မဟာဂန္ဓာရီ ဝိဇ္ဇာလိုင်းကိုလည်းကောင်း၊ ဝိပဿ နာလိုင်းကိုလည်းကောင်း၊
ပေါက်မြောက်အောင် အားထုတ်ခဲ့သော ဆရာတော်ကြီးသည်
လမ်းကြောင်းနှစ်ခုလုံးကို ထဲထဲဝင်ဝင် သိရှိသည်ဖြစ်သည်နှင့် အညီ
ဤတွင် ဆရာတော်ကြီး၏ ထိုလမ်းကြောင်းနှစ်ခု ဆက်နွယ်နေပုံ ရေးသားချက်ကို
တွေ့ရှိရပါသည်။

ပညတ်သွားရာ ဓါတ်သက်ပါ အာဏာတက်ကြွထုံး (၁)
------------------------------------------------------
မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ
---------------------------------------------------------------
ဤ၌ ဝိဇ္ဇာလောက၊ က အုတ် ထုံး သဲတို့ဖြင့် ကမ္ဘာလုံးပုံ ဖန်ဆင်း၍ ဂြိုလ်တိုင်ပေါက် စေတီတည်သည်နှင့် မဟာစည်ဆရာတော် ကမ္ဘာလှည့်တာ ဘာဆိုင်လို့တုန်း မေးစရာ ရှိ၏။ မေးလည်း မေးထိုက်သည်သာ ဖြစ်၏။ အမေးလည်း ခံရဘူးသည် ဖြစ်ခဲ့၏။

စင်စစ် ဝိဇ္ဇာတို့၏ အဘိဉာဉ် စွမ်းပကားသည် ရွှံ့သည်ပင် ရွှေဖြစ်နိုင်စွမ်း ရှိ၏။ သို့တစေလည်း ဝိဇ္ဇာကား အာဏာပိုင်၏ အာဏာကိုင်မျှသာ။ ဆိုင်ရာ ကမ္ဘာစောင့်နတ် သာသနာစောင့်နတ်များတို့၏ အကူအပံ့ကသာ ရုပ်လုံး ပေါ်စေသည်သာ ဖြစ်၏။ သို့မဟုတ် ဝိဇ္ဇာတို့၏ စိတ်နှလုံး အလိုကို သူ့ဆိုင်ရာ အောက်လက် တာဝန်ခံတို့က အကောင်ထည် ဖေါ်ပေးရခြင်း။

ငါတို့ သာသနာတွင်းမှ ပေါက်ဖွားကြ လေကုန်သော သရဏဂုံတည် ဝိဇ္ဇာတို့သည် အခြား လောကီ ဝိဇ္ဇာတို့သို့ တစ်ကိုယ်စာမျှ အတွက် သက်သက်မဟုတ် သာသနာ အရေးအခင်း အတွက်မျှသာ။ လောကီ ဝိဇ္ဇာဆိုသော်မှလည်း ဝိပဿ နာ ဉာဏ်အခြေခံ မလွတ်။

ငါတို့အဘကား အရိယာဉာဏ် အမြင်ဝယ် သကဒါဂါမ် အဆင့်ထိ ပေါက်မြောက်၏။ ဆုထူးပန် ပါရမီ လက်ကျန် လိုနေသေးသဖြင့် ရှေ့မတက် နိုင်ခြင်းမျှသာ ပရမတ်ဉာဏ် အမြင်သန်ရာ၌ ဓါတ်လေးပါး ခြောက်ခြားစေ ခဲ့သည်ဆို၏။

တရားပြကား အောင်မင်းခေါင်ကြီး ဆို၏။ တရားပြ အလွန်ညက်ညော လှသည်ဆို၏။ တရားစစ် တရားမှန် ဟုတ် မဟုတ်ကိုကား မဟာစည် ဆရာတော်ဘုရားကြီး၏ ဝိပဿ နာရှုနည်း ကျမ်းကြီးများက အထောက်အကူ ပြုခဲ့သည်ဆို၏။

မိမိဉာဏ်အဆင့် ရောက်ရာ စာမျက်နှာလောက်သာ ဖတ်ကြည့်ပြီး မရောက်သေးသည်ကိုကား လှန်မကြည့်ခဲ့ ဆို၏။ ရောက်သလောက်ဖတ် ဖတ်သလောက်ရောက် ဖြင့်ပင် တစ်ယောက်ထီးတည်း အားထုတ်ခဲ့သည် ဆို၏။

တစ်နေ့ ၄င်းအားထုတ်နေစဉ် အနီးအပါးမှ ဝိဇ္ဇာနှစ်ဦး ဖြတ်လျှောက်သွား ကြပြီး တစ်ဦးက သည်ပုဂ္ဂိုလ်က သကဒါဂါမ် အဆင့် ရောက်နေပြီ ဟူ၍ ဝေဖန်သွား ခဲ့သည်ဆို၏။

ထိုအပြောကား အဘ၏ အမူအကျင့်များနှင့် ဟပ်ကြည့်သော် တစ်ထပ်တည်း ကျနေသည်သာဖြစ်၏။ အဘကား ပစ္စည်း လာဘ် လာဘတို့၌ ငြိကပ်ခြင်း မရှိ။ မာန ဒေါသ ထကြွခြင်းလည်းမရှိ။ ကိစ္စတစ်ခု ပေါ်လေတိုင်း သူ့ကိုယ်သူ အပြစ်ရှုလေ့ရှိ၏။ ငါတို့ တွေ့ထိဖူးသော လောကီဂိုဏ်း လောကီဝိဇ္ဇာများနှင့် သဘောသွား သီးခြားချည်းသာ ဖြစ်ဘိ၏။ လောကီဂိုဏ်း အမူအကျင့် အသုံးအနှုံးကား လုံးလုံးကြီး ရှာမတွေ့ မိပြီ။

၎င်းအားထုတ်စဉ်က အတွေ့အကြုံတစ်ခု ပြောသေး၏။ မည်သည့် အရာကို ကြည့်ကြည့် ဓါတ်လေးပါးတို့၏ တိုက်ခိုက် ဖေါက်ပြန်နေပုံ၏ သဘောမျှသာ တွေ့တော့သည်ဆို၏။

စေတီ ရုပ်ပွား ဘုရားများကို ကြည့်၏။ ဘုရားမရှိ ဓါတ်လေးပါး လှုပ်ရှားနေမှုမျှသာ သိရတော့၏။

အဖေ၊ အမေဆိုသဖြင့် ကြည့်မိ၏။ အဖေမတွေ့၊ အမေမတွေ့၊ ဓါတ်ငွေ့သာ တွေ့သိရတော့၏။

ထိုစဉ် တရားပွားများနေဆဲ ဝိဇ္ဇာတစ်ဦး အနီးကပ်လာပြီး " ပရမတ်မှန် အမြင်သန် လားရန် အဝီစိ " ဤစကားကို ရေရွတ်သွားတော့သည် ဆို၏။

ပရမော ဥတ္တမော အတ္တော ပရမတ္တော စာကဆို၏ မဟုတ်လော။

ပရမော ဥတ္တမော - မြတ်သော၊ အတ္တော - အနက်သဘောတည်း။

ပရမတ္တော - မဖေါက်မပြန် မှန်ကန်တိမတ် ဂုဏ်သကတ်ကြောင့် မြတ်သော သဘောရှိသော တရား ဤသို့ပင် မဟုတ်လော။

ယခုသော် ပရမတ်မှန် အမြင်သန် လားရန် အဝီစိ ဆိုပြန်ရာ ဘာလဲတွေးမိသည်ဆို၏။

ဟုတ်လေခြင်း..

ဘုရားရှင်ကား ပရမတ်သမား မဟုတ်လော။ သို့တစေလည်း မယ်တော် တော်စပ်ခဲ့ဘူးသော တာဝတိံသာရှိ သေတကေတုနတ်သားကို နို့ဘိုးဆပ်တရား အဘိဓမ္မာများ ဟောကြားခဲ့သည်မှာ အထင်အရှားပင် ရှိချေ၏။

သာရိပုတ္တရာမထေရ်သည်လည်း ပရမတ်သမားပင် မဟုတ်လော။ သို့တစေလည်း ပရိနိဗ္ဗာန် စံဝင်ခါနီး မယ်တော်သာရီ ပုဏ္ဏေးမကြီးကို နို့ဘိုးဆပ်သောအားဖြင့် ၄င်းမွေးရာ မီးနေခန်းသို့ ကြွမြန်းကာ ကျေးဇူးဆပ်တုန့်သွားသည်မှာလည်း အထင်အရှားပင် ရှိချေ၏။

သို့ကြောင့် ပညတ်နေရာ ပညတ်သုံး။ ပရမတ်နေရာ ပရမတ်သုံး ဟူသောထုံးကို ကိုင်စွဲလာခဲ့သည်ဟူ၍ ငါတို့အား ဆုံးမ ခဲ့ဘူးပါချေ၏။ ဝိဇ္ဇာဆိုတိုင်းလည်း သည်ပုတ်ထဲကပဲ သည်ပဲချည့်ပဲ သဘောမထားသင့်ပြီ။

သာသနာတွင်း ဝိဇ္ဇာမှန်သမျှ ဆုပန်နှင့် ဖြည့်ကျင့်မှု လက်မလွှတ်။

ထိုဆုပန်နှင့် ဆုခံ အံ့ကိုက် မဖြစ်ကြသေးမှီ စရိယာသုံးပါးလည်း ကျင့်မြဲသာ ရှိချေလိမ့်ဦးမည်။

သာသနာ့အကျိုး၊ လောကအကျိုး၊ ဆွေတော်အကျိုး၊ မျိုးတော် အကျိုး၊ မိမိအကျိုး။

ထိုအကျိုးတရားများ တိုးပွားအောင် ဆောင်ချဉ်းပေးနေမည်ကား မြေကြီးလက်ခတ် မလွဲပြီ။

ထိုဝိဇ္ဇာတို့တွင် အချို့ကား ဘုရားဆုပန်၊ အချို့ကား သာဝကဆုပန်၊ ကွဲပြားကြသည်ဆို၏။

ထိုတွင် ဘုရားဆုပန်ဝိဇ္ဇာကား ဘုရားရှင်၏ ဇာတ်သိမ်းပွဲ ဖြစ်သော ရောင်တော်ပြန်ကာလ ယူခွင့်ရရန် ကျင့်နေကြပြီး သာဝကတို့တွင်ကား ရင့်လေပြီးသော သာဝကဆုပန် ဝိဇ္ဇာကား မိမိအား အဆုံးအမ ပေးသနားသော ဘုရားကို မျက်မြင်ကိုယ်တွေ့ ဖူးတွေ့ပြီးနောက် အရိယာအကျင့် ကျင့်လျက်က နိဗ္ဗာန်ဝင်စံရန် ရောင်တော်ပြန်ပွဲ အားခဲ၍ ကျင့်နေသည် ဆို၏။ အခြားတို့ကဲ့သို့ သူယောင်တောသွား သူယောင်မနှင့် ပျော်ပါးရန်ကား မဟုတ်ပြီ။

ထိုဝိဇ္ဇာတို့၏ လက်ဝယ်၌ တင်းလင်းရှိသော အဘိဥာဉ်များထဲမှ က္ကုဒ္ဓိဝိဓအဘိဥာဉ်ကား ဤသာသနာ အသုံးချရန်မှတစ်ပါး အခြားလမ်းရှိလိမ့်မည်မဟုတ်ချေ။

( ဘဝကန္တာရ သင်္ကေတကထာ - မဟာဗောဓိမြိုင်ဆရာတော် )

တဖန် မဟာစည်ဆရာတော်ဘုရားကြီး၏ သာသနာ တည်စကာလကို မှတ်သားခဲ့ရဖူး၏။ ယခု မြင်တွေ့နေရသော မဟာစည် သာသနာ့ရိပ်သာ၏ မြင်ကွင်းသည် ယခင်က ဤသို့မဟုတ်ခဲ့။ ရော့ရဲရဲ သံဆူးကြိုး အကာအရံများနှင့် တဲအုံစုမျှသာ အစပျိုးခဲ့ရ ဆို၏။
တစ်နေ့ မဟာရာမ်တံတိုင်းနှင့် မုခ်ဦးကြီးများ တည်ဖန်ရန် ရည်သန်လျက်က ပန်းရံများကို ခေါ်ငင်ကာ အဓိဋ္ဌာန် အဝင်ခိုင်းသည် ဆို၏။ ညစဉ်ဟုဆို၏။

ဆရာတော်ဘုရားကြီးကား ထိုပန်းရံအလုပ်သမားတို့၏ ဦးထိပ်ဝယ် ကုလားထိုင်ကြီး၏ အပေါ်၌ ထိုင်လျက်က မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းတော်မူသည် ဆို၏။

တစ်ရက်နှစ်ရက်ခန့် ကြာညောင်းလာသော် စိတ်ငြိမ်သက်စ ပြုလာကြသည်ဆို၏။ ခေါင်းဆောင်၌ကား သမာဓိတည်လာသည်နှင့် အာရုံတွင် မိန်းမချောလေးတစ်ဦး အနီးသို့ ကပ်လာသည်ဆို၏။

" အာ...ငါ ဒါမလိုချင်လို့မှ တရားအားထုတ်နေတာ ဘာလာနှောင့်ရှက်တာလဲ "

ပါးစပ်မှလည်းပြော လက်သီးဖြင့်လည်း ထထိုးဆို၏။ ထိုအခါ ခေါင်းရင်းမှ ဆရာတော်ဘုရားကြီးက " ဟဲ့..ဒကာ ကိုယ့်အလုပ် ကိုယ်လုပ် " ဟူ၍ သတိပေး ခံခဲ့ရဆို၏။

တစ်ဖန် နောက်လိုက် တစ်ဦးကိုကား နွားကြီးက လာနမ်းသည်ဆို၏။ ထိုအခါ ထိုနောက်လိုက်ကလည်း " ကဲဟာ ကဲဟာ ဆိုပြီး နွားကြီး ပါးစောင်ရိုးကို လက်သီးဖြင့် ထထိုးပြန်သည်ဆို၏။

ဆရာတော်ဘုရားကြီးကလည်း " ဒကာ... ကိုယ့်အလုပ် ကိုယ်လုပ်လေ " မိန့်ဆိုတော်မူပြီး " တယ်လဲ အနှောက်အဖျက် ပေါတဲ့ နေရာပေကိုး "

ဤသို့လျှင် ငြီးငြူတော်မူခဲ့ ဆို၏။ သို့နှင့် ညစဉ်တိုင်း တစ်ပါတ်မျှ ကြာညောင်းလာသောအခါ - တစ်ည တရားရှုမှတ်လျက်က မီးကဲ့သို့ ပူပြင်းလှသော ဝေဒနာများ ခါးဆစ်ရိုးမှ ထကြွလာပြီး ကျောရိုးတစ်လျှောက် တဖျင်းဖျင်း ထရောက်လာကြသည်ဆို၏။ ဆရာတော်ဘုရားကြီးကလည်း သိဆို၏။

" မလျှော့နဲ့နော်...သည်းခံပြီး အားထုတ်ဟေ့ "

" ရပ်မပစ်လိုက်နဲ့နော်...မျက်စိမှတ်ပြီးသာ အားထုတ်ဟေ့ "

ဤသို့ ခေါင်းရင်းမှနေ၍ သတိအမြဲပေးနေသည်ဆို၏။ ထိုဝေဒနာကား တစ်ဆင့်မှတစ်ဆင့် တိုး၍လည်းပူ တိုး၍လည်း တက်တက်လာခဲ့ပြီး ဦးခေါင်းပိုင်း၏ ငယ်ထိပ်သို့ ရောက်သောကာလ ရုတ်တရက် ပျောက်သွားတော့သည် ဆို၏။

" အေး...အောင်သွားပြီကွာ့ " ဟူ၍ မိန့်တော်မူသတတ်။

နောက်နေ့ ရောက်သောကာလ ပွင့်ကောင်း ငံပြာရည် စက်ရုံပိုင်ရှင် ဦးပွင့်ကောင်း ကျောင်းသို့ရောက်ရှိလာပြီး " အရှင်ဘုရား ဤကျောင်း၏ လိုသမျှ တပည့်တော် တာဝန်ယူပါရစေဘုရား " ဟူ၍လာရောက် လျှောက်ထားတော့သည်ဆို၏ ။

ဤသို့ဖြင့် မဟာရာမ် တံတိုင်းကြီးများ မုခ်ဦးကြီးများ စတင် ပြုလုပ်ခွင့် ရလာတော့သည်ဆို၏ ။ ထိုသို့ ပြုလုပ်ရာ၌လည်း...

" မင်းတို့ကွာ... လက်ခကိုတော့ နေ့တွက်ကိုက်လောက်ရုံသာ တောင်းကြပါ " ဟူ၍ မူသဖြင့် နေ့တွက်လောက်ဖြင့်သာ ပြုလုပ်ပေးခဲ့ရပါသည် ဟူ၍ ထိုမဟာရာမ်တံတိုင်းနှင့် မုခ်ဦးကြီးများကို ဦးဆောင် ပြုလုပ်ခဲ့ရသော ဦးထွန်းရှင် ခေါ် ပိဋကတ်တော် မောင်ထွန်းကြိုင် ဆိုသူက ငါတို့အား လျှောက်ထားခဲ့ဖူးသည်ကို မှတ်သားခဲ့ရ ဖူးပါချေ၏ ။

ထူးခြားသည်မှာ ထိုအဓိဋ္ဌာန်ရက် အောင်မြင်သည်၏ နောက်တစ်နေ့ နံနက်တွင်မူ မဟာစည်ကျောင်းဝင်းကြီး၏ အတွင်းရှိ ထိန်ပင်ကြီးများကိုးပင်တိတိ အလိုလို ရုတ်တရက်လျှင် လောင်မီးကျသော သစ်ပင်များပမာ သေဆုံးသွားကြသောဟူ၏ ။

ဤသို့ ရေးပြရသည်မှာ ဝိပဿ နာဓူရဆောင် ဆရာတော်ကြီးပင် ဖြစ်လင့်ကစား သမထအင်အား ထူထောင်ရခြင်းကိုလည်း သိစေလို၏ ။

ပရမတ်နေရာ - ပရမတ်၊ ပညတ်နေရာ - ပညတ်၊ သူ့နေရာနှင့်သူ သုံးသပ်ရသည်ကိုလည်း သိစေလို၏ ။

အရိယာဝိဇ္ဇာနှင့် လောကီဝိဇ္ဇာ အပ်နှင့်ချည်ပမာ နှစ်ဖြာတွဲဖက် သာသနာ့အကျိုး လက်ဆက်ကြရပါသည်ကိုလည်း သိစေလိုရင်းပင် ဖြစ်ပါချေ၏ ။

ဆရာတော်ဘုရားကြီး၏ ဂုဏ်သိက္ခာကို အပုတ်ချခြင်းကား မဟုတ်ပါပြီ ။

သည့်အတူ ဝေဘူဆရာတော်ဘုရားကြီး သည်လည်း ရွှေဘို မဟာအောင်မြေ၌ သီတင်းသုံးစဉ် ရွှေဘိုမြို့ကြီး မီးဟုန်းဟုန်းတောက်၍ လောင်ကျွမ်းတော့မည့် အရေးအခင်း ကြိုတင်တွေ့မြင် လေရသောအခါ ဝိဇ္ဇာကြီးများ၏ လျှောက်ထား တောင်းပန်ချက်အရ...

" အေးဗျာ့...အိမ်တစ်အိမ်လျှင် (၉)လက်မ ပတ်လည်ရှိတဲ့ ရေကန်တစ်ကန် တူးထားရမတဲ့ဗျာ့...(၉) လက်မ အစောက်နက်တဲ့ ရေတွင်းတစ်တွင်းလည်း တူးထားကြရမှာတဲ့ဗျာ့ "

နှိုးဆော်တော်မူခဲ့ပါ၏ ။ ယုံသူများ လိုက်နာ၏ ။ မီးလွတ်၏ ။ မယုံသူများ - မလိုက်နာ ၊ မီးပါသွားဟူ၏ ။

တစ်ဖန်လည်း ငါတို့ငယ်ငယ်တုန်းက ဆရာတော်ဘုရားကြီး အင်ကြင်းပင်၌ သီတင်းသုံးစဉ် ဝိဇ္ဇာကြီးများ၏ လျှောက်ထား တောင်းပန်ချက်အရပင် ကလေးငယ်များ ကပ်ဘေးဆိုက်တော့မည်ကို မြင်တော်မူသဖြင့်...

" အေးဗျာ့... (၁၀) နှစ်အောက် ကလေးငယ်များ ၄င်းတို့၏ လက်တစ်ဆစ်ဖြင့် တိုင်းတာဖြတ်တောက်ပြီး ၄င်းတို့ လည်ပင်းမှာ တမာသားလေးများ ကြိုးနှင့် ဆွဲပေးထားကြရမတဲ့ဗျာ " ဟူ၍ နှိုးဆော်တော်မူခဲ့ပါသေး၏ ။ ယုံသဖြင့် အားလုံး လိုက်နာခဲ့ရဖူးပြီ ။ အားလုံးပင် ချမ်းသာရာ ရခဲ့ကြဖူးသော သာဓကလည်း ရှိခဲ့ဖူးသေး၏။ ထိုနှင့် တစ်ဆက်တည်းမှာပင်...

အညာတမာ မာတာတာ
တမာခါးခါး ငါမစား

ဤအတိတ်တဘောင်လည်း သူကလိုလို ငါကလိုလိုနှင့် လူတို့အကြား ပေါ်ထွက်လာချေတော့၏ ။

ရဟန္တာတစ်ဆူ ဖြစ်တော်မူပါသော ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး၏ လောကတ္ထစရိယခေါ်သော သတ္တဝါဝေနေယျအကျိုး ဆောင်တော်မူချက်ကား သိသာထင်ရှား လွန်းစွာဖြင့်ပင် ပြသတော်မူသွားခဲ့ပါချေ၏ ။

ကျောက်ဆည် ဝေဘူ၌ စည်တော်ကြီး စသည်များ ချိတ်ဆွဲ တီးခတ်ပြလျက်ကလည်းကောင်း အင်ကြင်းပင်၌ နေ့စဉ် နံနက်တိုင်း တံမျက်လှည်း ခတ်လျက်ကလည်းကောင်း ပြုကျင့်တော်မူသွားပါ၏ ။

-- တံမျက်လှည်းခြင်း၌ သေနာသနဝတ်က သာမည ။

-- ဝေနေယျတို့ သွားလမ်း လာလမ်းသာစေသည်က အဓိကတည်း ။

သာသနာ့အကျိုးဆောင်တော်မူချက် မှာမူကား ရွှေဘိုအောင်မြေ၌ ပိဋကတ်တော်များကို ဆင်ပေါ်တင်၍ လှည့်လည်လျက်ကလည်းကောင်း အင်ကြင်းပင်၌ကား ညစဉ် (၇) နာရီခန့်ဝယ် ရဟန်းတော်များ အင်ကြင်းပင် ကမ္မဋ္ဌာန်းကျောင်းဝင်း ကြီးကို ကားဖြင့် ပတ်လှည့်လျက်က ပရိတ်ရွတ်စေခြင်း ရှင်ဥပဂုတ္တ ဖောင်တော် ထားရှိစေခြင်းဖြင့် လည်းကောင်း သိသာထင်ရှားစွာ ဆောင်ပြတော်မူသွားခဲ့ပါချေ၏ ။

အထူးမှာကား ဝေဘူဆရာတော်ဘုရားကြီးနှင့် အောင်မင်းခေါင် ၊
အောင်မင်းခေါင်ကြီးနှင့် ဝေဘူဆရာတော်ဘုရားကြီး ၊
အရိယာနှင့် ဝိဇ္ဇာ နှစ်လွှာတွဲ၍ သာသနာ့အောင်ပွဲ ဆင်နွဲခြင်းပင်တည်း ။

ဝေဘူဆရာတော်ဘုရားကြီးကား ကျောက်ဆည် ဝေဘူချောင်မှာ ။

အောင်မင်းခေါင်ကြီးကား ပုပ္ပါးတောင်ကလပ်မှာ ။

နှစ်စဉ်၏ သီတင်းကျွတ်လေတိုင်း ထိုဝေဘူတောင်၌ ဆွမ်းကွမ်းဝေယျာဝစ္စ ယူနေရသော ဒကာမကြီးကို ဆရာတော်ဘုရားကြီးက ပုပ္ပါး အောင်မင်းခေါင်ထံ စေလွှတ်မြဲဆို၏ ။

" နို့...မောင်ပဉ္ဇင်းက ဘာမှာလိုက်သေးတုန်းဗျာ့..." ရောက်မဆိုက် အောင်မင်းခေါင်ကြီး၏ မေးစကား ။

" နို့... ဒကာကြီးက ဘာလျှောက်ထားလိုက်သတုန်းဗျာ့..." ရောက်မဆိုက် ဆရာတော်ကြီး၏ မေးစကား ။

ဤသည်ကိုထောက်လျှင် -

ဘုရားကြွရာ နတ်တွေပါ ၊
ဝိဇ္ဇာမလွတ် နောက်လိုက်ဝတ် ။ ၊

ဆိုသော စကားပမာ သာသနာ့ အကျိုးသယ်ပိုးလေသူ အရိယာကြီးများ သီလဝန္တ သမုတိနွယ်များ၏ နောက်တော်ပါး၌လည်း ဝိဇ္ဇာကြီးများနှင့် သမာဒေဝ နတ်ကောင်းနတ်မြတ်များ ထပ်ချပ်မကွာ လိုက်ပါလျက်က စရိယာ
သုံးပါး ၊ ဝိဇ္ဇာသုံးပါး ၊ ဝိဇ္ဇာရှစ်ပါး ၊ စရဏ တစ်ဆယ့်ငါးပါး ၊ ဖြည့်ကျင့်အားထားမည်မှာ မလွဲချေပြီ ။

အထက်ပါ အားလုံးတို့မှာ ငါတို့ခေတ်၌ ကြုံတွေ့ ကြားသိခဲ့ရသော သာသနာ့ တံခွန်အထူနှင့် ဝိဇ္ဇာအကူ အတူပေါင်းလျက်က တစ်ကြောင်းတည်း ခရီးသွားကြရပုံ၏ သုတစကားများချည်း ဖြစ်ပါချေ၏ ။

ငါတို့ မမှီလိုက်ရသော လယ်တီဆရာတော်ဘုရားကြီး ( အဘိဥာဉ်ရ အနာဂါမ် ပုဂ္ဂိုလ်ကြီး ) လက်ထက်တော် ကာလတုန်းကလည်း တစ်ပြည်လုံး ကပ်ရောဂါ ကျသဖြင့် မနေမနား ကြွရောက် ကယ်မတော်မူရစဉ် မြဝတီမြို့ အရောက် ဝိဖ္ဇာက ကပ်ကျော်အင်းကပ်လှူသည်ကို လက်ခံရယူတော်မူခြင်း ။

ဆရာတော်ဘုရားကြီး ကိုယ်တိုင်ပင်လျှင် ပြည် နိဗ္ဗိန္ဒဆရာတော်အား အင်းလက်ဖွဲ့ ချီးမြှင့်တော်မူခဲ့ခြင်း ။

ဆရာတော်ဘုရားကြီး သက်တော်ရှည်ရှည်ဖြင့် သာသနာပြုနိုင်ရန် ဝိဇ္ဇာမှ ပြာကပ်လှူခြင်း ၊

လယ်တီဘိုးဘိုးကြီး ခေါ် နတ်မင်းကြီးကိုယ်တိုင် အစောင့်အရှောက်များ အကူအညီများ ပေးရခြင်း ။

များသည် သူ့ဆိုင်ရာ စာများ၌ မှတ်တမ်းများ ပါရှိပြီးသည်ကို သုတစကား ဖတ်ရှု မှတ်သားခဲ့ရဖူးသေး၏ ။

ဤ၌ လယ်တီဆရာတော်က အင်းလက်ဖွဲ့ ချီးမြှင့်သည်ဆိုသဖြင့် ဆရာတော်ဘုရားကြီးကိုယ်တော်တိုင် အင်းကစားခြင်း လက်ဖွဲ့ စီရင်ခြင်းများ ပြုကျင့်တော်မူချေသည်ဟူ၍ အယူအဆ မမှားလေလင့် ။

စင်စစ် အရိယာဝိဇ္ဖာကြီးများ၌ လောကီ အသုံးအနှုံး မဆိုထားဘိ ။ လောကီစကား တစ်လုံးမျှ ကိုသော်လည်း ကြံစည်ခြင်း နှုတ်ဖွင့်ခြင်း အလျဉ်းမရှိ။ ကိုယ်ထိလက်ရောက်ကား အဘယ်မှာ ဆိုစရာ ရှိပါတော့ မည်နည်း။

ဝိဇ္ဇာသည်လည်းကောင်း နတ်သည်လည်းကောင်း စရိယာသုံးပါး တို့ကို ပြုကျင့်လိုရာ၌

-- မည်သူသည် မည်မျှ သာသနာ့အဖွင့် တွန်းဖွင့်နိုင်ပြီး ဖြစ်သနည်း။

-- မည်သူသည် မည်မျှ သာသနာ့ အပွင့် တွန်းဖွင့်ပေးနိုင်အား ကောင်းသနည်း။

-- မည်သူ့ထံမှာ ချဉ်းကပ်၍ သာသနာ့ ကိစ္စ အားပေးရသော် မည်မျှထွန်းပေါက်နိုင်သနည်း။

ထိုအချက်များကို ၄င်းတို့၏ အဘိဥာဉ် ကမ္မဇိဒ္ဓိများဖြင့် တွက်ချက်ကြည့်မြဲဖြစ်၏။ အဖြေတွေ့သော် ထိုပုဂ္ဂိုလ်ထံ ကပ်ချဉ်း၍ ကူပံ့ရန် အဆင်သင့်သာ ဖြစ်ပေလိမ့်မည်။

ဤနည်းဖြင့်ပင် လယ်တီဆရာတော်ဘုရားကြီး၌ အင်း စသည့် လောကီအသုံးအဆောင်များ အဆင်သင့် ရှိပြီးသားကို ဥာဏ်မှီထားလျှင် အရိယာအင်းချ မစွပ်စွဲမိ တန်လောက်ပြီ။

ဤနေရာ၌ ရေးပြလိုချက်မှာ မဟာစည်ဆရာတော်ဘုရားကြီး ကမ္ဘာကိုလှည့်၍ သာသနာပြုသည်နှင့် အဘ၏ " အောင်ပြီ " ပြောသည်ကို ပေါင်းကူးပေးခြင်းပင် ဖြစ်ပါ၏။
" ညောင်ဦးက ကမ်းပါးပြို စမ္ပါနဂိုက နွားမကြီးပေါင်ကျိုး " စကားမျိုး ထင်အံ့ စိုးသဖြင့် ရှင်းပြခြင်းပင်။

သာသနာပြု ပုဂ္ဂိုလ် အာဇာနည်တို့၏ သာသနာ့ကိစ္စ ထွင်းသာဖေါက်သာ သွားသာလာသာ ဝင်သာထွက်သာစေရန် ရှေ့ပြေး လမ်းခင်းပေးခြင်း၊ နောက်ကူတွန်းအား ပံ့ပိုးပေးခြင်း၊ အတူယဉ်တွဲ လျက်က အောင်ပွဲဆင်စေခြင်းများသည် သာသနာဝင် ဝိဇ္ဇာတို့၏ တာဝန်ပင် ဖြစ်ချေ၏။

-- တစ်ဘက်၏ မယုံစိတ်ကို ယုံစိတ်သို့ ညွှတ်ပေးခြင်းမှာ ဝိဇ္ဇာတာဝန်။

-- တစ်ဘက်၏ အယူသီးစိတ်ကို သွေးတိတ်စေခြင်း မှာလည်း ဝိဇ္ဇာတာဝန်။

--ဤဘက်၏ အဝင်အထွက် အခဲအခက်ကို ချောမွတ် ကျေညက်စေခြင်းမှာလည်း ဝိဇ္ဇာတာဝန်ပင်တည်း။

မမြင်ကွယ်ရာရှိ စိတ်တန်ခိုး စိတ်သတ္တိ၏ စွမ်းပကားသည် အတိုင်းအဆမရှိ တန်ခိုးအာနိသင် အပြည့်ရှိ၏။ မြင်အပ်ရာရာရှိ ကိုယ်နှုတ်တို့၏ သတ္တိစွမ်းပကားများထက် သာလွန် ထိရောက်လှပါသည်ကို ဘုရားရှင်ကိုယ်တော်တိုင် ဥပါလိသုတ်၌ ဟောကြားထားသည် မဟုတ်ပါလော။

-- သဒ္ဓါအားသက်သက်၏ စိတ်စွမ်းအင်ထက် သီလအားစင်ကြယ်သူ၏
စိတ်စွမ်းအင်က ပိုလွန်၏။

-- သီလအားရှင်၏ စိတ်စွမ်းအင်များထက် သမာဓိစွမ်းပကား ကြီးမားသူက ပိုလွန်၏။

တစ်ဖန် --

-- သာမာန် သမာဓိစွမ်းအားရှင်ထက် အပ္ပနာသမာဓိ စိတ်မကလက် လွန်ငြိမ်သက်သူ၏
စိတ်စွမ်းအင်များက အဆသာ၏။

တစ်ဖန် --

-- ရိုးရိုး အပ္ပနာ သမာဓိရှင်ထက် အဘိဥာဉ်သမာဓိရှင်၏ အလွန်သန့်ပြန့် စင်ကြယ်သော
စိတ်စွမ်းအင်က အဆရာ ထောင်လွန်ကာ မြင့်မြတ်၏။

ထိုအဘိဥာဉ် စွမ်းအားရှင်၏ စိတ်ညွတ်ရာ အရာဌာနတိုင်းတို့၌ ပညတ်သွားရာ ဓါတ်သက်ပါစေမှုကား ပြောမကုန်ကြုံမှ သိမည်သာတည်း။

( ဘဝကန္တာရ သင်္ကေတကထာ - မဟာဗောဓိမြိုင်ဆရာတော် )