ငြိမ်းအေးသော ဘဝပိုင်ရှင်

လူသားတိုင်း လူသားတိုင်း ကိုယ့်ဘဝကိုယ် ငြိမ်းအေးသောဘဝဖြစ်အောင် တည်ဆောက်ချင်ကြပါတယ်။ ငြိမ်းအေးသော ဘဝပိုင်ရှင် ဖြစ်ချင်တာဟာ လူသားတိုင်းရဲ ့ ကိုယ်စီကိုယ်င ရင်တွင်းဆန္ဒပါ။ ပူလောင်တဲ့ဘဝကို အလိုရှိတဲ့ လူသားရယ်လို့ လောကမှ တစ်ဥိီးတစ်ယောက်မှ ရှိမှာမဟုတ်ပါဘူး။

ငြိမ်းအေးသောဘဝပိုင်ရှင်ဖြစ်ချင်တိုင်း လူသားတွေရဲ ့ဘဝ ငြိမ်းအေးကြသလားဆိုတော့ မငြိမ်းအေးကြပါဘူး။ လူသားအများစုရဲ ့ ဘဝဟာ အနည်း
နဲ့အများဆိုသလို အမြဲတမ်းပူလောင်နေကြပါတယ်။ တချို ့လူသားတွေရဲ ့ ဘဝဆိုရင် ငြိမ်းအေးသောဘဝပိုင်ရှင်ဖြစ်ချင်တဲ့ ဆန္ဒရှိမှရှိပါ့မလားလို့ ထင်မှတ်ရလောက်အောင် ကိုယ်ကိုယ်တိုင် စိတ်လိုလက်ရ ဖန်တီးထားတဲ့ ပူလောင်မှုတွေနဲ့ အချိန်ပြည့် မီးဟုန်ဟုန်တောက်နေပါတယ်။

ကိုယ့်ဘဝရဲ ့ ပူလောင်မှု၊ ငြိမ်းအေးမှုကို ကိုယ့်စိတ်ကပဲ ဖန်တီးပါတယ်။ စိတ်ပူလောင်ရင် ဘဝပူလောင်ပြီး၊ စိတ်ငြိမ်းအေးရင် ဘဝငြိမ်းအေးပါတယ်။ ဘဝဆိုတာ စိတ်ရဲ ့ပုံ ရိပ်ပါ။ ဘဝဆိုတာ စိတ်ရဲ ့ ပုံတူရေး ပန်းချိီးကား တစ်ချပ်ပါ။

ငြိမ်းအေးသော ဘဝပိုင်ရှင်တစ်ယောက်ဖြစ်ဖို့အတွက် ပထမဆုံးနဲ့ အရေးအကြီးဆုံး၊ အဓိက ပဓာနအကျဆုံး အရည်အသွေးကတော့ “တဏှာကင်းစင်ခြင်း” ဆိုတဲ့ အရည်အသွေးပါပဲ။

ဒီနေရာမှာ တဏှာကင်းရင် ငြိမ်းအေးတယ်လို့ မြတ်စွာဘုရားက ရိုးရိုးလေးမဟောဘဲနဲ့ “ဝီတတဏှော ပုရာဘေဒါ= မသေခင်မှာ တဏှာကင်းရင် ငြိမ်းအေးတယ်”လို့ “မသေခင်=ပုရာဘေဒ” ဆိုတဲ့ စကားလုံးလေး အပိုထည့်ပြီးတော့ မိန့်ကြားတော်မူရခြင်းရဲ ့ အဓိပ္ပာယ်ကတော့ မြတ်စွာဘုရားရှင် ရဲ ့ တရားတော်ဟာ သေပြီးနောက် အကျိုးရနိုင်တဲ့ တရားမျိုးမဟုတ်ဘူး၊ မသေခင်ကာလမှာကို ချက်ချင်လက်ငင်း အကျိုးရနိုင်တဲ့ တရား၊ ဒီဘဝဒီခန္ဓာမှာကိုပဲ အကျိုးရနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ပြပါတယ်။

မသေခင်မှာ ကောင်းကျိုးရ၊ ချမ်းသာမယ့်တရား၊ အားကိုးထိုက်တဲ့တရားတော်တွေကို ညွှန်ကြားပြသတဲ့ မြတ်စွာဘုရားရှင်ဟာလည်း အင်မတန်မှ ကျေးဇူးတင်ထိုက်တဲ့ အတွက် “လောကသားတို့ရဲ ့ အနှိုင်းမဲ့ ကျေးဇူးရှင်” လို့ ဂုဏ်တင်ချိီးမွမ်းကြရပါတယ်။

တဏှာကင်းရင် ငြိမ်းအေးတယ်ဆိုတဲ့ စကားဟာ အင်မတန်ပြိီးပြည့်စုံတဲ့စကားဖြစ်တယ်။ တဏှာဆိုတာ တပ်မက်တယ်၊ သာယာတယ်၊စွဲလမ်းတယ်၊ လိုချင်တယ်၊ တောင့်တတယ်၊ ငြိကပ်တယ် စသည်ဖြင့် အမျိုးမျိုး အဓိပ္ပာယ်တွေနဲ့ ပြောဆိုနေကြတယ်။ ဒါပေမယ့် အဲဒီအဓိပ္ပာယ်ဟာ တဏှာဆိုတဲ့ စကားလုံးက တိုက်ရိုက်ထွက်လာတဲ့ အဓိပ္ပာယ်တွေမဟုတ်ဘူး။ တဏှာဆိုတဲ့ စကားလုံးက တိုက်ရိုက်ထွက်လာတဲ့ အဓိ်ပ္ပာယ်ကတော့ “တဿတိ ပရိတဿတီတိ တဏှာ”လို့ဆိုတဲ့ အတိုင်း ဆာတတ်တဲ့တရားကို တဏှာလို့ ခေါ်ပါတယ်။ တဏှာဆိုတဲ့ ပါဋ္ဌိစကားလုံးက “ဆာခြင်း”လို့ အဓိပ္ပာယ်ရတယ်။

မျက်စိက အဆင်းအာရုံအမျိုးမျိုးကိုဆာမယ်၊ နားက အသံအာရုံအမျိုးမျိုးကိုဆာမယ်၊ နှာခေါင်းက အနံ့အာရုံအမျိုးမျိုးကိုဆာမယ်၊ လျှာက အရသာအာရုံအမျိုးမျိုးကိုဆာမယ်၊ ကိုယ်ကလည်း အထိအတွေ့အာရုံ အမျိုးမျိုးကိုဆာမယ်၊ မနောလို့ခေါ်တဲ့ စိတ်ကလည်း အတွေးအကြံအာရုံအမျိုးမျိုးကိုဆာမယ်။ အဲဒီလိုအားဖြင့် အာရုံအမျိုးအစားကိုလိုက်ပြီးတော့ တဏှာခြောက်မျိုး ကွဲပြားသွားတယ်။

အဲဒီအာရုံအမျိုးမျိုးကို ဆာလောင်မွတ်သိပ်တဲ့ တဏှာကြောင့်ပဲ လူသားတွေ ဆင်းရဲ ဒုက္ခရောက်နေကြရခြင်း၊ ပူလောင်နေကြရခြင်းဖြစ်တယ်။

ဆာလောင်မွတ်သိပ်တဲ့ တဏှာကို အကြောင်းပြုပြီးတော့ အဆာပြေရာပြေကြောင်း အာရုံအမျိုးမျိုးကို ရှာဖွေပေးနေရတဲ့အတွက် “ပရိယေသနဒုက္ခ=ရှာဖွေခြင်းဆင်းရဲ”နဲ့လည်း လူသားတွေ ပင်ပန်းဆင်းရဲ နေကြတယ်။

ကိုယ်ရှာထားတဲ့အာရုံလေး ကိုယ်ဆာတဲ့အချိန် အဆင့်သင့်စားနိုင်ဖို့အတွက် မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ထားရတဲ့ “အာရက္ခဒုက္ခ=စောင့်ရှောက်ရခြင်းဆင်းရဲ” နဲ့လည်း လူသားတွေ ပင်ပန်းဆင်းရဲ နေကြတယ်။

ကိုယ်ဆာလောင်တဲ့အချိန် သုံးဆောင်စားသောက်ဖို့ ရှာထားတဲ့ အာရုံလေး ကိုယ်မသုံးဆောင်လိုက်ရခင် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားတဲ့အခါမှာလည်းပဲပျက်စီးသွားရလေခြင်း၊ မသုံးဆောင်လိုက်ရလေခြင်း ဆိုပြီးတော့ “၀ိပရိဏမဒုက္ခ=ပျက်စီးခြင်းဆင်းရဲ” နဲ့လည်း လူသားတွေ ပင်ပန်းဆင်းရဲ နေကြတယ်။

ပရိယေသနဒုက္ခ=အာရုံကို ရှာဖွေရတဲ့ဒုက္ခ

အာရက္ခဒုက္ခ=ရှာဖွေထားတဲ့ အာရုံတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ထားရတဲ့ ဒုက္ခ

၀ိပရိဏမဒုက္ခ=ရှာထား၊စုထား၊စောင့်ရှောက်ထားပါရက်နဲ့ အကြောင်းမညီညွတ်လို့ ဆုံးရှှုံးပျက်စီးသွားတဲ့အခါမှာ ကိုယ်စိတ်နှစ်ပါး ဆင်းရဲရတဲ့ ဒုက္ခ။

ဒီဒုက္ခသုံးမျိုးဟာ အာရုံတွေကို ဆာလောင်မွတ်သွပ်တဲ့ တဏှာရှိသူတိုင်းကို အမြဲဖိစီးနှိပ်စက်နေတဲ့ အခြေခံအကျဆုံး ဒုက္ခတွေပါပဲ။ အာရုံတစ်ခုကိုဆာတိုင်း အဲဒီအာရုံမှာ ဒီဒုက္ခသုံးမျိုး ၀ိုင်းပတ် ခြံရံနေတယ်ဆိုတာကို အမြဲသတိပြုရပါမယ်။

အဲဒီလိုအားဖြင့် အာရုံအမျိုးမျိုးကို ဆာလောင်တဲ့သဘော(တဏှာ)ကြောင့် လူသားတွေမှာ ဆင်းရဲဒုက္ခ တွေ ဖြစ်နေကြရတယ်။ ပူလောင်မှု၊ ပင်ပန်းမှုတွေ ဖြစ်နေကြရတယ်။ စိတ်ချမ်းသာမှု၊ စိတ်အေးချမ်းမှု မရကြဘူး။

မြတ်စွာဘုရားရှင်က တရားဂါထာတစ်ပုဒ်မှာ-
“တဏှာယ ဇာယတီ သောကော၊
တဏှာယ ဇာယတီ ဘယံ။
တဏှာယ ၀ိပ္ပမုတ္တဿ၊
နိတ္ထိ သောကော ကုတော ဘယံ။” လို့ ဟောကြားတော်မူပါတယ်။

ဆာလောင်တဲ့တဏှာကြောင့် ပူလောင်တဲ့ သောကဖြစ်ရတယ်။ ဆာလောင်တဲ့တဏှာကြောင့် ဆင်းရဲတဲ့ ဘေးဒုက္ခ ဖြစ်ရတယ်။ ဆာလောင်တဲ့တဏှာမှ လွတ်မြောက်သူ၊ တဏှာကင်းစင်သူမှာတော့ ပူလောင်တဲ့ သောကလည်း လုံးဝမရှိ၊ ဆင်းရဲတဲ့ ဘေးဒုက္ခလည်း လုံးဝမရှိ၊ ပကတိ ငြိမ်းအေးချမ်းသာလှပါတယ်။

တဏှာကင်းတဲ့ပုဂ္ဂိုလ်မှာ သောကဒုက္ခမှန်သမျှ ဘာမှမရှိတော့ဘူးဆိုလို့ တဏှာကနေရင်းထို်င်ရင်း အလိုအလျောက် ကင်းသွားရောလားလို့ မေးစရာပါပဲ။ နေရင်းထိုင်းရင်းနဲ့တော့ တဏှာက အလိုအလျောက် ကင်းမသွားနိုင်ပါဘူး။ တဏှာကင်းကြောင်းအကျင့်ကိုကျင့်မှ တဏှာက ကင်းသွားမှာပါ။ တဏှာကင်းကြောင်း အကျင့်က သုံးမျိုးရှိပါတယ်။ သီလအကျင့်၊ သမာဓိအကျင့်၊ ပညာအကျင့်လို့သုံးမျိုး၊ သီလ၊သမာဓိ၊ပညာ အကျင့်သုံးပါး၊ သိက္ခာသုံးပါးဟာ တဏှာကင်းကြောင်းအကျင့်ပါပဲ။

ငြိမ်းအေးသော ဘဝပိုင်ရှင်ဖြစ်လိုသူတိုင်းတဏှာကင်းကြောင်း အကျင့် သုံးပါးကို ကျင့်ကြံပွားများ အားထုတ်နိုင်ပြီး ငြိမ်းအေးချမ်းသာကြပါစေ…

မေတ္တာဖြင့််
အရှင်ဆန္ဒာဓိက ရဲ ့ “ ငြိမ်းအေးသော ဘဝပိုင်ရှင်” မှ ထုတ်နုတ် စာပြန်ကူးပြီး ဓမ္မဒါနပြုပါသည်။
Shared from Ma Monica Pyone

_____________________________________________________

"ငြိမ်းအေးသော ဘဝပိုင်ရှင်ဖြစ်ဖို့ "

ငြိမ်းအေးသော ဘဝပိုင်ရှင်ဖြစ်ဖို့ ပထမဆုံးနဲ့ အရေးကြီးဆုံး အရည်အသွေးက " တဏှာကင်းစင်ခြင်း " ဆိုတာပါပဲ ။

ငြိမ်းအေးချင်တဲ့ ပုဂ္ဂိုလ်ဟာ တဏှာကင်းရပါမယ် ။ တဏှာ နဲနဲကင်းရင် နဲနဲငြိမ်းအေးမယ် , တဏှာများများကင်းရင် များများ ငြိမ်းအေးမယ် ။ တဏှာလုံးဝ ကင်းရင်တော့ လုံးဝ ငြိမ်းအေးသွားပါပြီ ။

တဏှာဆိုတာ -
တက်မက်တယ် , သာယာတယ် , တောင့်တတယ် , ငြိကပ်တယ်
စသည်ဖြင့် အဓိပါယ်တွေနဲ့ ပြောဆိုကြတယ် ။ အဲဒီ အဓိပါယ်တွေက
သိလွယ် , မြင်လွယ်အောင် ပြောကြတဲ့စကားသာ ဖြစ်တယ် ။

တဏှာဆိုတဲ့ စကားလုံးက တိုက်ရိုက်ထွက်တဲ့ အဓိပါယ်က
ဆာတတ်တဲ့တရားကို တဏှာလို့ ခေါ်ပါတယ်။ ပါဠိစကားနဲ့ ဆာခြင်း လို့ အဓိပါယ် ရပါတယ် ။ ဆာလောင်မွတ်သပ်တဲ့ သဘောပါ ။

အဆင်း , အသံ , အနံ့ , အရသာ အာရုံအမျိုးမျိုးကို ဆာမယ် ,
အတွေးအကြံ အာရုံအမျိုးမျိုးကို ဆာမယ် ။ အဲလိုအားဖြင့် အာရုံ ခြောက်မျိုးကို ဆာလောင်တဲ့ သဘောကို " တဏှာ " လို့ ခေါ်ရပါတယ် ။

အာရုံအမျိုးမျိုးကို ဆာလောင်တဲ့ တဏှာကြောင့် လူသားတွေမှာ ဆင်းရဲဒုက္ခတွေ ဖြစ်ကြရတယ် ။ ပူလောင်မှု , ပင်ပမ်းမှု တွေ ဖြစ်တယ် ။ စိတ်အေးချမ်းမှု မရကြဘူး ။

------------------------------------

မြတ်စွာဘုရားရှင် လက်ထက်တုန်းက -

ပုဏ္ဏားကြီးတစ်ယောက် , လယ်ထွန်ဖို့ လယ်မြေထဲ အမှိုက်သရိုက်တွေ , ပေါင်းမြက်တွေ , ဆူးငြောင့်ခလုတ်တွေ ရှင်းလင်းနေတယ် ။

အဲဒီအချိန် မြတ်စွာဘုရားက ကြွသွားပြီး
" အို ပုဏ္ဏားကြီး ဘာလုပ်နေလဲ " ပုဏ္ဏားက
" အို ဂေါတမ ရဟန်း ကျွနု်ပ် လယ်ထွန်ဖို့အတွက် လယ်ရှင်းနေတာပါ "
" သြော် ဟုတ်လား " ဒီလောက်ပဲ ပြောပြီး မြတ်စွာဘုရားက ရှေ့ဆက်ကြွတယ် ။ ပုဏ္ဏားကြီးဟာ ဗုဒ္ဓဘာသာ မဟုတ်ဘူး ။

လယ်ထွန်တဲ့ အချိန် , စပါးကြဲတဲ့အချိန် , စပါးပင်လေးတွေ ပေါက်လာတဲ့ အချိန် , စပါးသီးနှံတွေ ဖွံ့ဖြိုးလာတဲ့အချိန် , ရင့်မှည့်လာတဲ့ အချိန် , အဲလိုအချိန်ပိုင်းလေးတွေမှာ ရက်လေးတွေ ခြားပြီး မြတ်စွာဘုရားက ကြွကြွသွားပြီး မေးတယ် ။

အဲလိုနဲ့ မနက်ဖြန် စပါးရိတ်တော့မယ့်အချိန် ဒီနေ့လိုညမှာ ပုဏ္ဏားကြီးက စိတ်ကူးယဉ်ပြီး ပီတိတွေ ဖြစ်တယ် ။

ရဟန်းဂေါတမဆိုတဲ့ ကိုယ်တော်ဟာ ခင်စရာကောင်းတဲ့ ပုဂ္ဂိုလ်ပဲ ။ မကြာမကြာ လာပြီး မေးတယ် ။ဘာသာ မယူဝါဒ မတူသော်လည်း ငါ့ရဲ့ ဝမ်းစာစပါးထဲက ခွဲပြီး ပေးဦးမှပဲ ။ အဲလို စိတ်ကူးယဉ်ပြီး ပျော်နေလိုက်တာ အိပ်တောင်မပျော်ဘူး ။

အဲဒီညမှာ အခါမဲ့မိုး ရွာသွန်းချလိုက်တဲ့အတွက် ပုဏ္ဏားကြီးရဲ့ လယ်ထဲက ရင့်မှည့်နေတဲ့ စပါးတွေဟာ ပျက်စီးကုန်တယ် ။

------------------------------------

ပုဏ္ဏားကြီးဟာ ထမင်းမစား ရေမသောက် တော့ဘူး ။တံခါးပိတ်ပြီးတော့ ရှိုက်ကြီးတငင် ငိုကြွေးတယ် ။ မျက်ရည်ဖြိုင်ဖြိုင်ကျပြီး စိတ်ဆင်းရဲမှု , ပူပင်သောကဒဏ်ကို အကြီးအကျယ် ခံရတယ် ။

အဲဒီအချိန် မြတ်စွာဘုရားရှင် ကြွသွားပြီးတော့ -
ပုဏ္ဏားကြီး သင်ဘာဖြစ်နေလဲ ?
ကျွနုပ်ရဲ့စိတ်တွေ အင်မတန် စိတ်ဆင်းရဲပြီး ပူလောင်နေတယ် ။
ဘယ်လို ဖြစ်လို့လဲ ?
ဒီလို ဆိုပြီး ဖြစ်ကြောင်းကုန်စင် ပြောပြတော့ ,

ပုဏ္ဏားကြီး သင်အခု ဖြစ်တဲ့ ဆင်းရဲဒုက္ခ ပူပန်မှုဟာ ဘာကြောင့် ဖြစ်တယ် ထင်သလဲ ?

အဲလို မေးတော့ နည်းနည်းစဉ်းစားတယ် , စပါးတွေ ရေမြှုပ်ပျက်စီးလို့ စိတ်ညစ်ရတယ် လို့ပဲ တွေးမိတယ် ။ မြတ်စွာဘုရား ဆိုလိုရင်း အကြောင်း သူမသိဘူး ။ ဒါကြောင့် -

ရဟန်း ဂါတမ ကျွနု်ပ်မသိဘူး , အမိန့်ရှိပါ ဆိုတဲ့အခါ

ပုဏ္ဏားကြီး သင်အခု ဆင်းရဲဒုက္ခ , ပူပန်သောက တွေ ဖြစ်ရတာ
တဏှာကြောင့် ဖြစ်ရတာ ။

ဒီစပါးတွေနဲ့ ဒီစပါးတွေကို ရောင်းချခြင်းကြောင့် ဖြစ်ပေါ်လာမယ့်
ရွှေ, ငွေ ရတနာတွေ အပေါ် စွဲလန်းတပ်မက်တဲ့ တဏှာကြောင့် အခုလို ဖြစ်ရခြင်း ဖြစ်တယ် ။

အဲဒီလို မိန့်တော်မူပြီး တရားဂါထာတစ်ပုဒ် ဟောကြားတော်မူတယ်။

- ဆာလောင်တဲ့ တဏှာကြောင့် ဆင်းရဲတဲ့ ဘေးဒုက္ခ ဖြစ်ရတယ်။
- ဆာလောင်တဲ့ တဏှာမှ လွတ်မြောက်သူ , တဏှာကင်းစင်သူမှာ
ပူလောင်တဲ့ သောက လုံးဝ မရှိဘူး ။ ဆင်းရဲတဲ့ ဘေးဒုက္ခလည်း မရှိ ။ ငြိမ်းအေးချမ်းသာလှပါတယ် တဲ့ ။

----------------------------

ဒီနေ့ခတ်မှာလည်း စီးပွားရေး လုပ်ငန်း လုပ်နေတဲ့ ပုဂ္ဂိုလ်တွေ
အကြောင်းအမျိုးမျိုးကြောင့် ကမ္ဘာနဲ့အဝှမ်း ဖြစ်နေတဲ့ အခြေအနေ
အကြပ်အတည်းတွေကြောင့် ကိုယ်လုပ်နေတဲ့ စီးပွားရေး အဆင်မပြေလို့ စိတ်ညစ်ကြတယ် ။ ပူပန်သောက ဖြစ်ကြတယ် ။

ဘယ်သူ့ကြောင့် , ဘယ်ဝါကြောင့် ဆိုပြီး တွေးမိတတ်ကြတယ် ။
လက်ညှိုးထိုးမိတတ်ကြတယ်။ အသိဉာဏ်ရှိတဲ့ သူတော်ကောင်းတွေကတော့ ပြသနာရဲ့ အရင်းအမြစ်ကို စီစစ်တတ်သူပီပီ -

"အော် ငါစီးပွားရေး အဆင်မပြေလို့ စိတ်ညစ်ရတာဟာ ဘယ်သူ့ကြောင့်မှ မဟုတ်ဘူး ။ တဏှာကြောင့်ပါလား ။ ဒီစီးပွားဥစ္စာတွေကြောင့် ဖြစ်ပေါ်လာမယ့် ခံစားမှုတွေ ဒါတွေအပေါ်မှာ ဆာလောင်မွတ်သိပ်တဲ့ တဏှာကြောင့် အခုလို စိတ်ညစ်ရတာ , ပူလောင်ရတာပါလား။

အဲလို တွေးလိုက်တော့
သူတပါးအပေါ် အပြစ်လည်း မတင်တော့ဘူး ။
ကိုယ့်စိတ်ထဲမှာလည်း သက်သာရာ ရသွားတယ် ။ ငြိမ်းအေးသွားတယ်။ တဏှာအဆာဓါတ် အထိုက်အလျောက် ပြေလျော့သွားတယ်။

ဆင်းရဲဒုက္ခအားလုံးဟာ " အဆာမပြေသမျှ တာရှည်ရဦမှာပါလား"
ဆိုတာ နက်နက်နဲနဲ သိလာတော့ -

ဆင်းရဲဒုက္ခအားလုံးရဲ့ အကြောင်းရင်း ဖြစ်တဲ့ တဏှာအဆာဓါတ်ကို ပယ်သတ်ရတဲ့ ကုသိုလ်ဆန္ဒတွေသာ ပေါ်လာတော့တယ် ။

"ဆရာတော် အရှင်ဆန္ဒာဓိက - ရွှေပါရမီတောရ "
( ငြိမ်းအေးသောဘဝပိုင်ရှင် ၊ စာ - ၂၂- ၂၈ ) မှ အကျဉ်းအား
ကောက်နုတ်ပူဇော်ပါ၏။