••••••••••••••••••••••••••••••••••
တစ်ခါတုန်းက ဘုရားအလောင်းဟာ ဘဝတစ်ခုမှာ
ကဏှသတို့သားအဖြစ်နဲ့ ကျင်လည်ခဲ့ဖူးပါတယ်။
တစ်နေ့တော့ “ကဏှသတို့သား”ဟာ သူ့ရဲ့ဘဏ္ဍာတိုက်ထဲက
ငွေကြေးဓနတွေကိုကြည့်ပြီး တော်တော်လေး အံ့သြသွားပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဘဏ္ဍာတိုက်ထဲက ငွေကြေးဥစ္စာတွေဟာ
တောင်ပုံယာပုံ ဖြစ်နေလို့ပါ။ တအံ့တသြဖြစ်နေတဲ့
ကဏှသတို့သားကို ဘဏ္ဍာရေးမှူးလုပ်တဲ့သူက အစီရင်ခံပါတယ်။
“အရှင်သူဌေး … ဒီဘက်ကပစ္စည်းတွေကတော့
မောင့်ဘေးတွေ ကျန်ခဲ့တဲ့ ပစ္စည်းတွေပါ။
ဟိုဘက်က ပစ္စည်းတွေကတော့ မောင့်ဘိုးတွေ
ကျန်ခဲ့တဲ့ ပစ္စည်းတွေပါ။
ဟိုဘက်ထောင့်က ပစ္စည်းကတော့
မောင့်အဖေအမေတွေ ကျန်ခဲ့တဲ့ ပစ္စည်းတွေပါ။”
ဘဏ္ဍာတိုက်ထဲမှာ မြင်နေရတဲ့ ပစ္စည်းတွေကို သေလွန်တဲ့သူတွေရဲ့
နာမည်တွေကိုပါ တွဲပြောပြလိုက်တော့ ကဏှသတို့သားဟာ
ပစ္စည်းတွေကိုကြည့်ပြီး ခေါင်းထဲကို အတွေးသုံးချက်က
ညင်ညင်သာသာလေး ဝင်လာပါတယ်။
“ဒီပစ္စည်းတွေကို ငါ့ရဲ့ဘိုးဘွားမိဘတွေဟာ
ကြိုးကြိုးစားစား ရှာခဲ့ကြတယ်၊ ဒါပေမယ့်
သေတဲ့အခါမှာတော့ ယူမသွားနိုင်ဘူး။
ငါကတော့ ယူသွားနိုင်အောင် လုပ်ရမှာပဲ။
ပစ္စည်းဝတ္ထုတွေဟာ ရန်သူမျိုးငါးပါးနဲ့ ဆက်ဆံနေရတဲ့အတွက်
ဘာတစ်ခုမှ အနှစ်သာရ မရှိဘူး။
အချိန်မရွေး ပျက်စီးသွားနိုင်တယ်။
ဒီပစ္စည်းတွေရဲ့ အနှစ်သာရကို ရှာကြည့်ရင်
ပေးလှူခြင်းဆိုတဲ့ ဒါနပဲ။”
ခန္ဓာကိုယ်ကြီးဟာလည်း ၉၆ ဖြာ ရောဂါဝေဒနာတွေနဲ့
ဆက်ဆံနေရတယ်၊ ခန္ဓာကြီးရဲ့ အနှစ်သာရကို
ရှာကြည့်ရင် ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါးသီလ
စောင့်ထိန်းခြင်းဆိုတဲ့ “သီလ”ပဲ။
အနိစ္စတဲ့ ဖြစ်ပျက်ဒဏ်တွေ နှိပ်စက်ခံနေရတဲ့အတွက်
အသက်ဟာလည်း ဘာမှအနှစ်သာရ မရှိဘူး။
အသက်ရဲ့ အနှစ်ဟာ ဝိပဿနာတရား အားထုတ်ခြင်းပဲ။
ကဏှသတို့သားဟာ အတွေးသုံးချက်ကို တွေးပြီး
လက်ရှိ မင်းလုပ်နေတဲ့ ဗြဟ္မဒတ်မင်းကို သူတွေးဖြစ်တဲ့
အတွေးသုံးချက်ကို သွားပြောပါတယ်။ ပြီးတော့
ရှိသမျှပစ္စည်းအားလုံးကို ပေးကမ်းလှူဒါန်းပြီး ရသေ့ဝတ်
တောထွက်ဖို့လည်း ခွင့်တောင်းပါတယ်။
ဗြဟ္မဒတ်မင်းကလည်း ကဏှသတို့သားရဲ့
တောင်းဆိုချက်ကို ခွင့်ပြုလိုက်ပါတယ်။
ကဏှသတို့သားဟာ အိမ်ပြန်ရောက်တာနဲ့
ရှိသမျှပစ္စည်း အားလုံးကို မရှိဆင်းရဲသားတွေကို
ပေးကမ်းလှူဒါန်းပါတော့တယ်။ ပစ္စည်းတွေ
လှူဒါန်းပြီးတော့ သူ့ရည်ရွယ်ချက်အတိုင်း
ရသေ့ဝတ်သွားပါတော့တယ်။ တောထဲမှာလည်း
အကျင့်ကို ပြင်းပြင်းထန်ထန် ကျင့်လိုက်တာ
လောကီဈာန်အဘိဉာဉ် သမာပတ်တွေ ရသွားပြီးတော့
သေလွန်တဲ့အခါ ဗြဟ္မာ့ပြည်ကို ရောက်သွားရပါတော့တယ်။
စာထဲမှာတော့ သိကြားမင်းနဲ့ တွေ့တာတွေ၊
သိကြားမင်းက လိုချင်တာ ၊တောင်းခိုင်းတာတွေ
စသည်ဖြင့် ပါပါသေးတယ်။ ဒါပေမယ့် ဒီနေရာမှာ
ဇာတ်ရဲ့အဓိက ပြောလိုရင်းမဟုတ်တဲ့အတွက် ထားလိုက်ပါတော့။
ဒီ “ကဏှဇာတ်လမ်း”ကို ဖတ်ပြီး ပထမဆုံး
သတိရမိတာက သတင်းစာထဲမှာ “အမွေလုကြတဲ့ကြော်ငြာ”တွေပါ။
ကဏှသတို့သားကတော့ သေသွားကြတဲ့ မိဘဘိုးဘွားတွေရဲ့
ပစ္စည်းတွေကိုကြည့်ပြီး “သြော် … သူတို့ အသက်ရှင်စဉ်က
ကြိုးကြိုးစားစား ရှာခဲ့ကြပေမယ့် သေသွားတော့ ဘာမှယူမသွားနိုင်ပါဘူး။
ငါကတော့ ယူသွားနိုင်အောင် လုပ်မှပဲ” လို့ တွေးဖြစ်ပါတယ်။
မျက်မှောက်ခေတ် ပုထုဇဉ်တချို့ကတော့ သေသွားကြတဲ့
မိဘတွေရဲ့ ပစ္စည်းတွေကို ကြည့်ပြီး
“ငါက ပိုရအောင် ဘယ်လိုလုပ်ရမလဲ” ဆိုပြီး ရှေ့နေတွေနဲ့
အထူးတိုင်ပင် ဆွေးနွေးတွေးတောနေကြပါတယ်။
တွေးပုံချင်းက မတူပါဘူး။
ကိုယ့်ကိုယ်ကိုယ်တော့ မသေမှာကျနေတာပါပဲ။
အနော်ရထာတို့ ၊ကျန်စစ်သားတို့လည်း ပစ္စည်းတွေအများကြီး
ပိုင်ဆိုင်ခဲ့ကြပေမယ့် သေတော့လည်း ထားခဲ့ကြရတာပါပဲ။
ဝေးဝေးမကြည့်ပါနဲ့၊ ကုန်းဘောင်ခေတ်နောက်ဆုံး
ဘုရင်တွေဖြစ်တဲ့ “မင်းတုန်းမင်းတို့၊ သီပေါမင်းတို့”လည်း
ထားခဲ့ကြရတာပါပဲ။
ဒီနေ့ဒိအချိန်မှာ သူတို့ပိုင်ဆိုင်ခဲ့တဲ့ ပစ္စည်းတွေကို ပြပါဆိုရင်
ပြစရာတောင် မရှိတော့ပါဘူး။ အင်္ဂလန်က ပြတိုက်ထဲမှာတော့
တချို့တလေ ရှိဦးမှာပေါ့။ ဒါပေမယ့် သူတစ်ပါးပိုင် ဖြစ်သွားပါပြီ။
ပစ္စည်းဝတ္ထုတွေဟာ သေရင်ထားခဲ့ရတယ် ဆိုတာရယ်၊
ဒီပစ္စည်းဝတ္ထုတွေဟာ ရေ၊ မီး၊ မင်း၊ ခိုးသူ၊
မချစ်မနှစ်သက်သောသူ ဆိုတဲ့ ရန်သူမျိုးငါးပါးနဲ့
ဆက်ဆံနေရတဲ့အတွက်
အချိန်မရွေး ပျက်စီးသွားနိုင်တယ် ဆိုတာရယ်၊
အနှစ်သာရ ဘာမှအခိုင်အမာ မရှိလှတဲ့
ပစ္စည်းဝတ္ထုတွေထဲက အနှစ်ထုတ်ယူချင်ရင်
ပေးကမ်းလှူဒါန်းခြင်းဆိုတဲ့ ဒါနဖြစ်တယ်ဆိုတာရယ်။
ဒီအပိုင်းသုံးပိုင်းကို “စာသိ” ဆိုတဲ့ ရင်ထဲ နှလုံးသားထဲအထိ
ရောက်အောင် နှလုံးသွင်းနိုင်ဖို့ ဆိုတာကတော့
ပုထုဇဉ်တစ်ယောက်အနေနဲ့ တော်တော် မလွယ်လှတဲ့ကိစ္စပါ။
အထက်က အပိုင်းသုံးပိုင်းထဲမှာ နောက်ဆုံးအပိုင်းဖြစ်တဲ့
ပေးကမ်းလှူဒါန်းခြင်းကို ခဏထားလိုက်ပါဦး။
ပစ္စည်းဝတ္ထုတွေဟာ သေရင် ထားခဲ့ရတယ် ဆိုတာရယ်၊
ဒီပစ္စည်းဝတ္ထုတွေဟာ ရန်သူမျိုးငါးပါးနဲ့ ဆက်ဆံနေတဲ့အတွက်
အချိန်မရွေး ပျက်စီးသွားနိုင်တယ် ဆိုတာရယ်လေးကိုတော့
ရင်ထဲရောက်အောင် အရင် ကြိုးစားသင့်ပါတယ်။
ဒီအသိလေး အတွေးလေး ရင်ထဲအထိရောက်အောင်
ဘာလုပ်ရမလဲဆိုရင် အဓိကအဖြေကတော့ “ဝိပဿနာတရား”
အားထုတ်ခြင်းပါပဲ။ ဝိပဿနာတရား အားထုတ်တဲ့နေရာမှာလည်း
ရင်ထဲအထိရောက်အောင် အားထုတ်ပါမှ ဒီအသိကို လက်ခံနိုင်မှာပါ။
ကုသိုလ်ဖြစ်လောက်သာ အားထုတ်ရုံလောက်နဲ့တော့
ဒီအသိကို ခိုင်ခိုင်မာမာ လက်ခံနိုင်ဦးမှာ မဟုတ်သေးပါဘူး။
အတိတ်ဘဝတွေက “ပါရမီ”ပါခဲ့တယ်ဆိုရင်တော့ တစ်မျိုးပေါ့လေ။
ဒါပေမယ့် ကိုယ်က ပုထုဇဉ်ပဲလေဆိုပြီး နေရာတကာ
“ဇဉ် … ဇဉ် … ဇဉ်” ဆိုပြီး ကိုယ့်ကိုယ်ကိုယ်
လျှော့ချထားလို့ မဖြစ်ဘူးလေ။
အထူးသဖြင့်တော့ မနက်အိပ်ရာထလေးတွေမှာ မျက်လုံးလေးမှိတ်ပြီး
သေချာလေး စဉ်းစားရင် ဒီအသိလေးတွေ
ရင်ထဲရောက်လာနိုင်ပါတယ်။
●မနက်အိပ်ရာထဆိုတော့ ဘယ်သူနဲ့မှလည်း
မဆက်ဆံရသေးတော့ စိတ်ကလေးက ရှင်းနေတတ်ပါတယ်။
စိတ်ရှင်းရင် အသိဉာဏ်လည်း ရှင်းနေတတ်ပါတယ်။
●စာရေးသူကတော့ ဘဝနဲ့ယှဉ်တဲ့ တချို့ကိစ္စလေးတွေကို
ဆုံးဖြတ်တော့မယ်ဆိုရင် မနက်စောစောမှာ
စဉ်းစားဆုံးဖြတ်တာ များပါတယ်။
လုပ်ကောင်းလား၊ မလုပ်ကောင်းလားတော့ မသိပါဘူး။
တကယ့် အရေးကြီးတဲ့ ကိစ္စလေးတွေဆိုရင်တော့
မနက်စောစော တရားထိုင်ရင်း အလယ်လောက်
အရောက်မှာတရားမှတ်မှုကို ခဏရပ်ပြီး ဆုံးဖြတ်တာပါ။
တရားထိုင်နေတာဆိုတော့ ဘာပဲပြောပြော၊
စိတ်က ကုသိုလ်ဘက်ကိုပဲ ယိမ်းနေတာပါ။
စိတ်က ကုသိုလ်ဘက်ကို ယိမ်းနေတဲ့အချိန်မှာ
စဉ်းစားဆုံးဖြတ်တဲ့ ကိစ္စဟာလည်း ကုသိုလ်ဘက်ကို
ယိမ်းဆုံးဖြတ်ပြီးသား ဖြစ်သွားတတ်ပါတယ်။
ဒါကတော့ စာရေးသူ ကိုယ့်ခံယူချက်နဲ့ ကိုယ်ပြုမူတဲ့ အပြုအမူပါ။
ပညာရှင်တွေ လက်ခံချင်မှလည်း လက်ခံမှာပါ။
တကယ်သေချာ စဉ်းစားကြည့်ရင် ကိုယ်ကမသေသေးလို့
သုံးနေရပေမယ့် နေ့စဉ်သေနေကြသူတွေကတော့
ထားထားခဲ့ကြရတာပါ။ ပြီးတော့ ရန်သူမျိုးငါးပါးကြောင့်ပဲ
နေရာတိုင်းမှာ ကိုယ်ကမသိပေမယ့် နေ့စဉ်ပျက်စီး
ဆုံးရှုံးနေကြရတာပါ။
မကြာသေးခင်က အသိတစ်ယောက်က ဘာပြောသလဲဆိုတော့
သူတို့မောင်နှမတွေ အမွေအမှုဖြစ်ကြတာ အထွေထွေစရိတ်က
တစ်ယောက်ကို “နှစ်ဆယ့်ခုနှစ်သိန်းစီ”လောက်ကုန်သွားပါတယ်တဲ့။
အမှုပြီးတော့လည်း ညီအစ်ကိုမောင်နှမတွေ အတူတူပဲ
ညီတူမျှတူ ခွဲယူကြရတာပါပဲတဲ့။ အစကတည်းက
အတူတူခွဲယူလိုက်ရင် ပြီးရောတဲ့။ ကြားထဲက “ဒိုင်စား”သွားတာတဲ့။
သူကတော့ ရယ်သလိုမောသလိုနဲ့ ပြောသွားတာပါ။
နောက်ဆက်တွဲ အကျိုးဆက်ကတော့ ညီအစ်ကိုမောင်နှမတွေ
“စကားမပြောကြ” တော့တာပါဘဲ။
အမွေအမှု ဖြစ်လာကြပြီဆိုရင် “ကဏှဇာတ်ကလေး”ကို
ပြန်ပြန်အာရုံပြုဖို့ ကောင်းပါတယ်။ အသိဉာဏ်လေးတွေ
ဝင်လိုဝင်ငြားပေါ့။ ဝင်လာလိုက်တယ်ဆိုရင်ပဲ
ကောင်းကျိုးရလဒ်ကလေး တစ်ခုတော့ ရလိုက်မှာပါ။
ဒါတွေကတော့ ရယူမှုနဲ့ပတ်သက်တဲ့ အပိုင်းတွေပါ။
နောက်တစ်ခုက တစ်ခါတလေ ကိုယ့်ရဲ့ပစ္စည်းတွေဟာ
တစ်စုံတစ်ယောက်က လိမ်လည်လှည့်ဖြားလို့ပဲဖြစ်ဖြစ်၊
ရေမီးစတဲ့ သဘာဝဘေးရန်တွေကြောင့်ပဲဖြစ်ဖြစ် ၊
ပျက်စီးဆုံးရှုံးသွားရတတ်ပါတယ်။
အဲဒီအခါမျိုးမှာ ပူဆွေးသောကကြောတွေ ရှည်နေတတ်ကြပါတယ်။
အစကတည်းက ဒီပစ္စည်းတွေဟာ ရန်သူမျိုးငါးပါးနဲ့
ဆက်ဆံနေရတဲ့အတွက် အချိန်မရွေး ပျက်စီးသွားနိုင်တယ်။
ဒီပစ္စည်းတွေဟာ ဆိုင်ရုံပဲဆိုင်တယ် ။
မပိုင်ဘူးဆိုတာ ဘုရားဟောက ရှိပြီးသားပါ။
တရားသဘောအရ ဘာမှစိတ်ဆင်းရဲဖြစ်နေစရာ မလိုပါဘူး။
တရားသဘောလေးတွေ ရင်ထဲရှိနေတဲ့သူကတော့
“ပျက်စီး ဆုံးရှုံးတတ်တဲ့ပစ္စည်းဟာ ပျက်စီးဆုံးရှုံးသွားတာ
သဘာဝပဲလေ၊ ဘုရားဟောက ရှိပြီးသားပဲလေ” ဆိုပြီး
ပုထုဇဉ်ပီပီ စိုးရိမ်ပူဆွေးသောကကို တဒင်္ဂလောက်ပဲ
အဖြစ်ခံပါတယ်။ သောကဖြစ်ကြောရှည်ခွင့် မပေးပါဘူး။
ဒီတရားသဘောလေးတွေ ပြောပြနေတော့
စာဖတ်သူတွေက မေးဦးမယ်
“ဒါဆိုရင် ပစ္စည်းဝတ္ထုတွေ မရှာရတော့ဘူးလား …
ရှိတဲ့ပစ္စည်းတွေ အကုန်လှူပစ်ရမှာလား … ”
ဒီလိုယူဆရင် ဒီအယူအဆက အစွန်းရောက်သွားပါတယ်။
မှန်တဲ့ အယူအဆလည်း မဟုတ်တော့ပါဘူး။
ခန္ဓာရှိတဲ့အတွက် မိသားစုရှိတဲ့အတွက် ပစ္စည်းဝတ္ထုတွေကို
အမှီပြုပြီး လောဘ၊ ဒေါသ၊ ဣဿာ၊ မစ္ဆရိယစတဲ့
အကုသိုလ်တရားတွေ မဖြစ်ဖို့ပါ။ ပစ္စည်းဝတ္ထုနဲ့ယှဉ်တဲ့
အသိမှန်လေးတွေ ရင်ထဲရောက်ဖို့က ပထမကိစ္စပါ။
လှူတာ ၊မလှူတာက ဒုတိယကိစ္စပါ။
နောက်မောင်နှမတစ်စုကတော့ အမွေအမှုတွေ
ဖြစ်ကြတဲ့အခါ အစ်ကိုလုပ်သူတစ်ယောက်က
“ဒီလောက်မှဖြစ်နေတာ ဒီပစ္စည်းတွေကို ငါလည်းမယူဘူး၊
နင်တို့လည်း မယူနဲ့ အကုန်လှူပစ်မယ် ကျေနပ်ကြလား”
လို့ မေးတော့ ကျန်တဲ့မောင်နှမတွေကလည်း
ကျေနပ်လက်ခံကြပါသတဲ့။ပြောတဲ့အတိုင်းပဲ
ဘုန်းကြိးကျောင်းတစ်ကျောင်းကိုအကုန်လှူပစ်လိုက်ကြပါသတဲ့။
●ဒါမျိုးကျတော့လည်း “ဉာဏ်ယှဉ်တဲ့ အပြုအမူ”မဟုတ်ပြန်ပါဘူး။
ဉာဏ်မယှဉ်တဲ့ အပြုအမူပါ။
မြတ်စွာဘုရားအလိုကျလည်း မဟုတ်ပါဘူး။
ကိုယ်ကမသေသေးတဲ့အတွက် ကိုယ့်သားသမီး ၊
မြေးမြစ်တွေလည်း ရှိနေသေးတဲ့အတွက်
ပစ္စည်းဥစ္စာဆိုတာ လိုကိုလိုအပ်နေပါတယ်။
ဒီတော့ ကိုယ်ဘာပဲလုပ်လုပ် “ဉာဏ်ယှဉ်ပြီး” လုပ်ရပါမယ်။
အတ္တာ ဂေဟေ နိဝတ္တန္တိ၊သုသာနေ မိတ္တ ဗန္ဓဝါ၊
သုကဋံ ဒုက္ကဋံ ကမ္မံ၊ဆာယာဝ အနုယာယိနီ။
ဂါထာလေးက ဘာပြောသလဲဆိုတော့
“ကိုယ်သေသွားတဲ့အခါ ပစ္စည်းဥစ္စာတွေဟာ
အိမ်မှာထားခဲ့ရ ကျန်ခဲ့ရပါတယ်တဲ့။
ကိုယ့်ရဲ့ဇနီးမယား၊ ခင်ပွန်း သားသမီး၊
ဆွေမျိုးမိတ်ဆွေတွေကတော့ သုသာန်အထိတော့
လိုက်ပို့ကြပါတယ်တဲ့။လိုက်ပို့သူအားလုံးဟာ သုသာန်က
လှည့်ပြန်ကြာတာပါပဲတဲ့။
ဒါပေမယ့် အသက်ရှင်စဉ် ကိုယ်ပြုမူခဲ့တဲ့
“ကုသိုလ် ၊အကုသိုလ်ကံ” နှစ်ခုကတော့
အရိပ်တစ်ခုလို ဟိုဘက်ဘဝအထိ လိုက်ပါသွားပါတယ် တဲ့။
တကယ် စဉ်းစားကြည့်တော့လည်း ဟုတ်တာပါပဲ။
သေသွားတဲ့အခါ သက်ရှိ၊သက်မဲ့ အရာအားလုံးကို ထားခဲ့ရတာပါ။
ကိုယ့်ကိုချစ်လှပါတယ် ဆိုတဲ့သူအားလုံးကလည်း သုသာန်အထိတော့
လိုက်ပို့ကြပါရဲ့။ ပြီးရင် သုသာန်က လှည့်ပြီး ပြန်ကြတာပါပဲ။
တကယ်တမ်း ကိုယ့်နောက်ကို အရိပ်တစ်ခုလို လိုက်လာမှာက
အသက်ရှင်စဉ် ကိုယ်ပြုခဲ့တဲ့ ကောင်းကံ ၊မကောင်းကံတွေပါ။
အဲဒီမှာ အဓိကကတော့
“အသက်ရှင်စဉ် ကိုယ်ပြုခဲ့တဲ့ ကံတွေကပဲ ကိုယ့်နောက်ကို လိုက်လာမှာ”
ဆိုတဲ့ စကားလေးက အဓိကပါ။ ဒီဂါထာလေးကိုပဲ
အခြေခံပြီး သီကုံးထားတဲ့ လင်္ကာလေးရှိပါတယ်။
●ဘယ်ဆရာတော်ဘုရား ရေးခဲ့တယ်ဆိုတာတော့
မသိပါဘူး။နှုတ်ထဲမှာရနေတဲ့ လင်္ကာလေးပါ။
“မနေရလို့ သေကြတဲ့အခါ၊
ကိုယ့်နောက်ကိုကား ဘာများပါမှာ။
ပစ္စည်းဟူက မြူမျှမပါ၊
ကိုယ်ပြုထား ကံများကိုယ့်နောက်ပါ။”
တစ်ခါတလေ အားတဲ့အခါလေးတွေမှာ ဒီလင်္ကာလေးကို
စိတ်ထဲက တိုးတိုးလေး ရွတ်ဖြစ်ပါတယ်။
သုံးခေါက်လောက် ရွတ်ဖြစ်လိုက်တဲ့အခါ ပစ္စည်းဝတ္ထုတွေရဲ့
သဘောအမှန်ကို ခပ်ရေးရေးလေး သိလိုက်ရသလိုပါပဲ။
ပြီးတော့ ကိုယ်တကယ်လုပ်ရမယ့် အလုပ်ကို
သတိပေးလိုက်သလိုလည်း ခံစားရပါတယ်။
ကဲ … စာဖတ်သူကော တစ်ခါတလေ
ပစ္စည်းဝတ္ထုတွေနဲ့ ပတ်သက်ပြီး စိတ်ကသိကအောက်
ဖြစ်ရတဲ့အခါ စိတ်ထဲက တိုးတိုးလေး ရွတ်ကြည့်ပါလား … ။
အသိကလေးတစ်ခုတော့ ရလိုက်မှာပါ။
ပြောနေတာကြာပါတယ်။
အခုပဲ တစ်ခေါက်လောက် ရွတ်ကြည့်လိုက်ရအောင်ပါ။
သံဝေဂအသိလေး ခဏပဲဖြစ်ဖြစ် ဝင်လာအောင်ပါ။
“မနေရလို့ သေကြတဲ့အခါ၊
ကိုယ့်နောက်ကိုကား ဘာများပါမှာ။
ပစ္စည်းဟူက မြူမျှမပါ၊
ကိုယ်ပြုထား ကံများကိုယ့်နောက်ပါ။”
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
ကျမ်းကိုး။ (ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊ကဏှဇာတ်။)
-【ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)】
(ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊နိုဝင်ဘာ၊ ၂၀၀၅။)
Posted by►
www.facebook.com/youngbuddhistassociation.mm
[ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ) ၏
“အတွေးများနှင့် မိတ်ဖွဲ့ခြင်း”
နှာ ၁၁၆ -၁၂၂ မှ ကောက်နှုတ်ပူဇော်မျှဝေပါသည်။]