သရဏဂုံဆိုတာ
════════════
သရဏဂုံ တည်သူသည် ဗုဒ္ဓဘာသာဝင်၊ ဗုဒ္ဓသာသနာဝင် ဖြစ်သည်။
သရဏဂုံအဓိပါယ်
══════════
ပါဠိဘာသာ သရဏဂမနကို မြန်မာလို သရဏဂုံ ဟုခေါ်သည်။
သရဏ = ကိုးကွယ်ရာ၊ အားကိုးရာ၊ အားထားရာ။
ဂမန = ယုံကြည်ဆည်းကပ်ခြင်း။
မြတ်စွာဘုရားသည် အားကိုးရာ သရဏ။
မြတ်စွာဘုရား၏ တရားတော်သည် အားကိုးရာ သရဏ။
သံဃာတော် အပေါင်းသည် အားကိုးရာ သရဏ။
လူတို့ အားကိုးရာ ဟူ၍ ယုံကြည် ဆည်းကပ်ခြင်းသည် ဂမန = ဂုံ။
ထို့ကြောင့် ဘုရား၊ တရား၊ သံဃာ၊ ရတနာ သုံးပါးကို အားကိုးရာ ဟူ၍ ယုံကြည် ဆည်းကပ်ခြင်းကို သရဏ ဂမန = သရဏဂုံ သုံးပါး ဟု ခေါ်သည်။
မြတ်စွာဘုရားကို အားကိုးရာ ဟူ၍ ယုံကြည် ဆည်းကပ်လျှင် ဗုဒ္ဓသရဏဂုံ တည်သည်။
မြတ်စွာဘုရား၏ တရားတော်ကို အားကိုးရာ ဟူ၍ ယုံကြည် ဆည်းကပ်လျှင် ဓမ္မသရဏဂုံ တည်သည်။
သံဃာတော် အပေါင်းကို အားကိုးရာဟူ၍ ယုံကြည်ဆည်းကပ်လျှင် သံဃသရဏဂုံ တည်သည်။
သရဏဂုံ တည်သူသည် ဗုဒ္ဓဘာသာဝင်၊ ဗုဒ္ဓသာသနာဝင် ဖြစ်သည်။
ဆောင်ပုဒ်
══════
ရတနာသုံးဖြာ၊ အားကိုးရာဟု၊ ဆည်းကပ်ပြု၊ ခေါ်မှု သရဏဂုံ။
သရဏဂုံ သုံးပါး၊ တည်သူများ၊ ရငြား ချမ်းသာစုံ။
ရှိခိုးတိုင်း သရဏဂုံ မဖြစ်
-------------------------------
မည်သည့် ပုဂ္ဂိုလ်ကို မဆို ရှိခိုးတိုင်း သရဏဂုံ မဖြစ်၊ ယုံကြည်ဆည်းကပ်မှု မဟုတ်။ သီလ သမာဓိ ပညာ ကိုယ်ကျင့်တရားတို့နှင့် ပြည့်စုံ၍ မြင့်မြတ်သော ပုဂ္ဂိုလ်အဖြစ်ဖြင့် ရှိခိုးမှသာ သရဏဂုံ ဖြစ်သည်။ ယုံကြည် ဆည်းကပ်မှု ဖြစ်သည်။
ဆွေမျိုးဖြစ်၍ ရှိခိုးခြင်း
ကြောက်၍ ရှိခိုးခြင်း
ဆရာဖြစ်၍ ရှိခိုးခြင်း
ဤ ရှိခိုးခြင်းများသည် သရဏဂုံ မဖြစ်။ မြတ်စွာဘုရားကိုပင် ဆွေမျိုးဖြစ်၍ ရှိခိုးလျှင် သရဏဂုံ မဖြစ်ပေ။
(ဒီ-ဋ္ဌ ၁၊ ၂၀၇)
ဆောင်ပုဒ်
══════
ဆွေမျိုးအဖြစ်၊ ရှိခိုးလစ်၊ မဖြစ် သရဏဂုံ။
ကြောက်ရသူအဖြစ်၊ ရှိခိုးလစ်၊ မဖြစ် သရဏဂုံ။
ဆရာအဖြစ်၊ ရှိခိုးလစ်၊ မဖြစ် သရဏဂုံ။
ပုဂ္ဂိုလ်မြတ်ဟူ၊ ရှိခိုးမူ၊ ရယူ သရဏဂုံ။
သရဏဂုံ တည်က၊ ပါယ်လေးဝ၊ လားရ မရှိကုန်။
ရှိခိုးသော်လည်း သရဏဂုံမပျက်
--------------------------------------
ရတနာသုံးပါးကို ယုံကြည်ဆည်းကပ်သဖြင့် သရဏဂုံတည်နေသော ဗုဒ္ဓဘာသာဝင် တယောက်သည် တခြားဘာသာမှ ဘုရား ဆိုသူများ၊ ဘုန်းကြီး ဆိုသူများကို ဆွေမျိုးဖြစ်ခြင်း၊ ဆရာဖြစ်ခြင်းကြောင့် ရှိခိုးသော်လည်း တည်ပြီးသားသရဏဂုံ မပျက်။ မြင့်မြတ်သောပုဂ္ဂိုလ်ဟု ယူဆ၍ ရှိခိုးမှသာ သရဏဂုံ ပျက်သည်။
(ဒီ-ဋ္ဌ ၁၊ ၂၀၇)
သရဏဂုံ ညစ်နွမ်းခြင်း ၄ မျိုး
════════════════
ရတနာသုံးပါး၏ ဂုဏ်ကို မသိလျှင် ဖြစ်စေ
အသိမှားလျှင် ဖြစ်စေ
ယုံမှား သံသယ ရှိလျှင် ဖြစ်စေ
ရတနာ သုံးပါးကို မရိုသေလျှင် ဖြစ်စေ သရဏဂုံ ညစ်နွမ်း၏။ သရဏဂုံ ညစ်နွမ်းလျှင် ကြီးကျယ် ဖွံ့ဖြိုးသော ကောင်းကျိုးကို မရနိုင်ပေ။
(ခုဒ္ဒကပါဋ္ဌ-ဋ္ဌ၊ ၇)
ဆောင်ပုဒ်
═══════
ဘာသာတပါး၊ ကိုးကွယ်ငြား၊ ပျက်ပြား သရဏဂုံ။
သေဆုံးလေငြား၊ ထိုသူအား၊ ပျက်ပြား သရဏဂုံ။
သရဏဂုံ မတည်နိုင်သူ
═════════════
သရဏဂုံ တည်နေသူသည် တခြားဘာသာကို ပြောင်းလဲ ကိုးကွယ်မှုမပြုသမျှ မသေမချင်း သူ့ သန္တာန်၌ သရဏဂုံ တည်နေ၏။ သေလျှင်ကား သရဏဂုံ ပျက်သွားပေပြီ။ သေပြီးနောက် စိတ်မရှိတော့သော ဥတုဇ ရုပ်အလောင်း၌မူ သရဏဂုံ မတည်နိုင်ပေ။ စိတ်သည်လည်း ဥတုဇ ရုပ်ကြွင်းအနီး၌ မရှိတော့ပဲ နောက် တဘဝ၌ ဖြစ်ပျက် အစဉ်အတိုင်း ဖြစ်လျက် နေလေပြီ။
သရဏဂုံ ၂ မျိုး
════════
ပုထုဇဉ် ပုဂ္ဂိုလ်တို့၏ သန္တာန်၌ ယုံကြည်ဆည်းကပ်မှုဖြင့် တည်သော လောကီသရဏဂုံ၊ အရိယာတို့၏ သန္တာန်၌ မဂ်ဉာဏ်နှင့် အတူတကွဖြစ်သည်လာသော လောကုတ္တရာ သရဏဂုံ ဟု ၂ မျိုး ရှိ၏။ လောကီ သရဏဂုံသည် ညစ်လည်း ညစ်နွမ်း နိုင်၏။ ပျက်လည်း ပျက်စီးနိုင်၏။ လောကုတ္တရာ သရဏဂုံ သည် ညစ်လည်း မညစ်နွမ်း၊ ပျက်လည်း မပျက်စီးပေ။ (ခုဒ္ဒကပါဋ္ဌ-ဋ္ဌ၊ ၇)
သရဏဂုံ အကျိုး
═════════
သရဏဂုံ တည်လျှင် ဘဝကောင်း ဘဝမွန်တွေကို ရခြင်း၊ စည်းစိမ် ဥစ္စာပြည့်စုံခြင်းမှ စ၍ ဆင်းရဲခပ်သိမ်း ငြိမ်းသည်အထိ ကောင်းကျိုးချမ်းသာကို ရရှိနိုင်၏။
နတ်ဖြစ်ရသော တံငါသည်
═══════════════
ရှေးက သီဟိုဠ်ကျွန်း၌ မဓုအင်္ဂဏ ရွာတွင် တမီလ် လူမျိုး တံငါသည် တယောက် ရှိ၏။ သူသည် နှစ်ပေါင်း ငါးဆယ်တိုင်တိုင် တံငါလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြီးနောက် အိုမင်းမစွမ်း ဖြစ်သောအခါ ရောဂါ နှိပ်စက်၍ အိပ်ရာထက်၌ လဲလျောင်း နေရ၏။
ရဟန်းတော်တစ်ပါးသည် ထို တံငါသည်နှင့် သိကျွမ်းသဖြင့် သေခါနီး တံငါသည်မှာ အနည်းငယ် မျှပင် ထောက်တည်ရာ ရစေတော့ ဆိုသော သဘောဖြင့် သူ့အိမ်သို့ ကြွသွား၏။ အိမ်သို့ ရောက်သောအခါ လူမမာ တံငါသည်ကို သရဏဂုံ ဆောက်တည် စေ၏။ တံငါသည်သည် သေဘေးကို ကြောက်သဖြင့် သရဏဂုံကို လိုလိုလားလား ခံယူ ဆောက်တည်၏။ ရဟန်းတော်က ဆက်လက်၍ ငါးပါးသီလ တိုင်ပေးသောအခါ လူမမာမှာ မေးခိုင်သွား၍ လိုက်မဆိုနိုင်တော့ပေ။
ရဟန်းတော်က သင့်လောက်ပြီဟု ဆိုကာ ကျောင်းသို့ ပြန်ကြွသွား၏။ မကြာမီပင် တံငါသည် ကွယ်လွန်၍ စတုမဟာရာဇ် နတ်ပြည်၌ နတ်စည်းစိမ်ချမ်းသာကို ခံစားရ၏။
ဤတံငါသည် နှစ်ပေါင်းငါးဆယ် ပြုလုပ်ခဲ့သော ပါဏာတိပါတ ( အာစိဏ္ဏကံ ) အကုသိုလ်ကို သေခါနီးမှ ပြုရသော ( အာသန္နကံ ) သရဏဂုံ ကုသိုလ်က တားမြစ်လိုက်ကာ ကောင်းကျိုးချမ်းသာကို ပေးခြင်းဖြစ်သည်။ ( အံ-ဋ္ဌ ၂၊ ၁၀၇ )
၇ နှစ်သား ရဟန်းကလေး
═══════════════
ဝိပဿီ မြတ်စွာဘုရား လက်ထက်တော်အခါက ဆင်းရဲသော သူငယ်တယောက်သည် မျက်မမြင် မိဘ နှစ်ပါးကို ရိုသေစွာလုပ်ကျွေး ပြုစုလျက် နေ၏။ ဆင်းရဲလှသဖြင့် ဒါန စသော ကုသိုလ်များကို မပြုနိုင်ပဲ အဂ္ဂသာဝက တပါး ဖြစ်သော နိသဘမထေရ် ထံ၌ သရဏဂုံကိုသာ ခံယူဆောက်တည်လျက် အသက်ထက်ဆုံး နေထိုင်ခဲ့၏။ ထိုသူငယ် ကွယ်လွန်သောအခါ နတ်ပြည်၌ ဖြစ်ရ၏။
နောက်နောက် ဘဝများတွင်လည်း လူ့ချမ်းသာ၊ နတ်ချမ်းသာ တို့ကိုသာ လှည့်လည် ခံစားပြီးနောက် ဂေါတမ မြတ်စွာဘုရား ပွင့်တော်မူသော အခါ၌ သာဝတ္ထိပြည်တွင် သဌေးသား ဖြစ်လာ၏။ ပါရမီဓာတ်ခံ ပြည့်သူဖြစ်၍ အဖော်ကလေးများနှင့်အတူ ဇေတဝန် ကျောင်းတော်သို့ သွားရခြင်းကို အလွန် နှစ်သက်၏။
ရဟန္တာဖြစ်ပြီ တနေ့တွင် ဇေတဝန်ကျောင်းတော်သို့ သွားကြရာ ရဟန်းတော်တပါးက ကလေးများကို သရဏဂုံ ခံယူဆောက်တည် စေ၏။ သရဏဂုံ ဆောက်တည်ပြီးနောက် အဆိုပါ ကလေးငယ်သည် ရှေးဘဝက မိမိ တသက်လုံး သရဏဂုံ တည်ခဲ့သည်ကို ပြန်လည် သတိရ ဆင်ခြင်မိ၍ နှစ်သက်ဝမ်းမြောက်ခြင်း ပီတိတွေ အတိုင်းမသိ ဖြစ်ပေါ်လေ၏။ ထိုပီတိကို ဝိပဿနာ ရှုသောအခါ ခဏချင်းပင် ဝိပဿနာ ဉာဏ်တွေ ရင့်ကျက်၍ အရဟတ္တ မဂ်ဉာဏ်၊ အရဟတ္တ ဖိုလ်ဉာဏ်အထိ ရရှိပြီးလျှင် ရဟန္တာ အဖြစ်သို့ ရောက်ကာ ကိလေသာဆင်းရဲ လုံးဝ ငြိမ်းစဲ လေတော့၏။ (အပ-ဋ္ဌ ၂၊ ၃၉)
သာသနာတော်၌ အသက် ၂၀ ပြည့်မှ ရဟန်းပြုခွင့် ရှိသော်လည်း ဤ ရဟန္တာကလေးကိုမူ မြတ်စွာဘုရားသည် အသက် ၇ နှစ်မှာပင် ရဟန်း ပြုပေးလေသည်။
သရဏဂုံတည်ခြင်း၏ အကျိုးတရားကား ကြီးမားလှ၏။
သရဏဂုံ အမှားများ
════════════
ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးမှ တပါး တခြားတရား တခြား အရာကို မိမိတို့ ဆင်းရဲကို ငြိမ်းပေးနိုင်သည်ဟု ထင်မှတ်ကာ အားကိုးရာ အနေဖြင့် ယုံကြည် ဆည်းကပ် ကိုးကွယ်လျှင် မှားယွင်းသော ယုံကြည် အားကိုးမှု၊ မှားယွင်းသော ကိုကွယ်မှုသာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုတရား ထိုအရာတို့၌ ဆင်းရဲငြိမ်းကြောင်း အကျင့်ကောင်း အကျင့်မှန် မရှိကြသောကြောင့်ပင်။
မြတ်စွာဘုရား လက်ထက်တော် အခါက အဂ္ဂိဒတ္တ ရသေ့ကြီးနှင့် တပည့် တသောင်းတို့သည် သစ်ပင်၊ တော၊ တောင်၊ သစ်သီး ဥယျာဉ်၊ ပန်း ဥယျာဉ်၊ နတ်ကွန်းတွေကို ကိုးကွယ်နေကြ၏။
မြတ်စွာဘုရားက သူတို့ ကိုးကွယ်နေကြသည်မှာ မှားယွင်းသော ကိုးကွယ်မှုတွေ ဖြစ်ကြောင်း၊ ဆင်းရဲကို မငြိမ်းစေနိုင်ကြောင်း၊ ရတနာသုံးပါးကို ယုံကြည် ကိုးကွယ်မှသာလျှင် အမှန်တရား လေးပါးကို သိ၍ ဆင်းရဲငြိမ်းစေနိုင်ကြောင်း ဟောကြားလျက် လမ်းမှန်ကို ပြပေးရ၏။ ထိုအခါမှ ပင် အဂ္ဂိဒတ္တနှင့် တပည့်အားလုံး အသိမှန် အမြင်မှန် ရကာ ရဟန္တာ ဖြစ်သွားကြ၏။ ( ဓမ္မ-ဋ္ဌ ၂၊ ၁၅၉ )
အမှားအမှန် ဝေဖန်နည်း မြတ်စွာဘုရား သက်တော် ၈၀ ပြည့်သည့်ည ပရိနိဗ္ဗာန် စံခါနီး၌ ကုသိနာရုံပြည် အင်ကြင်းဥယျာဉ်ကြီး အတွင်းဝယ် ကိုးကွယ်ရာ ဘာသာအယူဝါဒ အမှား အမှန် ဝေဖန် ရွေးချယ်နိုင်ရန် သုဘဒ္ဒပရိဗိုဇ် အား အောက်ပါ သဘောတရားကို ဟောကြားတော် မူခဲ့၏။
မဂ္ဂင်ရှစ်ပါး ကျင့်စဉ်ပါသော ဘာသာအယူဝါဒ သည်သာလျှင် ကိလေသာကို ငြိမ်းစေ၏။ ကိလေသာ ငြိမ်းမှ ဆင်းရဲငြိမ်း၏။ ဆင်းရဲငြိမ်းမှ မှန်ကန်သော ဘာသာအယူဝါဒ၊ မှန်ကန်သော ကိုးကွယ်ရာ ဖြစ်၏။
မဂ္ဂင်ရှစ်ပါး ကျင့်စဉ်မပါသော ဘာသာအယူဝါဒသည် ကိလေသာကို မငြိမ်းစေနိုင်။ ထို့ကြေင့် ဆင်းရဲကို မငြိမ်းနိုင်သဖြင့် မှန်ကန်သော ဘာသာ အယူဝါဒ မဟုတ်၊ မှန်ကန်သော ကိုးကွယ်ရာ မဟုတ်။
ထို့ကြောင့် မဂ္ဂင်ရှစ်ပါးကို အားထားကိုးကွယ်ရာ သရဏ = ဘာသာအယူဝါဒ မှန် မမှန် ခွဲခြား ဝေဖန်ရန် ဘာသာရေးစံ၊ သာသနာရေး မှတ်ကျောက် အဖြစ် မှတ်ယူ သင့်ပေသည်။
အကျင့်လမ်းမှန် မဂ္ဂင်ရှစ်တန်
════════════════
ပညာမဂ္ဂင် ၂ ပါး
----------------------
သမ္မာဒိဋ္ဌိ = မှန်စွာ သိမြင်မှု
သမ္မာသင်္ကပ္ပ = မှန်စွာ ကြံစည်မှု
သီလမဂ္ဂင် ၃ ပါး
--------------------
သမ္မာဝါစာ = မှန်စွာ ပြောဆိုမှု
သမ္မာကမ္မန္တ = မှန်စွာ ပြုလုပ်မှု
သမ္မာအာဇီဝ = မှန်စွာ အသက်မွေးမှု
သမာဓိမဂ္ဂင် ၃ ပါး
----------------------
သမ္မာဝါယာမ = မှန်စွာ ကြိုးစားအားထုတ်မှု
သမ္မာသတိ = မှန်စွာ သတိရမှု
သမ္မာသမာဓိ = မှန်စွာ စူးစိုက်တည်ငြိမ်မှု
ဆောင်ပုဒ်
══════
ရွေးချယ်ကြ
--------------
ဘာသာဝါဒ၊ ရွေးချယ်ကြ၊ မှန်မှ ကျိုးများသည်။
အယူဝါဒ၊ မှားယွင်းက၊ မုချ ကျိုးနည်းမည်။
အမှား အမှန်၊ ရွေးချယ်ရန်၊ စံမှန် ရှိရမည်။
မှတ်ကျောက်မှာတင်၊ စံမှာယှဉ်၊ ရွေးလျှင် မမှားပြီ။
မှတ်ကျောက်နှင့် စံ
----------------------
မဂ္ဂင်ရှစ်တန်၊ စံကောင်းမှန်၊ တင်ရန် မှတ်ကျောက် ဖြစ်ပေသည်။
ရှစ်ဖြာမဂ္ဂင်၊ ဘောင်မဝင်၊ ကျင့်စဉ် မှားလှသည်။
ရှစ်ဖြာမဂ္ဂင်၊ ဘောင်၌ဝင်၊ ကျင့်စဉ် မှန်လှသည်။
ကျင့်စဉ် မှန်မှ၊ ယူဝါဒ၊ ဒုက္ခ ငြိမ်းစေသည်။
ဒုက္ခ ငြိမ်းမှ၊ ထိုဝါဒ၊ မုချ စစ်မှန်သည်။
ဆင်းရဲ ငြိမ်းသူနှင့် မငြိမ်းသူ
--------------------------------
မဂ္ဂင်ရှစ်ထွေ၊ ကျင့်သူတွေ၊ ကိလေ ငြိမ်းကြသည်။
ကိလေ ငြိမ်းမှ၊ ဝဋ်ဒုက္ခ၊ မုချ ငြိမ်းပေသည်။
မဂ္ဂင်ရှစ်ထွေ၊ မကျင့်ပေ၊ ကိလေ မငြိမ်းပြီ။
ကိလေ မငြိမ်း၊ ဆင်းရဲကိန်း၊ အေးငြိမ်းချမ်းသာ မရှိပြီ။
ချမ်းသာမဆောင်၊ တရားယောင်၊ ဝေးအောင် ရှောင်ရမည်။
စစ်မှန်သော ဘာသာဝါဒ
------------------------------
ဗုဒ္ဓသာသနာ၊ မဂ်ရှစ်ဖြာ၊ သေချာ ရှိပေသည်။
ရှစ်မဂ္ဂင်ပွါး၊ ကိလေများ၊ ငြိမ်းသွား ချမ်းသာသည်။
ထို့ကြောင့် ဗုဒ္ဓ၊ ယူဝါဒ၊ မုချ စစ်မှန်သည်။
ကြုံကြိုက်ခဲစွာ၊ သာသနာ၊ ကြုံလာ ရပေသည်။
ကြုံလာသော်လဲ၊ သင်ယူလွဲ၊ သင်ပဲ ဆင်းရဲမည်။
မလွဲစေချင်၊ ရှစ်မဂ္ဂင်၊ တွင်တွင် ပွါးရမည်။
မဂ္ဂင်ပွါးလျှင်၊ ကိလေစင်၊ ပြေးဝင် နိဗ္ဗာန်ပြည်။
မဂ္ဂင်ရှစ်ပါး
-------------
သိမှန် ကြံမှန်၊ ပြောပြု မှန်နှင့်၊ ကောင်းမှန် သက်မွေး၊ ဖြူစင်ဖွေး၍၊ မှန်ရေး ကြိုးစား၊ မှန်ငြားသတိ၊ သမာဓိဟု၊ ဤသည့် ရှစ်ဖြာ၊ ကျင့်စဉ်ပါမူ၊ ဘာသာဝါဒ၊ ဝဋ်ဒုက္ခ၊ မုချ ငြိမ်းစေသည်။
ဥပါသကာ ဥပါသိကာ
════════════
စစ်မှန်သော အားကိုးရာ ကိုးကွယ်ရာ ဖြစ်သည့် ရတနာသုံးပါးကို ယုံကြည် ဆည်းကပ်သော အမျိုးသားကို ဥပါသကာ၊ အမျိုးသမီးကို ဥပါသိကာ ဟု ခေါ်သည်။
ဥပါသကာ = ရတနာသုံးပါးကို ယုံကြည် ဆည်းကပ်သူ အမျိုးသား။
ဥပါသိကာ = ရတနာသုံးပါးကို ယုံကြည် ဆည်းကပ်သူ အမျိုးသမီး။
ဆောင်ပုဒ်
══════
ရတနာသုံးရပ်၊ မြဲဆည်းကပ်မူ၊ ထိုသည့်သူ၊ မှတ်ယူ ဥပါသကာ။
ဥပါသကာ၏ သီလ ဥပါသကာ ဥပါသိကာ တို့သည် ( ၁ ) လက်နက်၊ ( ၂ ) လူ၊ ( ၃ ) သားငါး၊ ( ၄ ) အရက်သေစာ၊ ( ၅ ) အဆိပ် တို့ကို ရောင်းဝယ် ကုန်သွယ်ခြင်း မပြုရ။ ဤငါးမျိုးကို မိစ္ဆာဝဏိဇ္ဇာ = အပြစ် မကင်းသော ကုန်သွယ်မှု ဟု ခေါ်သည်။
ဤ မိစ္ဆာဝဏိဇ္ဇာနှင့် ကာယ ဒုစရိုက် ၃ ပါး၊ ဝစီ ဒုစရိုက် ၄ ပါးကို ရှောင်ကြဉ်၍ အသက် မွေးဝမ်းကျောင်း ပြုလျှင် ဥပါသက အာဇီဝ ပြည့်စုံ စင်ကြယ်တော့သည်။