••••••••••••••••••••
လောကမှာ ရှိရှိသမျှ အဖော်အားလုံးထဲမှာ သဒ္ဓါ
အဖော်ဟာ “အနှိုင်းမဲ့ အဖော်”ဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ သဒ္ဓါအဖော်ထက် ပိုပြီး
ပေါင်းသင်းထိုက်ပါတယ်၊အားကိုးထိုက်ပါတယ်လို့
နှိုင်းယှဉ်စရာ၊ အစားထိုးစရာ၊ထပ်တူပြုစရာ
တခြားအဖော် မရှိတော့လို့ပါပဲ။
သဒ္ဓါအဖော်နဲ့ လဲလှယ်သင့်၊ လဲလှယ်ထိုက်တဲ့
တခြားအဖော် လောကမှာ မရှိတော့တဲ့အတွက် သဒ္ဓါ
အဖော်ဟာ “အနှိုင်းမဲ့ အဖော်”ဖြစ်ပါတယ်။

“အဖော်”ဆိုတာ ကိုယ်နဲ့ မခွဲမခွာ အမြဲပါနေတဲ့ ပုဂ္ဂိုလ်၊
သို့မဟုတ် အရာဝတ္ထုကို ခေါ်တာပါ။ ကိုယ်ကလွဲရင်
နှစ်ယောက်မြောက်၊ သို့မဟုတ် နှစ်ခုမြောက်ပေါ့။
သက်ရှိအဖော်နဲ့ သက်မဲ့အဖော်လို့ အဖော်
နှစ်မျိုးရှိတဲ့အတွက် သက်ရှိဆိုရင် ကိုယ့်ရဲ့
နှစ်ယောက်မြောက် ပုဂ္ဂိုလ်၊
သက်မဲ့ဆိုရင် ကိုယ့်ရဲ့ နှစ်ခုမြောက် အရာဝတ္ထု ဟာ
ကိုယ့်ရဲ့ အဖော်ပါပဲ။

သက်ရှိအဖော်ဆိုတာ ကိုယ့်အပေါ် ဘယ်လောက်ပဲ
ကောင်းကောင်း၊ ကိုယ့်အနားမှာ တစ်ဖဝါးမခွာ
အမြဲ မနေနိုင်ပါဘူး။ သူ့အလုပ်နဲ့သူ၊ သူ့ဘဝနဲ့သူမို့
တစ်ခါတစ်ရံ တကယ်လိုအပ်တဲ့ အခါမျိုးမှသာ
ကိုယ့် အနား လာနေနိုင်တာပါ။

သက်ရှိဆိုတာ စိတ်နဲ့ ဖွဲ့စည်းထားတာမို့
သူ စိတ်ပါတဲ့အခါ ကိုယ့်အနား နေမယ်၊
သူစိတ်မပါတဲ့အခါ ကိုယ့်အနား မနေဘူး၊
သူစိတ်ကြည်တဲ့အခါ ကိုယ့်အပါး ကပ်မယ်၊
သူစိတ်မကြည်တဲ့အခါ ကိုယ့်အပါး မကပ်ဘူး
ဆိုတာမျိုးလည်း ရှိနိုင်ပါတယ်။
သူ့စိတ်နဲ့သူ အဆင်ပြေသလို နေထိုင်သွားမှာဖြစ်လို့
ကိုယ့်အနားမှာ အချိန်တိုင်းရှိနေဖို့ဆိုတာ
လုံးဝ မဖြစ်နိုင်ပါဘူး။

စိတ်ဆိုတာ အစိုးမရတဲ့အတွက် အကြောင်း
တစ်ခုခုကြောင့် ကိုယ့်အပေါ် မုန်းတီးသွားပြီဆိုရင်လည်း
သူဟာ ကိုယ့်ရဲ့ နှစ်ယောက်မြောက် အဖော် လုံးဝ မဖြစ်
နိုင်တော့ပါဘူး။ ဒါ့ကြောင့် သက်ရှိအဖော်ဆိုတဲ့ ပုဂ္ဂိုလ်
အဖော်ဟာ အစဉ်အမြဲ ပေါင်းသင်းထိုက်တဲ့၊ ထာဝရ
အားကိုးထိုက်တဲ့ ကိုယ့်ရဲ့ ဒုတိယမြောက် အဖော်ကောင်း
အဖော်စစ် မဟုတ်သေးပါဘူး။

သက်မဲ့အဖော်ကတော့ စိတ်မရှိတဲ့အတွက်
သူစိတ်လိုရင် ကိုယ့်နားနေ၊ သူစိတ်မလိုရင်
ကိုယ့်အနားမနေ ဆိုတာမျိုး လုံးဝ မရှိနိုင်ပါဘူး။
ကိုယ်ကသာ သူ့ကိုအမြဲစိတ်လိုတယ်၊
ကိုယ်ကသာ သူ့ကို အမြဲခေါ်ထားတယ်ဆိုရင်
ကိုယ့်အနားမှာ သူအမြဲ နေနေမှာ သေချာပါတယ်။
ထာဝရနေခွင့်ပေးထားရင် ထာဝရနေသွားမယ့်
အဖော်ဟာ သက်မဲ့အဖော်ပါ။ ဒါ့ကြောင့် သက်မဲ့အဖော်
သာလျှင် အစဉ်အမြဲ ပေါင်းသင်းထိုက်တဲ့၊
ထာဝရအားကိုးထိုက်တဲ့ ကိုယ့်ရဲ့ ဒုတိယမြောက်
အဖော်ကောင်း၊အဖော်စစ် ဖြစ်ပါတယ်။

သက်မဲ့အဖော်ကလည်း “အရာဝတ္ထုအဖော်နဲ့ ဓမ္မ
သဘာဝအဖော်” ရယ်လို့ နှစ်မျိုးရှိပြန်ပါသေးတယ်။
အရာဝတ္ထုအဖော်ဟာ ကိုယ်သုံးစွဲလိုက်လို့ပဲ ဖြစ်ဖြစ်၊
သူတစ်ပါးဖျက်ဆီးလိုက်လို့ပဲဖြစ်ဖြစ်၊
အချိန်ကာလ ကြာညောင်းပြီး သက်တမ်းစေ့သွားလို့ပဲဖြစ်ဖြစ်
ပျက်စီးပျောက်ဆုံးသွားနိုင်တဲ့အတွက် အစဉ်အမြဲ ပေါင်းသင်းလို့၊
ထာဝရ အားကိုးလို့ မဖြစ်နိုင်ပြန်ပါဘူး။

ဓမ္မသဘာဝအဖော်ကတော့ သုံးစွဲလေ တိုးပွားလေ
ဖြစ်နေတာကတစ်ကြောင်း၊ သူတစ်ပါး ဖျက်ဆီးလို့
မရနိုင်တာကတစ်ကြောင်း၊ သံသရာ မဆုံးမချင်း
သက်တမ်းမစေ့တာက တစ်ကြောင်း အစဉ်အမြဲ
ပေါင်းသင်းနိုင်၊ ထာဝရ အားကိုးနိုင်ပါတယ်။

ဓမ္မသဘာဝတွေ အများကြီး ရှိတဲ့အထဲမှာလည်း
“သဒ္ဓါ” ဆိုတဲ့ ဓမ္မသဘာဝဟာ ကိုယ့်အပေါ်
သစ္စာအရှိဆုံး၊ကိုယ့်အပေါ် ကောင်းကျိုးအပြုဆုံး
ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ အကောင်းဆုံးအဖော်၊
“အနှိုင်းမဲ့ အဖော်”ဖြစ်ပါတယ်။

သဒ္ဓါဆိုတာ ယုံကြည်မှုပါ။ လောကရေးရာ
အလုပ်ပဲဖြစ်ဖြစ်၊ ဓမ္မရေးရာ အလုပ်ပဲဖြစ်ဖြစ် ယုံကြည်မှု
ရှိမှ လုပ်ဖြစ်ပါတယ်၊ ယုံကြည်မှု မရှိရင် မလုပ်ဖြစ်ပါဘူး။
ယုံကြည်မှုရှိမှ ဦးတည်ချက်ရှိတယ်၊ ဦးတည်ချက်ရှိမှ
လုပ်ငန်းအထမြောက်ပါတယ်။ လုပ်ငန်းတစ်ခု ပီပီပြင်ပြင်
ရုပ်လုံးပေါ်ဖို့အတွက် ယုံကြည်မှုတည်ဆောက်တဲ့အလုပ်
ဟာ အရေးအကြီးဆုံးပါပဲ။

“ယုံကြည်” ဆိုတဲ့ စကားလုံးကို “ယုံ”တစ်လုံး၊
“ကြည်” တစ်လုံး၊ နှစ်လုံးခွဲလိုက်ရင်
“ယုံသဒ္ဓါ” နဲ့ “ကြည်သဒ္ဓါ”လို့ သဒ္ဓါနှစ်မျိုး
ထွက်လာပါလိမ့်မယ်။
သဒ္ဓါကနှစ်မျိုးကွဲသွားတာ မဟုတ်ပါဘူး။
သဒ္ဓါရဲ့ သဘောသဘာဝ၊ လုပ်ငန်းဆောင်တာ၊
အစွမ်းသတ္တိက နှစ်မျိုး ကွဲသွားတာပါ။

“ယုံသဒ္ဓါ” ရဲ့ အစွမ်းသတ္တိက ဘုရား၊ တရား၊
သံဃာ ရတနာမြတ်သုံးပါးရဲ့ ဂုဏ်ကျေးဇူး၊
ကံ-ကံရဲ့ အကျိုးနဲ့ ရှေးဘဝ၊ နောက်ဘဝ၊
တမလွန်လောကတွေကို ယုံပါတယ်။
“ကြည်သဒ္ဓါ” ရဲ့ အစွမ်းသတ္တိက စိတ်ကို
ကိလေသာအနောက်အကျုတွေ
ကင်းပြီး သန့်ရှင်းကြည် လင်စေပါတယ်။
ယုံသဒ္ဓါက ကြည်သဒ္ဓါကို အထောက်အကူပြုသလို၊
ကြည်သဒ္ဓါကလည်း ယုံသဒ္ဓါကို အကူအညီပေးပါတယ်။
ယုံမှ ကြည်သလို ၊ကြည်မှလည်း ပိုယုံတာပါ။

“ယုံသဒ္ဓါ” ဟာ သူတစ်ဦးတည်း ရပ်တည်နေတာ မဟုတ်ပါဘူး။
“ပညာ” ဆိုတဲ့ အဖော်နဲ့ တွဲပြီး ရပ်တည်နေတာပါ။
ပညာအဖော်က ...
“ယုံလေးရေ ...၊ ဘုရားဆိုတာ သိစရာအားလုံး
အကုန်သိတဲ့ လမ်းညွှန်ပုဂ္ဂိုလ်ကွယ့်။
တရားဆိုတာကတော့ ကိုယ့်ဘဝရဲ့လမ်းညွှန်၊
ကိုယ်လျှောက်လှမ်းရမယ့် လမ်းကြောင်းအမှန်ပေါ့၊
သံဃာဆိုတာကတော့ အဲဒီလမ်းကြောင်းပေါ်မှာ
ကိုယ်တိုင်လည်းလျှောက်၊ သူတစ်ပါးကိုလည်း
ဘုရားကိုယ်စား လက်တွဲခေါ်တဲ့သူတွေလေ၊
ရတနာကြောင့် ရတနာပိုင်ရှင်မှာ ကောင်းကျိုးချမ်းသာ
ရသလို ဘုရား၊ တရား၊ သံဃာကြောင့်လည်း
ဘုရား၊ တရား၊သံဃာ အဆုံးအမအတိုင်း လိုက်နာ
ကျင့်ကြံတဲ့သူတွေမှာ ကောင်းကျိုးချမ်းသာ ရနိုင်လို့
ဘုရား၊ တရား၊ သံဃာကို ရတနာသုံးပါးလို့ ခေါ်တာပေါ့။
ရတနာသုံးပါးကို ပူဇော်ရင်လည်း ရတနာပစ္စည်း
ပိုင်ဆိုင်ရသလို အကျိုးများတာပါပဲ။”

“ယုံလေးရေ ...၊ ကောင်းတဲ့အလုပ်ပဲ လုပ်လုပ်၊
ဆိုးတဲ့အလုပ်ပဲ လုပ်လုပ်၊ အဲဒီအလုပ်နဲ့အတူ
စေ့ဆော်တိုက်တွန်းမှု၊ ကြောင့်ကြစိုက်မှုဆိုတဲ့
စေတနာဓာတ်လေး ပါနေတယ်ကွယ့်။
အဲဒီ စေတနာဓာတ်လေးက အလုပ်လုပ်သူရဲ့ အတွင်းသန္တာန်မှာ
အကျိုးပေးစေနိုင်တဲ့ သတ္တိတစ်ခုအဖြစ်နဲ့ ကိန်းဝပ်ကပ်ပါသွားတာပေါ့။
အဲဒီသတ္တိကို ကံလို့ခေါ်တယ်လေ။
ကောင်းကံက ကောင်းကျိုးပေးပြီး၊
ဆိုးကံက ဆိုးကျိုးပေးတယ် ဆိုတာကို
ယုံလေး ဘယ်တော့မှ မမေ့ပါနဲ့။”

“ယုံလေးရေ ...၊ လူသားတွေ တစ်ဦးနဲ့တစ်ဦး
အကျိုးပေး မတူတာကို ကြည့်ခြင်းအားဖြင့် အကြောင်းကံ
မတူကြဘူးဆိုတာ အလွယ်တကူ သိနိုင်တယ်နော်။
အဲဒီ အကြောင်းကံကလည်း ဒီဘဝ မွေးဖွားလာပြီးမှ
ထလုပ် ကြတာ မဟုတ်ဘူးလေ။
ဒါဆို အဲဒီအကြောင်းကံတွေရဲ့ ဖြစ်တည်ရာ အတိတ်ဘဝ
ရှိတယ်ဆိုတာ သေချာသွားပြီပေါ့။
မနေ့ကဆိုတာရှိရင် မနက်ဖြန်ဆိုတာ ရှိသလို၊
အတိတ်ဘဝဆိုတာရှိရင် အနာဂတ်ဘဝ၊
တမလွန်ဘဝ ဆိုတာလည်း သေချာပေါက်ရှိမှန်း
ယုံလေး သဘော ပေါက်လောက်ပါတယ်ကွယ်”

ပညာအဖော်က အဲဒီလို စကားမျိုးတွေ အနားက
တဖွဖွပြောနေတော့ ယုံသဒ္ဓါကလည်း ယုံသင့်တာမှန်သမျှကို
သံသယ ကင်းကင်းရှင်းရှင်းနဲ့ ယုံတော့တာပေါ့။
ဒါ့ကြောင့် ယုံသဒ္ဓါကို ပေါင်းရင် ပညာကိုလည်း
ပေါင်းပြီးသား ဖြစ်သွားပါတယ်။
ယုံသင့်တာမှန်သမျှကို စိတ်ချလက်ချ ယုံသွား
ပြီဆိုရင် စိတ်အစဉ်မှာ “ဟုတ်လေသလား၊
မဟုတ်လေသလား”ဆိုတဲ့ သံသယ
အနောက်အကျုတွေ ကင်းစင်ပြီး၊သန့်ရှင်းကြည်လင်သွားပါတယ်။
သံသယကင်းရင် လောဘလည်း ကင်း၊ ဒေါသလည်း
ကင်းတဲ့အတွက် ယုံသဒ္ဓါဖြစ်နေတဲ့စိတ်ဟာ
ကိလေသာ အနောက်အကျုတွေ ကင်းစင်ပြီး၊
ကြည်လင်နေပါတော့တယ်။ ယုံသဒ္ဓါကြောင့်
ကြည်သဒ္ဓါဖြစ်သွားတာပေါ့။

■ယုံလို့ ကြည်သွားတဲ့ ကြည်သဒ္ဓါကို စကြာမင်းရဲ့
ပတ္တမြားရတနာနဲ့ တူတယ်လို့ ကျမ်းဂန်များမှာ
ဥပမာပေးကြပါတယ်။

■ရွှံ့ညွန်အနယ်အနှစ်တွေ၊ ရေမှော်ရေညှိတွေနဲ့
မည်းညစ်နောက်ကျုနေတဲ့ ရေထဲကို စကြာမင်းရဲ့
ပတ္တမြား ရတနာ ထည့်လိုက်ရင် ရွှံ့ညွန်အနယ်အနှစ်တွေ
အောက်ကို ထိုင်ကျသွားပါတယ်။ ရေမှော်ရေညှိတွေ
ကင်းပျောက် သွားပါတယ်။ နောက်ကျုနေတဲ့ရေဟာ
ကြည်လင်ချင်တိုင်း ကြည်လင်သွားပါတယ်။

■ဘယ်လောက်နောက်ကျုနေတဲ့ ရေကိုပဲဖြစ်ဖြစ်
စကြာမင်းရဲ့ ပတ္တမြားရတနာက တစ်ခဏချင်း
ကြည်လင်စေနိုင်သလို ၊ဘယ်လောက်နောက်ကျုနေတဲ့
စိတ်ကိုပဲဖြစ်ဖြစ် သဒ္ဓါတရားက တစ်ခဏချင်း
ကြည်လင်စေနိုင်ပါတယ်။ စိတ်အစဉ်မှာ သဒ္ဓါတရား
ကိန်းဝပ်သွားပြီဆိုရင် စိတ်မည်း၊စိတ်ရိုင်းဆိုတဲ့
ကိလေသာရွှံ့ညွန်အနယ်အနှစ်တွေ အောက်ကို
ထိုင်ကျသွားပါတယ်။ ကုသိုလ်စိတ်ရဲ့ အပိတ်အဆို့
စိတ်ပူစိတ်ညစ်ဆိုတဲ့ နီဝရဏရေမှော်ရေညှိတွေ
ကင်းပျောက်သွားပါတယ်။ နောက်ကျုနေတဲ့စိတ်ဟာ
ကြည်လင်ချင်တိုင်း ကြည်လင်သွားပါတယ်။

ကြည်သဒ္ဓါကလည်း သူ့ချည်းသက်သက်
ရှင်သန်နေတာမဟုတ်ဘဲ “သတိ၊ သမာဓိ၊ ဝီရိယ”
အဖော်တွေနဲ့ ပူးပေါင်းရှင်သန်နေတာမို့ မိမိကြောင့်
ကြည်လင်သွားတဲ့စိတ်ကို မိမိရဲ့ အဖော်တွေနဲ့
တရင်းတနှီး မိတ်ဆက် ပေးလိုက်ပြန်ပါတယ်။
သဒ္ဓါကြောင့် စိတ်ကြည်သွားပြီ ဆိုရင် သတိက
လုပ်သင့်တဲ့အလုပ်တွေကို အမှတ်ရ၊
သမာဓိက အလုပ်တွေကို
အရည်အသွေးကောင်းအောင်ဂရုစိုက်၊
ဝီရိယက အလုပ်ပြီးဆုံးအောင် ကြိုးစားလိုက်တဲ့အတွက်
စိတ်ဟာ အလုပ်ကောင်း အလုပ်မြတ်
တော်တော်များများကို လုပ်ပြီးသား ဖြစ်သွားပါတယ်။

သဒ္ဓါဟာ မိတ်ဆွေကောင်း ပေါများတဲ့
မျက်နှာကြီးမျိုးဖြစ်တဲ့အတွက်
ယုံသဒ္ဓါကို ပေါင်းရင်၊ပညာနဲ့လည်း ပေါင်းပြီးသားဖြစ်၊
ကြည်သဒ္ဓါကို ပေါင်းရင် သတိ၊ သမာဓိ၊ဝီရိယနဲ့လည်း
ပေါင်းပြီးသား ဖြစ်သွားတာမို့ သဒ္ဓါကို အဖော်ပြုနေတဲ့စိတ်မှာ
သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ပညာဆိုတဲ့
“ခေါင်းဆောင်သူတော်ကောင်းဓာတ်”တွေ
အားလုံးစုံညီသွားပါတယ်။

ခေါင်းဆောင်သူတော်ကောင်းဓာတ်တွေ စုံစုံ ညီညီ
သက်ဝင်လှုပ်ရှားနေမှတော့ မေတ္တာ၊ ကရုဏာ၊ ပီတိ၊
ပဿဒ္ဓိ စတဲ့ နောက်လိုက်
သူတော်ကောင်းဓာတ်တွေလည်း တစ်နွယ်ငင်တစ်စင်ပါ
ပြည့်စုံယှဉ်တွဲလာတော့တာပါပဲ။
သူတော်ကောင်းဓာတ်အားလုံးနဲ့ တရင်းတနှီး ဖြစ်အောင်
မိတ်ဆက်ပေးနိုင်စွမ်းရှိတဲ့အတွက် သဒ္ဓါတရား ဟာ
လူသားအားလုံး၊ သတ္တဝါအားလုံးရဲ့ အကောင်းဆုံး အဖော်၊
အနှိုင်းမဲ့အဖော် ဖြစ်ရပါတယ်။

သဒ္ဓါနဲ့သာ ဘော်ဒါဖြစ်ရင် ကျန်တဲ့သူတော်
ကောင်းတရားအားလုံး၊ ကုသိုလ်တရားအားလုံးနဲ့
ဘော်ဒါ ဖြစ်သွားတယ်လို့ ဆိုလိုပါတယ်။
သဒ္ဓါရှိမှ ဒါနလည်းပြုဖြစ်၊ သီလလည်း စောင့်ဖြစ်၊
ဘာဝနာလည်း ပွားဖြစ်တာ မဟုတ်လား။
ကုသိုလ်တရားအားလုံးဟာ သဒ္ဓါတရားကြောင့်သာ
ဖြစ်ပွားခဲ့ရတဲ့အတွက် သဒ္ဓါတရားဟာ သူတော်ကောင်းတိုင်းရဲ့
အဖော်ချုပ်မှူးကြီးပါပဲ။

စကြာမင်းရဲ့ ပတ္တမြားရတနာက ရေကိုသာ
ကြည်လင်စေတာမဟုတ်ပါဘူး။ ပတ်ဝန်းကျင်ကိုလည်း
တောက်ပစေပါတယ်။ ညမှောင်မှောင်မည်းမည်းအချိန်
တိုင်မြင့်မြင့်တစ်ခုပေါ် အဲဒီပတ္တမြား တင်ထားလိုက်ရင်
ပတ်ဝန်းကျင် ဆယ်မိုင်ပတ်လည်လောက်
နေထွက်နေသလို လင်းချင်းတောက်ပသွားပါတယ်။
သဒ္ဓါတရားဟာလည်း စိတ်ကို ကြည်လင်စေရုံ
သာမက၊နှလုံးသားကိုလည်း တောက်ပစေပါတယ်။
သဒ္ဓါတရားပိုင်ရှင်ရဲ့ နှလုံးသွေးတွေဟာ ရွှေဝါရောင်
တောက်ပနေတာမို့ သဒ္ဓါတရား ထင်ရှားနေတဲ့အခိုက်
အဲဒီလူရဲ့မျက်နှာ၊ ခန္ဓာတစ်ခုလုံး ဝင်းလက်နေပါတယ်။

■မြတ်စွာဘုရားရှင်လက်ထက်တုန်းက “စိတ္တသူကြွယ်”ဆိုတဲ့
အနာဂါမ် ဒကာကြီးတစ်ဦး ရှိခဲ့ဖူးပါတယ်။
တရားဟောကောင်းလွန်းလို့ လူဝတ်ကြောင်
ဓမ္မကထိကထဲမှာတော့ အထူးချွန်ဆုံး ဧတဒဂ်ဆုရှင်ပါပဲ။
တစ်နေ့ သူနေထိုင်ရာ မစ္ဆိကာသဏ္ဍမြို့ကနေ
မြတ်စွာဘုရား သီတင်းသုံးရာ သာဝတ္ထိမြို့ကို
ရဟန်းရှင်လူ ပရိသတ် သုံးထောင်နဲ့အတူ ဘုရားဖူးခရီး
ထွက်လာခဲ့ပါတယ်။ ယူဇနာသုံးဆယ်ခရီးကို
တစ်နေ့ တစ်ယူဇနာနှုန်းနဲ့ ဖြည်းဖြည်းမှန်မှန်
ထွက်လာလိုက်တာ တစ်လပြည့်မှ
မြတ်စွာဘုရားထံမှောက် ရောက်ပါတော့တယ်။

တစ်ယူဇနာအရောက် ခရီးတစ်ထောက်နားတဲ့
နေရာတိုင်းမှာ နတ်တွေက ယာယီတဲနန်းတွေ
ဖန်ဆင်းပေးပြီး၊ပရိသတ်သုံးထောင်လုံးကို နတ်စားဖွယ်၊
နတ်သောက်ဖွယ်တွေနဲ့ လိုလေသေးမရှိ
ပြုစုဧည့်ခံကြပါတယ်။
လှည်းအစီးငါးရာနဲ့ စားရေရိက္ခာ အပြည့်အစုံ
တင်လာပေမယ့်၊လုံးဝအသုံးမပြုလိုက်ရဘဲ၊
ဇေတဝန် ကျောင်းတော်ကို စထွက်ခါစက
ပစ္စည်းတွေအတိုင်း ဆိုက်ရောက်သွားပါတယ်။

ဇေတဝန်ကျောင်းတိုက်အတွင်းမှာ တစ်လလုံးလုံး
နေထိုင်ပြီး ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို
နေ့စဉ်အလှူကြီးပေးပြန်တော့လည်း နတ်တွေ၊
လူတွေ ပေးပို့တဲ့လက်ဆောင်ပစ္စည်းတွေနဲ့ပဲ
လှူနေရတဲ့အတွက် ပါလာတဲ့ပစ္စည်းတွေကို
တစ်ခုမျှ အသုံးမပြုလိုက်ရပြန်ပါဘူး။

တစ်နှစ်လုံး ဆက်နေလည်း မူလပစ္စည်းတွေနဲ့
လှူခွင့်ရမှာမဟုတ်တဲ့အတွက် လှည်းပေါ် ပါလာသမျှ
ပစ္စည်းဝတ္ထုတွေကို ဇေတဝန်ကျောင်းမှာ ဒီအတိုင်းပဲ
အကုန်လုံး လှူဒါန်းထားခဲ့ပြီး ခရီးပြန်လာခဲ့ကြပါတယ်။
“သင့်ကံဟာ လှည်းအခွံချည်း ခရီးသွားရမယ့်ကံ
မဟုတ်ဘူး” ဆိုပြီး နတ်တွေ၊ လူတွေက
လှည်းအလွတ်ငါးရာပေါ် ရတနာခုနစ်ပါး အပြည့်
တင်ပေးလိုက်လို့ သယ်ခဲ့ရပြန်ပါရော။

အပြန်ခရီးတစ်လျှောက်လုံးလည်း အသွားတုန်း
ကလို နတ်တွေ၊ လူတွေက လက်ဆောင်ပဏ္ဏာတွေ
ပေးကြ၊ လိုလေသေးမရှိအောင် ပြုစုဧည့်ခံကြနဲ့
မစ္ဆိကာသဏ္ဍမြို့ကို ချမ်းချမ်းသာသာ
ပြန်ရောက်လာခဲ့ကြပါတယ်။

စိတ္တသူကြွယ်ရဲ့ ဘုရားဖူးခရီးနဲ့ ပတ်သက်လို့
အရှင်အာနန္ဒာက ...
“မြတ်စွာဘုရား ...၊ စိတ္တသူကြွယ်ဟာ အရှင်ဘုရားဆီ
လာရောက်လို့ အခုလို အပူဇော်ခံရတာလား၊
ဒါမှမဟုတ် ဘယ်အရပ် ဘယ်ဒေသကိုပဲ သွားသွား
အပူဇော်ခံရတာလား ဘုရား”
လို့ မေးလျှောက်တဲ့အခါ မြတ်စွာဘုရားရှင်က-
“ချစ်သား အာနန္ဒာ ...၊ စိတ္တသူကြွယ်ဟာ
ငါဘုရားဆီပဲ လာလာ၊ တခြား ဘယ်ဆီပဲ သွားသွား၊
အခုလို အပူဇော်ခံရတာပါပဲ။ ဘာလို့လဲဆိုတော့ သူက
သဒ္ဓါတရား သိပ်ကောင်းတယ်လေ၊ ကံနဲ့ ကံရဲ့အကျိုးကို
လောကီသဒ္ဓါ၊ လောကုတ္တရာသဒ္ဓါ၊ သဒ္ဓါနှစ်မျိုးလုံးနဲ့
မတုန်မလှုပ် ယုံကြည်သလို ဘုရား၊ တရား၊ သံဃာ
ရတနာသုံးပါးကိုလည်း လောကုတ္တရာသဒ္ဓါနဲ့ အလွန်အကဲ
ကြည်ညိုတဲ့သူပါ၊ သူ့လိုသဒ္ဓါတရား အားကောင်းတဲ့
ပုဂ္ဂိုလ်ဟာ ဘယ်နေရာ၊ ဘယ်ဒေသကိုပဲ သွားသွား၊
ရောက်လေရာ နေရာဒေသတိုင်းမှာ
လက်ဆောင်ပဏ္ဏာတွေ၊ လာဘ်သပ်ပကာတွေနဲ့
အမြဲတမ်း အပူဇော်ခံရမှာ ဓမ္မတာပါပဲ”
လို့ မိန့်ကြားတော်မူပြီး တရားနာပရိသတ်ကို
ဂါထာတစ်ပုဒ်နဲ့ ...
“သဒ္ဓါတရားရှိသူ၊ ကိုယ်ကျင့်သီလရှိသူ၊
အခြံအရံ ပရိသတ်ရှိသူ၊စည်းစိမ်ဥစ္စာရှိသူဟာ
ဘယ်နေရာဘယ်ဒေသကိုပဲ သွားသွား၊ရောက်လေရာ
နေရာဒေသတိုင်းမှာ ကောင်းစွာ အပူဇော်ခံရပါတယ်၊
ကောင်းစွာ အချီးမြှောက်ခံရပါတယ်” လို့
ဟောကြားတော်မူလိုက်ပါတယ်။

“သဒ္ဓါ၊ သီလ၊ ယသ၊ ဘောဂ ရှိရင် ရောက်လေရာမှာ
အပူဇော်ခံရတယ်”လို့ အပူဇော်ခံအရှိတရားကို လေးပါး
ဟောထားပေမယ့် အဓိကရှိရမယ့် အရှိတရားကတော့
သဒ္ဓါပါပဲ။ သဒ္ဓါရှိရင် သီလလည်းရှိ၊ ယသလည်း ရှိ၊
ဘောဂလည်းရှိပါတယ်။ သဒ္ဓါရှိလို့ ကိုယ်ကျင့်တရား
စောင့်ထိန်း၊ ကိုယ်ကျင့်တရား စောင့်ထိန်းလို့ သီလရှိ၊
သဒ္ဓါရှိလို့ မေတ္တာတရား အားကောင်း၊ မေတ္တာတရား
အားကောင်းလို့ ယသရှိ၊ သဒ္ဓါရှိလို့ အလှူဒါန ရက်ရော၊
အလှူဒါန ရက်ရောလို့ ဘောဂရှိ၊
အဲဒီလိုအားဖြင့်...သဒ္ဓါရှိရင် သီလ၊ ယသ၊ ဘောဂလည်း
ရှိတော့တာပါပဲ။

ဒါ့ကြောင့် “သဒ္ဓါတရားသာရှိရင် ဘယ်နေရာသွားသွား၊
အစစအရာရာ အဆင်ပြေတယ်” လို့ မြတ်စွာ
ဘုရားရှင်ရဲ့ အဆုံးအမကို လိုရင်းမှတ်သားနိုင်ပါတယ်။
လူတိုင်းလူတိုင်းမှာ အဆင်မပြေမှု တစ်ခုခုတော့
အနည်းဆုံး ရှိတတ်ကြပါတယ်။
တချို့က စားဝတ်နေရေးနဲ့ ပတ်သက်လို့ အဆင်မပြေသလို၊
တချို့က ကျန်းမာရေးနဲ့ ပတ်သက်လို့ အဆင်မပြေပါဘူး။
တချို့က စိတ်ဓာတ်ရေးရာနဲ့ ပတ်သက်လို့ အဆင်မပြေသလို၊
တချို့ အသိဉာဏ် ပညာနဲ့ ပတ်သက်လို့ အဆင်မပြေပါဘူး။
စားဝတ်နေရေးနဲ့ ပတ်သက်လို့ အစစအရာရာ အဆင်ပြေချင်ရင်
ဒါနကောင်းမှုမှာ သဒ္ဓါတရား အားကောင်းရပါမယ်။
ကျန်းမာရေးနဲ့ ပတ်သက်လို့ အစစအရာရာ
အဆင်ပြေချင်ရင် သီလကောင်းမှုမှာ
သဒ္ဓါတရား အားကောင်းရပါမယ်။
စိတ်ဓာတ်ရေးရာမှာ အစစအရာရာ အဆင်ပြေချင်ရင်
သမထကောင်းမှုမှာ သဒ္ဓါတရား အားကောင်းရပါမယ်။
အသိဉာဏ်ပညာမှာ အစစအရာရာ အဆင်ပြေချင်ရင်
ဝိပဿနာကောင်းမှုမှာ သဒ္ဓါတရား အားကောင်းရပါမယ်။

ဒါန၊ သီလ၊ သမထ၊ ဝိပဿနာ ကုသိုလ်ကောင်းမှု
လေးမျိုးလုံးမှာ သဒ္ဓါတရား အားကောင်းရင်
ပစ္စုပ္ပန်၊ သံသရာ ဘဝခရီးတစ်လျှောက်လုံးမှာ ဘယ်
ဘက်ကမှ လိုလေသေးမရှိ အစစအရာရာ
အဆင်ပြေနိုင်ပါတယ်။

လောကီကုသိုလ်စိတ် နဲ့ ယှဉ်တွဲတဲ့ လောကီ သဒ္ဓါ၊
လောကုတ္တရာ မဂ်ဖိုလ်စိတ်နဲ့ ယှဉ်တွဲတဲ့
လောကတ္တရာသဒ္ဓါလို့ သဒ္ဓါနှစ်မျိုး ရှိပါတယ်။
လောကီသဒ္ဓါက လောကီချမ်းသာမှန်သမျှကို
အပြည့်အစုံ အကုန်ရစေနိုင်သလို၊လောကုတ္တရာ သဒ္ဓါက
နိဗ္ဗာန်ချမ်းသာကို အပြည့်အဝ အပြီးရစေနိုင်ပါတယ်။
လောကီရေးရာမှာရော၊ လောကုတ္တရာရေးရာမှာပါ
အစစအရာရာ အဆင်ပြေချင်ရင် သဒ္ဓါတရားကိုပဲ
အဖော်ပြု ပေါင်းသင်းကြရမှာပါ။
အပေါင်းအသင်း အုပ်စုတောင့်တဲ့ သဒ္ဓါတရားကို
ပေါင်းလိုက်ရင် အဖော်ကောင်း အားလုံးကို
ပေါင်းပြီးသား ဖြစ်သွားတာပဲ မဟုတ်လား။

■“တိဌာနသုတ္တန်”မှာ မြတ်စွာဘုရားရှင်က ...
“သဒ္ဓါတရားရှိတဲ့သူဟာ သီလရှိတဲ့ ရဟန်းတော်
တွေကို ဖူးမြော်လိုစိတ်ရှိတယ်။
သူတော်ကောင်းတရား အမြဲနာကြားချင်တယ်။
စွန့်ကြဲပေးကမ်းလှူဒါန်းနေရတာကို မွေ့လျော်တယ်။”
လို့ သဒ္ဓါတရားရှိသူရဲ့ အင်္ဂါလက္ခဏာကို သုံးချက် ပြထားပါတယ်။
ဘုန်းကြီးကျောင်းသွားဖို့လည်းစိတ်မဝင်စားဖူး၊
တရားနာရမှာလည်း သိပ်ပျင်းတယ်၊
နှမြောလိုက်တာလည်း လွန်ရောဆိုရင်
“ဪ ...ငါ့မှာ သဒ္ဓါတရား ခေါင်းပါးလှချည်လား”
လို့သာ ဆုံးဖြတ်ချက်ချလိုက်ပါတော့။

■“သုဘူတိသုတ္တန်”မှာတော့ မြတ်စွာဘုရားရှင်က-
“သဒ္ဓါတရား ရှိတဲ့သူဟာ
(၁)။ကိုယ်ကျင့်သီလ စောင့်ထိန်းတယ်၊
(၂)။တရားဗဟုသုတ လိုက်စားတယ်၊
(၃)။မိတ်ကောင်းဆွေကောင်းနဲ့ ပေါင်းသင်းတယ်၊
(၄)။ပြောဆိုဆုံးမရ လွယ်ကူတယ်၊
(၅)။အတူနေ၊ အတူကျင့်ပုဂ္ဂိုလ်တွေအပေါ် ကူညီတတ်တယ်၊
(၆)။အဆင့်မြင့်တရားတွေကို လိုလားတယ်၊
(၇)။ကုသိုလ်ကိစ္စ ဝီရိယကြီးမားတယ်၊
(၈)။ဈာန်ရအောင် ကျင့်နိုင်တယ်၊
(၉)။ပုဗ္ဗေနိဝါသအဘိညာဉ်နဲ့ အတိတ်ကို မြင်အောင်လုပ်နိုင်တယ်၊
(၁၀)။ဒိဗ္ဗစက္ခုအဘိညာဉ်နဲ့ သတ္တဝါတွေရဲ့ စုတိ၊ပဋိသန္ဓေကို
သိအောင် ကြိုးစားနိုင်တယ်၊
(၁၁)။အာသဝက္ခယအဘိညာဉ်နဲ့ ကိလေသာအာသဝေါတွေ
ကုန်ခန်းအောင် အားထုတ်နိုင်တယ်”
လို့ သဒ္ဓါတရားရှိသူရဲ့ အင်္ဂါလက္ခဏာကို
“ဆယ့်တစ်ချက်” ပြထားပါတယ်။
ကိုယ့်မှာ ဘယ်အင်္ဂါပြည့်စုံနေပြီလဲ၊
ဘယ်အင်္ဂါ လိုအပ်နေသေးလဲ ဆိုတာ စစ်ဆေးပြီး
ကိုယ့်ရဲ့ သဒ္ဓါတရားကို အမြင့်ဆုံးစံချိန်အထိ
ရောက်အောင် မြှင့်တင်သွားဖို့ပါပဲ။
သဒ္ဓါတရား အကွက်စေ့၊ထောင့်စေ့ဖို့၊
သဒ္ဓါတရား ဟာကွက်၊ လိုကွက်မရှိဖို့အရေးကြီးပါတယ်။

■“လောကမှာ သူတော်ကောင်းပုဂ္ဂိုလ်တွေ အများကြီး
ရှိကြတယ်။ အဲဒီ သူတော်ကောင်းပုဂ္ဂိုလ်တွေက
မေတ္တာပို့စရာရှိရင်လည်း သဒ္ဓါတရားရှိသူကိုပဲ
အရင်ဆုံးပို့ကြတယ်၊ကြွရောက်စရာရှိရင်လည်း
သဒ္ဓါတရားရှိသူ ဆီကိုပဲ အရင်ဆုံး ကြွရောက်ကြတယ်၊
အလှူခံစရာရှိရင်လည်း သဒ္ဓါတရားရှိသူဆီကပဲ
အရင်ဆုံး အလှူခံကြတယ်၊
တရားဟောစရာရှိရင်လည်း သဒ္ဓါတရားရှိသူကိုပဲ
အရင်ဆုံး ဟောကြတယ်၊
သဒ္ဓါတရားရှိသူဟာ သေလွန်ရင်လည်း လူ့ပြည်နတ်ပြည်
ကောင်းရာသုဂတိ ကိုပဲ ရောက်နိုင်တယ်”
လို့ “သဒ္ဓသုတ္တန်” မှာ မြတ်စွာဘုရားရှင်က သဒ္ဓါတရားရှိသူရဲ့
အကျိုးရလဒ်ကို ငါးမျိုး ဟောကြားတော်မူထားပါတယ်။

ပညာရှိသူတော်ကောင်းတွေဟာ သဒ္ဓါတရား
ရှိတဲ့သူတွေကိုပဲ အဓိကပဓာနထားပြီး ချီးမြှောက်ကြတာပါ။
မေတ္တာ၊ ကရုဏာအရ အားလုံးကို ချီးမြှောက်ချင်ပေမယ့်
အချီးမြှောက်ခံမယ့်ပုဂ္ဂိုလ်က သဒ္ဓါတရား လုံးဝမရှိရင်၊
ဒါမှမဟုတ် သဒ္ဓါတရား အားနည်းနေရင် ဘယ်လိုမျှ
ချီးမြှောက်လို့ မရဘူး။

လယ်သူမလေး မိပေါက် မကြာခင်မှာ မြွေကိုက်ခံရပြီး
သေတော့မယ်ဆိုတာ သိလို့ ကောင်းရာသုဂတိရောက်အောင်
ချီးမြှောက်ချင်တဲ့ အရှင်မဟာကဿပ...မချီးမြှောက်ခင်
“မိပေါက်မှာ သဒ္ဓါတရား ရှိသလား၊မရှိဘူးလား”
ဆိုတာကို အရင်ဆုံး ဆင်ခြင်ကြည့်ရပါတယ်။
သဒ္ဓါတရား ဓာတ်ခံရှိတယ်ဆိုတာ သေချာသိမှလယ်တောကို
ဆွမ်းခံကြွပြီး မိပေါက်လှူတဲ့ ပေါက်ပေါက်မုန့်တွေကို
အလှူခံ ချီးမြှောက်တော်မူပါတယ်။

ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ အရှင်မြတ်အားလုံး
ဘယ်သူ့ကိုပဲ ချီးမြှောက်ချင် ချီးမြှောက်ချင် သဒ္ဓါတရား
ရှိ-မရှိ အရင်ဆုံး ကြည့်ရတာချည်းပါပဲ။
ပုထုဇဉ် ရဟန်းတော်တွေလည်း ဒကာ၊ဒကာမတွေကို
ချီးမြှောက်ချင်တိုင်း ချီးမြှောက်လို့ မရပါဘူး။
သဒ္ဓါတရား အနု-အရင့်၊ အထူအပါးကို ကြည့်ပြီးတော့ပဲ
ထိုက်တန်သလို ချီးမြှောက်ကြရတာပါ။

“တို့ဆရာတော် အဲဒီဒကာ၊ အဲဒီဒကာမနဲ့ တွေ့တာ
မကြာသေးပါဘူး၊ ဘာလို့များ ဒီလောက်တောင်
ဦးစားပေးနေရတာလဲ မသိဘူး”
“တို့က ဆရာတော်နဲ့ ရင်းနှီးနေတာ ကြာလှပြီ၊
သူတို့က မနေ့တစ်နေ့ကမှ ရင်းနှီးတဲ့သူတွေ၊
ဆရာတော်က သူတို့ကို တို့ထက်တောင်
အရေးပေးသေးတယ်”
“ဆရာတော်က အသစ်တွေ့ရင် အဟောင်းမေ့
တတ်တယ်” စသည်အားဖြင့် ဆရာတော်တစ်ပါးပါးရဲ့
ဒကာ၊ဒကာမတချို့ ပြောဆိုကြတာဟာ
သဒ္ဓါတရားရဲ့ သဘောသဘာဝကို နားမလည်ကြလို့ပါ။

ပညာရှိသူတော်ကောင်းတွေရဲ့ တရင်းတနှီး
ဦးစားပေး ချီးမြှောက်မှုကို ခံယူရဖို့ဆိုတာ တွေ့ဆုံမှု
အချိန်တိုတောင်းတာ၊ မတိုတောင်းတာနဲ့ ဘာမျှ မပတ်
သက်ပါဘူး၊ သဒ္ဓါတရားအားကောင်းတာ၊ အားမကောင်း
တာနဲ့ပဲ ပတ်သက်ပါတယ်။ ပညာရှိသူတော်ကောင်းတွေရဲ့
အထူးချီးမြှောက်မှုကို ခံယူချင်ရင် ကိုယ့်ရင်ထဲက သဒ္ဓါ
တရားကို အားကောင်းသည်ထက်ကောင်းအောင်
ကြိုးစားမြှင့်တင်နေရုံပါပဲ။

သဒ္ဓါနဲ့ ပညာ ညီမျှမှ စစ်မှန်တဲ့ သဒ္ဓါတရား
ဖြစ်နိုင်ပါတယ်။ သဒ္ဓါလွန်ကဲပြီး ပညာအားနည်းနေရင်
မယုံသင့်တာတွေ ယုံပြီး၊ မကိုးကွယ်သင့်တာတွေ ကိုး
ကွယ်မိတတ်ပါတယ်။ ထေရဝါဒဗုဒ္ဓဘာသာဝင် အမည်ခံ
ပြီး ထေရဝါဒနဲ့ မပတ်သက်တာတွေ ကိုးကွယ်နေတာ
ဟာ သဒ္ဓါနောက် ပညာမလိုက်နိုင်လို့ပါ။
●အပေါ်ယံ ယုံကြည်တဲ့ ပသာဒသဒ္ဓါ၊
●ဉာဏ်ယှဉ်ပြီး သက်ဝင်ယုံကြည်တဲ့ ဩကပ္ပနသဒ္ဓါ၊
●အရိယာဖြစ်ပြီးယုံကြည်တဲ့ အဓိဂမသဒ္ဓါ၊
●ဘုရားအလောင်းတော်ဘဝနဲ့ တောက်လျှောက်ယုံကြည်တဲ့
အာဂမနိယသဒ္ဓါလို့ သဒ္ဓါ “လေးမျိုး” ရှိပါတယ်။

သဒ္ဓါတရား မရှိသူကို ရှောင်ကြဉ်ခြင်း၊ သဒ္ဓါ
တရားရှိသူကို ပေါင်းသင်းခြင်း၊ သဒ္ဓါတရားဖြစ်ဖွယ်
တရားတော်တွေကို နှလုံးသွင်းဆင်ခြင်ခြင်းဖြင့် ကိုယ့်ရဲ့
သဒ္ဓါတရားကို တိုးပွားလာအောင် ပြုလုပ်နိုင်ပါတယ်။
တရားနာခြင်းကြောင့် သဒ္ဓါတက်လာနိုင်သလို၊
တရားအားထုတ်ခြင်းကြောင့် သဒ္ဓါထက်လာနိုင်ပါတယ်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
တစ်လောကလုံးရဲ့ အနှိုင်းမဲ့ကျေးဇူးရှင်ဖြစ်တဲ့
မြတ်စွာဘုရားရှင်က သဒ္ဓါတရားဟာ “အနှိုင်းမဲ့ အဖော်”
ဖြစ်တယ်လို့ “သဒ္ဓါ ဒုတိယာပုရိသဿ ဟောတိ”၊
“သဒ္ဓီဓ ဝိတ္တံ ပုရိသဿ သေဋ္ဌံ”ဆိုတဲ့
စကားတော်တွေနဲ့ ဟောကြားညွှန်ပြထားတာမို့
လူသားတိုင်း၊လူသားတိုင်း သဒ္ဓါတရားဆိုတဲ့
အနှိုင်းမဲ့အဖော်နဲ့ ထာဝရလက်တွဲ မခွဲမခွာပေါင်းသင်း
သွားနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...။ ။
-【ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)】
၏ “အနှိုင်းမဲ့ရနံ့”နှာ - ၆၆ - ၈၅မှ
ကောက်နှုတ်ကူးယူပူဇော်မျှဝေပါသည်။】
Posted by►
www.facebook.com/youngbuddhistassociation.mm
အပ္ပမာဒေန သမ္ပာဒေထ။။
【ဆရာတော်အရှင်ဆန္ဒာဓိက၊
အပ္ပမာဒမဂ္ဂဇင်း၊ဇူလိုင်၊၂၀၀၄】