•••••••••••••••••••••••••••••••••••••••••
မန်လည်ဆရာတော်က နောင်လာနောက်သားများ
အမှားပြင်နိုင်ဖို့အတွက် အခုလို လင်္ကာရေးပြီး
သတိပေးဆုံးမခဲ့ပါတယ်။
“ယုတ်မာဆိုးတောင်း၊ ကျင့်မကောင်းကို၊
မှားကြောင်းတစိ၊ သိလျှင်သိချင်း၊ စွန့်ပယ်လျှင်းလော့၊
အတင်းယူစွဲ၊ ဖားမြွေခဲသို့၊ အမြဲမှတ်သို၊မစွန့်လိုက၊
ဤကိုယ်သုခ၊ နောင်မရဘူး။”
ကိုယ့်ဘ၀တစ်လျှောက်လုပ်ခဲ့တဲ့လုပ်ရပ်တွေ၊
ခုလုပ်နေတဲ့လုပ်ရပ်တွေကို ပြန်သုံးသပ်ပြီးတဲ့အခါ
မှားလား မှန်လားဆိုတာ စိစစ်ကြည့်ရပါမယ်။
မှန်နေရင် ဆက်လျှောက်ပါ၊
မှားနေရင်တော့ ပြင်ဆင်ဖို့ ၀န်မလေးပါနဲ့။
လူတစ်ချို့ဟာ အမှားသိကြသော်လည်း နောင်တမရကြပါဘူး။
သူတို့ သန္တာန်မှာ “လောဘတရားတွေ၊ မာနတရားတွေ၊
အာဃာတတရားတွေ”ကြီးစိုးနေလို့ပါပဲ။
❖ဘုရားလက်ထက်က “သဉ္ဖယလို့ခေါ်တဲ့
တိတ္ထိခေါင်းဆောင်ဆရာကြီး”ဟာ
ကိုယ့်အယူမှားနေမှန်းသိပေမယ့်
“တပည့်အပေါင်းရဲ့ဆရာတစ်ဆူဖြစ်တဲ့ငါဟာ သူများ
တပည့်ပြန်လုပ်ဖို့ရာ မဖြစ်နိုင်၊ အိုးစရည်းထဲကရေဟာ
ခရားထဲက ရေအဖြစ်သို့ အရောက်မခံနိုင်။”ဟု
ဆိုကာ အမှားမပြင်ဘဲ နေခဲ့ပါတယ်။
❖ဇာတ်တော်မှာလာတဲ့ သာဓကတစ်ခုကတော့
“စေတိယ” လို့ခေါ်တဲ့ မင်းဟာ
“မုသားစကား”ကို ပြောခဲ့တယ်။
ကိုယ့်စကားမှားမှန်းသိသော်လည်း
“မာန”ခံနေတဲ့အတွက်၊
အမှန်ကိုဝန်မခံဘဲ နေခဲ့တယ်။
နောက်ဆုံး “မြေမျိုခံကာ ငရဲသို့”ကျဆင်းရတာပါပဲ။
❖ခုခေတ်မှာလည်း လူတစ်ချို့ဟာ
ဘ၀တစ်လျှောက် အမှားတွေ ကျူးလွန်ခဲ့တယ်။
မိမိရဲ့အလိုလောဘကြောင့်
အမှားတွေ ထပ်တလဲလဲလုပ်နေကြတယ်။
ဖားကို မျိုထားတဲ့မြွေလိုပဲ ခံတွင်းထဲကနေ
ပြန်မလွှတ်ချင်ကြပါဘူး။
သူတို့သန္တာန်မှာ “အတ္တ၊ မာန်မာန၊ အာဃာတ၊
အာဏာပါဝါ ”စတာတွေလွမ်းမိုးနေတဲ့အတွက်
ဆက်မျိုမြဲ မျိုနေတော့တာပါပဲ။
အဲဒီအတွက်သုခဆိုတာ
“ဘ၀ဆက်တိုက်”ဝေးကွာနေမှာပါပဲ။
ကိုယ့်အမှားကို သိတဲ့အချိန်ကစပြီး
ပြင်ဆင်နေထိုင်နိုင်မှ “သူတော်ကောင်း”လို့
ဆိုထိုက်ပါတယ်။
ဒါကြောင့် စာဖတ်သူများ ကိုယ့်အကျင့်မှားမှန်းသိရင်၊
ပြင်ဖို့ဝန်မလေးပါနဲ့။ ကောင်းကျိုးတစ်စက်မှ မရှိပါဘူး။
ချက်ချင်းပြင်နိုင်အောင်ကြိုးစားဖို့ တိုက်တွန်းလိုက်ပါတယ်။
-【ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ】