလုပ်နှင့် ရောထွေးရှုပ်မသွားစေ နှင့်၊ သက်ဆိုင်ရာအလုပ်တွေ သူ့အပိုင်းနှင့် သူ ပြီးအောင်၊ ပြတ်အောင်၊ ရှင်းအောင် လုပ် တာ မင်္ဂလာဖြစ်သည်၊ အလုပ်ဆိုတာ နိုင်ဝန် သာ ထမ်းရမည်၊ မနိုင်ဝန် မထမ်းရ၊ မနိုင်ဝန် ထမ်းလျှင် အလုပ်ရှုပ်တတ်သည်၊ ကျွမ်းကျင်မှ လိမ္မာဟုဆိုသည့်အတိုင်း ကိုယ်ကျွမ်းကျင် သည့် အလုပ်ကို လုပ်မှ လူလိမ္မာဖြစ်သည်၊ ကိုယ်မကျွမ်းကျင်သည့် အလုပ်ကိုလုပ်လျှင် အလုပ်ရှုပ်တတ်လို့ လူမိုက်ဖြစ်တတ်သည်။

တာဝန်တစ်ခုယူထားလျှင် ထိုတာဝန် ကို ကျေပွန်အောင် ထမ်းဆောင်ရမည်၊ တာ ဝန်မကျေလျှင် အလုပ်ရှုပ်တတ်သည်၊ အလုပ် ရှုပ်လျှင် အမင်္ဂလာဖြစ်သည်။ရိုးရှင်းဟုဆိုသည့်အတိုင်း ရိုးမှသာ ရှင်း သည်။ မရိုးလျှင် မရှင်း၊ ရိုးရိုးရှင်းရှင်းဟု ဆို သည့်အတိုင်း ရိုးရိုးသားသားလုပ်မှ ရှင်းရှင်း လင်းလင်းဖြစ်မည်။ မရိုးမသားလုပ်လျှင် ရှင်း ရှင်းလင်းလင်းမဖြစ်ဘဲ မရှင်းမလင်းနှင့် ရှုပ် ရှုပ်ယှက်ယှက်သာ ဖြစ်တော့မည်။ မရှင်း မလင်း ရှုပ်ရှုပ်ယှက်ယှက်ဆိုလျှင်တော့ အ မင်္ဂလာသာ ဖြစ်လိမ့်မည်။သံယောဇဉ်အမြှင်တန်း အရှင်ကန်း ဘယ်သူဖြတ်နိုင်ပါ့ဆိုသည့်အတိုင်း အများစု မှာ သံယောဇဉ်အမြှင်က တန်းနေတော့ မဖြတ် နိုင်ကြ၊ မဖြတ်နိုင်တော့ မပြတ်၊ မပြတ်တော့ မရှင်း၊ မရှင်းတော့ ရှုပ်ကုန်၏၊

တစ်လိမ်နှစ်လိမ် ပွေလိမ်ရှုပ် အမယ်ဘုတ် ရဲ့ သူ့ချည်ငင်ဆိုသလို အစရှာမရအောင် ရှုပ် ကုန်တော့သည်၊ ငါဆိုသော အတ္တဒိဋ္ဌိသံယော ဇဉ်၊ ငါ့ဟာဆိုသော လောဘတဏှာ သံယော ဇဉ်၊ ငါ့ဟာ လာမထိနှင့်ဆိုသော ဒေါသ သံ ယောဇဉ်၊ ငါပဲ ကောင်းစားချင်သော မစ္ဆရိယ သံယောဇဉ်၊ သံယောဇဉ်အမြှင်တွေက များ လွန်းတော့ အများစုက ရှင်ကန်းမဖြတ်နိုင်ကြ ဘဲ ဖြစ်နေ၏။ကြီးကျယ်ဆိုသည့်အတိုင်း အသက်ကြီး လာသည်နှင့်အမျှ သံယောဇဉ်နယ်ပယ်က ပိုပိုကျယ်ကျယ်လာ၏။ သံယောဇဉ်များလေ၊ သံယောဇဉ်ကြီးလေ ပိုပိုရှုပ်တော့သည်၊ သံ ယောဇဉ်တွေ၏ ရစ်ပတ်နှောင်ဖွဲ့မှုတွေက ပို ပိုများလေတော့ မစွန့်နိုင်၊ မလွှတ်နိုင်၊ မဖြတ် နိုင်၊ မပြတ်နိုင်နှင့် အမယ်ဘုတ်ဇာတ်ကြီးက မိုးမလင်းနိုင်တော့ချေ။ကိုယ်တာဝန်ယူလုပ်သည့် အလုပ်မှန် သမျှ ရှင်းအောင်၊ ပြတ်အောင်လုပ်၊ မရှုပ်စေ နှင့်၊ လူမှုရေးလည်း မရှုပ်နှင့်၊ စီးပွားရေးလည်း မရှုပ်နှင့်၊ ခြေလည်း မရှုပ်နှင့်၊ စကားလည်း မရှုပ်နှင့်၊ ပြဿနာလည်း မရှုပ်နှင့်၊ အမှိုက် လည်း မရှုပ်နှင့်၊ အရှုပ်မှန်သမျှ ဘယ်အရှုပ်မှ မကောင်း၊ မလိမ်မညာနှင့်၊ လိမ်ညာလျှင် စကားရှုပ်တတ်သည်၊ သွေးခွဲစကားမပြောနှင့်၊ သွေးခွဲစကားပြောလျှင် စကားရှုပ်တတ်သည်၊

ကြမ်းတမ်းသောစကားမပြောနှင့်၊ ကြမ်းတမ်း သော စကားပြောလျှင် စကားရှုပ်တတ်သည်၊ အသိမ်အဖျင်း၊ အတင်းအဖျင်းစကား မပြော နှင့်၊ အသိမ်အဖျင်း၊ အတင်းအဖျင်းပြောလျှင် စကားရှုပ်တတ်သည်။လူကောင်းတစ်ယောက်ဆိုတာ နေတော့လည်း ရိုးရိုးရှင်းရှင်းလေး နေသွားပြီး သေတော့လည်း ရိုးရိုးရှင်းရှင်းလေး သေသွားဖို့ အရေးကြီးသည်၊ နေတော့လည်း လိပ်ပြာသန့်သန့်နှင့် နေသွားပြီး သေတော့လည်း လိပ်ပြာသန့်သန့် နှင့် သေရမည်၊ အနေလည်း ရှင်း၊ သေလည်း ရှင်းမှ ကောင်းသည်၊ မသေခင်တော့ ရှင်း သင့်၊ ရှင်းထိုက်သော ကိုယ့်အရှုပ်တွေ အပြတ် ရှင်းထားမှ ဖြစ်မည်။

နတ်သားက ‘‘ဒီအတွင်းရှုပ်၊ အပြင်ရှုပ်တွေ ဘယ်သူများ ရှင်းနိုင်ပါ့မလဲ’’ ဟု ဘုရားကို လျှောက်တော့ ဘုရားက -သီလေ ပတိဋ္ဌာယ နရော သပညော၊ စိတ္တံ ပညဥ္စ ဘာဝယံ။ အာတာပီ နိပကော ဘိက္ခု၊ သော ဣမံ ၀ိဇဋယေ ဇဋံ။ဤသို့ ရှင်းပုံရှင်းနည်း ပေးထားခဲ့သည်။ဘုရားရှင်၏ ဤအဖြေဂါထားကိုပဲ အရှင်မဟာဗုဒ္ဓဃောသက အကျယ်ဖွင့်ဆိုလိုက်ရာ ၀ိသုဒ္ဓိမဂ်ကျမ်းကြီးတစ်ဆူ ဖြစ်လာသည်။ အကျယ်ကို သိလိုမူ ကျေးဇူးရှင် မဟာစည်ဆရာတော် ဘုရားကြီး၏ ၀ိပဿနာရှုနည်းကျမ်း နှစ်တွဲကို လေ့လာပါကုန်။အရှုပ်တွေကို ရှင်းလိုပါမူ သို့မဟုတ် သန့်ရှင်းစင်ကြယ်သော ဘဝကို ပိုင်ဆိုင်လိုပါမူ သပညော- ပင်ကိုဉာဏ်ရှိရမည်၊ သီလေ ပတိ ဋ္ဌာယ- သီလ၌ တည်ရှိရမည်၊ စိတ္တံ ပညဥ္စ ဘာဝယံ- စိတ်နေစိတ်ထား တိုးပွားစေရမည်။

အသိဉာဏ်ပညာကိုလည်း တိုးပွားစေရမည်။ အာတာပီ- အရှုပ်တွေ ရှင်းအောင် ကြိုးစားရမည်။ နိပကော- ရင့်ကျက်မှု ရှိရမည်၊ အရှုပ်တွေ ရှင်းဖို့ လိုအပ်ချက်က ခြောက်မျိုးရှိသည်။လူမှာ ပင်ကိုဉာဏ်ရှိဖို့ အရေးကြီးသည်။ စဉ်းစားတတ်၊ ဆင်ခြင်တတ်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်သော ပင်ကိုဉာဏ်ရှိရမည်။ ဒါက အရှုပ်တွေကိုရှင်းဖို့အတွက် ပထမ လိုအပ်ချက်ဖြစ်သည်။

လူမှာ ငါးပါးသီလလုံ လျှင်ကို ပြည့်စုံပါပြီ။ သူတစ်ပါးအသက်နှင့် ခန္ဓာကို မထိခိုက်စေနှင့်၊ သူတစ်ပါး အိုးအိမ် စည်းစိမ်ကို မထိခိုက်စေနှင့်၊ လူမှုရေးစည်းမ ဖောက်နှင့်၊ အိမ်ထောင်ရေး စည်းမဖောက်နှင့်၊ မလိမ်နှင့်၊ မညာနှင့်၊ မလှည့်စားနှင့်၊ မူးယစ် သေစာ၊ မူးယစ်ဆေးဝါးနှင့် လုံးဝမပတ်သက် စေနှင့်၊ ဒါဆိုလျှင် အရှုပ်တွေ ရှင်းပါလိမ့်မည်။ငါးပါးသီလလုံလျှင်ကို အရှုပ်တွေ ရှင်းနိုင်ပါသည်။ပါဏာတိပါတသိက္ခာပုဒ်အရ သူတစ်ပါးကို မညှဉ်းပန်းနှင့်၊ မနှိပ်စက်နှင့်၊ ချောက်မတွန်းနှင့်၊ ဒုက္ခမပေးနှင့်။အဒိန္နာဒါန သိက္ခာပုဒ်အရ သူတစ်ပါး ပိုင်ဆိုင်မှု၊ ပိုင်ဆိုင်ခွင့်၊ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်ကို မတော်မတရား မယူနှင့်၊ ယူဖို့ မကြိုးစားနှင့်၊ မောင်ပိုင်မစီးချင်နှင့်။ကျန်သိက္ခာပုဒ်သုံးခုက တော့ ရှင်းပါသည်။အရှုပ်တွေကို ရှင်းကြရာတွင် သုံးနှင့် လေး လိုအပ်ချက်က စိတ်ထားကို တိုးပွားစေရမည်၊ အသိဉာဏ်ကို တိုးပွားစေရမည်ဟု ဆိုသည်၊ ဒါကို အဋ္ဌကထာက သမာဓိနှင့် ၀ိပဿနာကို ပွားများရမည်ဟု ဖွင့်သည်၊ အဋ္ဌကထာက ရဟန္တာဖြစ်သည်အထိ ရည်ရွယ်၍ ဖွင့်ဆိုခြင်းပင်ဖြစ်သည်။

မိမိတို့နှင့် လက် လှမ်းမီသလောက် ဆိုရလျှင် မြင့်မြတ်သော စိတ်ထားသဘောထားနှင့် ဖြေရှင်းရမည်။သဘောထားကြီးကြီးထား၍ ဖြေရှင်းရမည်။ ဉာဏ်ပညာ ကြီးမားစွာဖြင့် ဖြေရှင်းရမည်။ငါးအချက်က အရှုပ်တွေကို ဖြေရှင်းရာမှာ အဋ္ဌကထာက ကိလေသာတို့ကို ပူပန်စေတတ်၊ လောင်မြိုက်တတ်သော ဝီရိယရှိရမည်ဟု ဆိုသည်၊ လက်လှမ်းမီသလောက် ပြောရလျှင် ရှုပ်စေတတ်သော အကြောင်းတရားတွေကို လက်တွေ့ကျကျ ပယ်ရှားပြီးတော့ ရှင်းလင်းရမည်၊ ဥပမာ အတ္တတွေ၊ မာနတွေကို လျှော့ရမည်၊ ရှင်းရမည်၊ တစ်ကိုယ်ကောင်းမဆန်နှင်၊့ တစ်ယူမသန်နှင့်၊ ခေါင်းမမာနှင့်၊ ထင်ရာမစိုင်းနှင့်၊ ဒါဆိုလျှင် အရှုပ်တွေ ရှင်းသွားလိမ့်မည်။နောက်ဆုံးအချက်က ရင့်ကျက်သော ပညာရှိရမည်၊ ရင့်ကျက်သော ပညာဟူသည် ကိစ္စအားလုံးကို ဦးဆောင်ဦးရွက် ပြုနိုင်သော ပါရိဟာရိကပညာဟု အဋ္ဌကထာက ဆိုသည်၊ မိမိတာဝန်ယူ ဆောင်ရွက်သော ကိစ္စရပ်တိုင်းကို မှန်မှန်ကန်ကန် သုံးသပ်၊ မှန်မှန်ကန်ကန် ဆုံးဖြတ်၊ မှန်မှန်ကန်ကန် ဦးဆောင်မှုပေးကာ၊ မှန်ကန်သော ပြီးမြောက်အောင်မြင်မှု တစ်ခု ရယူနိုင်သော ပညာကို ပါရိဟာရိက ပညာဟုခေါ်သည်၊

ဤပါရိဟာရိကပညာနှင့် ရှင်းလျှင် အရှုပ်ဟူသမျှ ရှင်းသွားပါလိမ့်မည်။လူတိုင်းမှာ လောဘဒေါသစသည့် ကိလေသာတွေ ရှိနေသမျှ အရှုပ်တွေ ရှိနေလိမ့်ဦးမည်၊ အရှုပ်တွေ ဘယ်လိုရှင်းကြမလဲ၊ အရှုပ်တွေရှင်းနည်း ဘုရားပေးထားခဲ့သည်၊ သီလ သမာဓိ ပညာ သိက္ခာသုံးပါးနှင့် ဖြေရှင်းရမည်၊ ထိုသို့ ဖြေရှင်းလျှင်ဖြင့် အရှုပ်ဟူသမျှ ရှင်းသွားပါလိမ့်မည်၊ မိမိတို့အရှုပ်တွေ မသေခင် ရှင်းထားနိုင်မှ တော်ကာကျမည်၊ အရှုပ်တွေ ရှင်းနိုင်မှ သန့်ရှင်းစင်ကြယ်မည်။

 

Writer: အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော် )