သင်္ကြန် နှင့် ဗုဒ္ဓဘာသာ
သင်္ကြန်ဆိုတာ ဗုဒ္ဓမပွင့်မှီ ကတည်းက ရှိခဲ့တဲ့ လုပ်ငန်းကြီး တစ်ခု ဖြစ်ပါတယ် ။ ဘယ်သူကစ,ခဲ့သလဲဆိုတော့ " မက္ခလိ ဂေါသာလ " ခေါင်းဆောင်တဲ့ တက္ကတွန်းကြီးတွေ ကစပြီး ပြုလုပ်ခဲ့တာလို့
အဆိုရှိပါတယ် ( သုတ္တန် နိပါတ် ) ။ တက္ကတွန်း ဆရာကြီးတွေဟာ မြစ်ထဲကရေကိုယူပြီး မိမိတို့ ကိုယ်ခန္ဓာကို လောင်းချိုးကြသလို သူတို့ကို ကိုးကွယ်တဲ့ သာဝက , ဒကာ , ဒကာမတွေ ကိုလည်း
သွန်းလောင်းပေးကြပါတယ် ၊ ပါးစပ်ကလည်း " ဒီရေဟာ မကောင်းတဲ့ ကိလေသာ အပြစ်အနာအဆာ အညစ်အကြေးတွေကို စင်ကြယ်စေတယ် ၊ ကောင်းကျိုးတွေကိုလည်း ရနိုင်တယ် " လို့ ဟောကြတယ်။
အဲဒီအချိန်က လူတွေရဲ့ အတွေးအခေါ်တွေဟာ မရင့်ကျက် မမြင့်မြတ်ကြသေးလို့ အထူးအဆန်း လုပ်ပြ ပြောပြတတ်တဲ့ လူတွေရဲ့ စကားတွေဟာ သြဇာညောင်းပြီး ယုံကြည်ယူဆ ကိုးကွယ် ခံကြရပါတယ် ။
တစ်ယောက်ကစ, တစ်ရာဆိုသလို လူတွေက တရုန်းရုန်းဖြစ်လာလို့ အဲဒီရေလောင်းတဲ့ လုပ်ငန်းကို " ဥဒက သုဒ္ဓိ ကျင့်စဉ် " ဆိုပြီး နံမည်ပေးလိုက်ကြပါတယ် ။
( ဥဒက = ရေ ။ သုဒ္ဓိ = စင်ကြယ်အောင် ဆေးကြောခြင်း ) ။
တက္ကတွန်းကြီးတွေရဲ့ ရေလောင်းလုပ်ငန်းဟာ တော်တော် အောင်မြင်လာပါတယ် ၊ သည့်နောက်တော့ ဂင်္ဂါ ၊ ယမုံနာ ၊ ဂယာ မြစ် စတဲ့ မြစ်ကြီးတွေရဲ့ မြစ်ဆိပ်ကမ်းများမှာလည်း မဏ္ဌပ်ကြီးတွေ ခမ်းခမ်းနားနား
ထိုးထားကြတော့ စိတ်ဝင်တစား ရှိလာကြတယ် ။ မြစ်ဆိပ်ကို မလာနိုင်ကြတဲ့ သက်ကြီးရွယ်အိုတွေက သူတို့ကို လာရောက် လောင်းချိုးပေးဖို့ တောင်းဆိုကြတယ် ။ တက္ကတွန်း ဆရာကြီးတွေ လာနိုင်ဖို့ မဏ္ဌပ်တွေ
ဆောက်လုပ်ပြီး ဖိတ်ခေါ်ကာ ရေလောင်းခံကြတယ် ။ တက္ကတွန်း ဆရာကြီးတွေလည်း ရေခပ်လို့ မနိုင်အောင် ဖြစ်လာတယ် ၊ ရေကို အိုးလိုက် ပုံးလိုက် မလောင်းနိုင်တော့ဘဲ သစ်ကိုင်း သစ်ရွက်ကလေးတွေ ချိုးပြီး
တစ်စက် နှစ်စက်သာ တဖျတ်ဖျတ်နဲ့ ခေါင်းကို ရိုက်ပေးနိုင်တော့တယ် ။ အဲဒီကစပြီး ရေဖျန်း ၊ ရေလောင်း ၊ ရေငုပ်ခြင်း ဆိုတဲ့ ကိလေသာ စင်ကြယ်ခြင်း လုပ်ငန်းအမျိုးမျိုးကို လူတွေ လက်ခံလာကြတယ် ။
ရေငုပ်တာက ပိုပြီးတော့ စင်ကြယ်တယ် ၊ ကြာကြာငုပ်နိုင်လေ သူတော်စင်ဖြစ်လေပဲတဲ့ ။
( 27th March 2015 က AFP သတင်းတစ်ခုမှာ " ဘရာမာ ပူထရာ မြစ်ကမ်းနံဘေးတွင် ဟိန္ဒူဘုရားဖူးများ ရေချိုးကြစဉ် တစ်ဦးနှင့်တစ်ဦး ဖိမိသဖြင့် လူ ၁၀ ဦးသေပြီး ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့ကြောင်း "
ဖတ်လိုက်ရပါတယ် ။ ဒါကြောင့် သူတို့ဆီမှာ ယခုအထိ ထိုအယူကို စွဲလန်းပြုလုပ်နေဆဲဆိုတာ သိရပါတယ် ) ။
တစ်နေကုန် ရေထဲငုပ်ပြီး လူစည်ကားထူထပ်တဲ့ နေရာကို လာကြတယ် ၊ လာပုံက ခန္ဓာကိုယ်မှာ ရေညှိရေမှော် အညစ်အကြေးတွေ သုတ်လိမ်းပြီး ဝင်လာကြတယ် ။ တစ်ချို့က ကြာပန်းခိုင်လေးကို ကိုင်ပြီးဝင်လာကြတယ်၊
ကိလေသာကုန်အောင် ရေထဲမှာ တစ်နေကုန်နေခဲ့ပြီး ပြန်လာတယ်ဆိုတဲ့ သင်္ကေတ တစ်ခုပေါ့ ၊ ( အိုးမဲသုတ်တဲ့ ဓလေ့ဟာ အဲဒီက စခဲ့ပုံ ရပါတယ် ) ။ ယခုခေတ်တော့ ရေညှိရေမှော် မကပ်တော့ဘဲ ကော်ရည်ဆွတ်ထား
တဲ့ ဆန်စေ့လေးတွေ နဖူးမှာကပ်ထားကြတာ တွေ့ရတယ် ။ ဒီလိုကပ်ထားတဲ့နေ့ဟာ ကိလေသာ တော်တော်စင်ကြယ်နေပါတယ်ဆိုတဲ့ အမှတ်အသားဖြစ်ကြောင်း လေ့လာသိရှိရပါတယ် ။
( မိမိရဲ့ မိတ်ဆွေ ဟိန္ဒူ ဘသာဝင် တစ်ယောက်ကတော့ ပေါင်ဒါမှုန့်ရေဖျော်ပြီး နဖူး , နှာခေါင်း တို့မှာ တားထား တို့ထားတာ တွေ့ဖူးပါတယ် ) ။
တက္ကတွန်း ဆရာကြီးတွေဟာ ဗုဒ္ဓပွင့်တော်မမူမီ ခေတ်စောကာလကတည်းက ခုနှစ်ရက် တစ်ကြိမ် ၊ တစ်ချို့က တစ်ဆယ့်ငါးရက် တစ်ကြိမ် ရေစိမ် ရေငုပ် ရေဖျန်းခြင်းဆိုတဲ့ " ဥဒက သုဒ္ဓိ ကျင့်စဉ် " လုပ်ငန်းကို
မဏ္ဌပ်ကြီးများထိုးပြီး လုပ်ကိုင်ခဲ့ကြလို့ " သင်္ကြန်အစ တက္ကတွန်းက " လို့ ပြောမယ်ဆိုရင် ပြောလို့ ရပါတယ် ။ သင်္ကြန် လို့ ခေါ်ဝေါ်ဖြစ်လာတာကတော့ " သင်္ကန္တ " ဆိုတဲ့ ပါဠိကို သက္ကဋ ဘာသာစကားနဲ့ကျတော့
" သင်္ကြန္တ " လို့ အသံထွက်ပါတယ် ၊ " သင်္ကြန္တ " ကို မြန်မာလို မွေးစားယူလိုက်တဲ့ စကားအသံထွက်က " သင်္ကြန် " တဲ့ ။ သင်္ကြန် ကို အဓိပ္ပာယ် ဖွင့်ဆိုလိုက်ရင် " သင်္ကန္တ = ပြောင်းရွှေ့ခြင်း " လို့ အဓိပ္ပာယ်ရတယ်၊
ပြောင်းရွှေ့တယ်ဆိုတာ တစ်နှစ်ကနေ တစ်နှစ်ကို ပြောင်းရွှေ့ သွားတာ ၊ တစ်လကနေ တစ်လကို ပြောင်းရွှေ့သွားတာ ၊ တစ်ရက်ကနေ တစ်ရက်ကို ပြောင်းရွှေ့သွားတာ ၊ တစ်မိနစ် , တစ်စက္ကန့် စသည်ဖြင့်
စက္ကန့်မလပ် ဖြစ်ပျက် ပြောင်းရွှေ့(ဖောက်ပြန် ပြောင်းလဲ) နေတာတွေကိုလဲ " သင်္ကြန် " လို့ ခေါ်နိုင်တယ် ။
ဒါကြောင့် ခန္ဓာမှာရှိတဲ့ ရုပ် နဲ့ နာမ် တွေဟာ စက္ကန့်နဲ့အမျှ ဖြစ်ပျက် ပြောင်းလဲဖောက်ပြန်နေလို့ ခန္ဓာထဲမှာ အမြဲ သင်္ကြန် ကျနေတယ်လို့ ဆင်ခြင်နှလုံးသွင်းမယ်ဆိုရင် မွန်မြတ်တဲ့ သင်္ကြန် အဓိပ္ပာယ်ဆောင်ပါလိမ့်မယ် ။
အဲဒီနောက်တော့ သင်္ကြန် ဓလေ့ဟာ မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ် ၊ ပြုမူလုပ်ကိုင်တဲ့ ပုံစံ , အလေ့အကျင့် , လုပ်နည်းလုပ်ဟန်တွေဟာ သူ့နေရာနဲ့သူ , သူ့အချိန်အခါနဲ့သူ ပြောင်းလဲဆောင်ရွက် လက်ခံ ကျင့်သုံး
လာပါတော့တယ် ။ ကုန်းဘောင်ခေတ် အယုဒ္ဓယ (ယိုးဒယား) ယခုအခါ ထိုင်းနိုင်ငံကို မြန်မာတို့သိမ်းပိုက်လိုက်လို့ ထိုင်းမှာလဲ သင်္ကြန်ပွဲတော်ကျင်းပလေ့ရှိပါတယ် ။
စာဆိုတော် နဝဒေးကြီးက " မနောဟရီ ပျို့ " မှာ " ခေါင်းဆေး သင်္ကြန် ၊ မကျန် မင်းမှု " လို့စပ်ဆိုခဲ့တဲ့အတွက် ၊ ရှေးခေတ်ဘုရင်များဟာ တစ်လတစ်ကြိမ် ခေါင်းလျှော် (ခေါင်းဆေးမင်္ဂလာ) ပြုလုပ်တာကို
" သင်္ကြန်တော် " လို့ ခေါ်ကြောင်း မှတ်သားရပါတယ် ။
လက်ဝဲသုန္ဒရ အမတ်ကြီးက " သာဓိန ပျို့ " မှာ -- " သင်္ကြန် တာကူး ၊ နှစ်ဦး ညောင်ရေ ၊ စာပုလွေခင်း ၊ ပဉ္စင်းတော်ခံ ၊ စာရေးတံနှင့် ၊ မြစ်ယံပွဲကြီး ၊ ဆီမီးထွန်းချိန် ၊ ကထိန် နတ်ကျင်း ၊ မြင်းခင်းထွက်ဝင် ၊
သဘင် မီးပုံး ၊ ဂူလုံး သဲပုံ ၊ စေ့စုံစီလျဉ် ၊ ဤသို့ယှဉ်သား ၊ လစဉ် အမြဲ ၊ ဆယ့်နှစ်ပွဲ " လို့ ရေးစပ်ခဲ့တဲ့အတွက် သင်္ကြန် ဆိုတာ တန်ခူးလမှာ တစ်နှစ်တစ်ကြိမ် ပြုလုပ်ကြောင်း ဖေါ်ညွှန်းထားတာ တွေ့ရပါတယ် ။
ဒီတော့ သင်္ကြန်ပွဲ ကျင်းပကြတာ နှစ်ပေါင်း ကြာခဲ့ပါပြီ ၊ ကြာလာတာနဲ့ အမျှ သင်္ကြန်ဆိုတာ ဗုဒ္ဓဘာသာရဲ့ လုပ်ငန်းစဉ်လို့ အချို့လူတွေ ထင်နေကြပါတယ် ။ သင်္ကြန်ကာလ ရောက်လာပြီဆိုရင် သင်္ကြန်ကိုကြိုတဲ့
ပန်းအိုး (အတာအိုး ) လေးတွေကို မဖြစ်မနေ ပြုလုပ်လေ့ရှိပါတယ် ။ နှစ်ဟောင်းက မကောင်းတဲ့ အညစ်အကြေးတွေကို သင်္ကြန်ရေနဲ့ ဆေးရင် ပြောင်တယ်လို့ လူအချို့ ယူဆထားပါတယ် ။ ဗုဒ္ဓဘာသာ အယူအဆ
နဲ့တော့ လုံးဝ မကိုက်ညီပါဘူး ၊ ဗုဒ္ဓဘာသာမှာ မကောင်းမှု အညစ်အကြေး (ကိလေသာ) တွေကို " မဂ္ဂင်ရေ " နဲ့ ဆေးမှ ပြောင်နိုင်ပါတယ် ။ ယခုခေတ်မှာတော့ သင်္ကြန်ရေလောင်းရင်း မကောင်းမှုတွေ တိုးနေပါတယ် ။
" မြန်မာ့ ယဉ်ကျေးမှု အတာရေသဘင် " လို့ ခေါ်ဝေါ် ပြောဆို နေကြပေမယ့် ဗုဒ္ဓဘာသာယဉ်ကျေးမှုနဲ့တော့ ဆန့်ကျင်ကြောင်း နားလည်ထားဖို့ လိုပါတယ် ။ တက္ကတွန်း ကျင့်စဉ်ကနေ ဆင်းသက်လာတဲ့
လူတို့ပြုလုပ်လေ့ရှိသော ထုံးတမ်းစဉ်လာ တစ်ခုသာ ဖြစ်တယ်လို့ သတ်မှတ်ကြရမှာ ဖြစ်ပါတယ် ။ ယခုခေတ်မှာတော့ မြန်မာလူမျိုးတို့ရဲ့ ပျော်ပွဲ ရွှင်ပွဲ အတာရေသဘင်ပွဲ အဖြစ် နှစ်ခြိုက်ကျေနပ်စွာ
ဆင်နွှဲ ပျော်ပါး ဆော့ကစားနေကြတဲ့ ပျော်စရာအကောင်းဆုံး ပွဲတော်ကြီး ဖြစ်၍နေပါပြီ ။
တစ်ချို့တွေကတော့ သက်ကြီးရွယ်အိုတွေကို ခေါင်းလျှော် ၊ ရေချိုး ၊ ခြေသည်းလက်သည်း လှီးပေးတာတွေ ၊ သွားရောက် ကန်တော့ကြတာတွေ ၊ ငှက်ကလေး ငါးကလေးတွေ လွှတ်ကြတာတွေ ၊ စတုဒိသာ
ကျွေးမွေးကြတာတွေ စတဲ့ ကုသိုလ်အမှုတွေ ပြုကြတာကတော့ ကြည်နူးစရာ လုပ်ဆောင်ချက်တွေဖြစ်ပါတယ် ။
နောက်တစ်ခုက သင်္ကြန်ရက်မှာ သိကြားမင်း လူ့ပြည်ဆင်းတယ် လို့ ပြောဆိုနေကြပါသေးတယ် ။ အမှန်တော့ သိကြားမင်း မဆင်းပါဘူး ၊ ထေရဝါဒ ပိဋကတ် ပါဠိတော်တွေမှာ လုံးဝ မပါ ပါဘူး ။
ဗုဒ္ဓဘာသာရဲ့ အယူဝါဒ လုံးဝ မဟုတ်ပါဘူး ။ " အဂုတ္တိုရ် ပါဠိတော် ၊ တိကနိပါတ် ၊ စတုမဟာရာဇသုတ် " မှာ ဘုရားရှင် ဟောကြားတော်မူခဲ့တာ ရှိပါတယ် ။
" လဆန်းပက္ခ ရှစ်ရက် နဲ့ လဆုတ်ပက္ခ ရှစ်ရက် မြောက်နေ့ (ဥပုသ်နေ့) တွေမှာ စတုမဟာရာဇ် နတ်မင်းကြီးလေးပါးရဲ့ အလုပ်အကျွေးနတ်တွေ လူ့ပြည် ဆင်းကြတယ် ၊ လဆုတ်ပက္ခ တစ်ဆယ့်လေးရက်
လကွယ်နေ့တွေမှာ နတ်မင်းကြီးလေးပါးရဲ့ သားတော်နတ်သားတွေ လူ့ပြည်ဆင်းကြတယ် ၊ လဆန်းပက္ခ လပြည့်နေ့တွေမှာ နတ်မင်းကြီးလေးပါးကိုယ်တိုင် လူ့ပြည်ဆင်းကြတယ် ၊ သူတို့ဘာလို့ လူ့ပြည်
ဆင်းကြသလဲ ဆိုတော့ လူသားတွေ မိဘကို လုပ်ကျွေးကြသလား ၊ ဥပုသ်စောင့်ကြရဲ့လား ၊ ကိုယ်ကျင့်တရား ကောင်းကြရဲ့လား ၊ စသည်ဖြင့် စုံစမ်းကြပြီး တာဝတိံသာ သုဓမ္မာ ဇရပ် နတ်သဘင်မှာ
တင်ပြကြရပါတယ် ၊ လူသားတွေ ကုသိုလ်များပြုလုပ်ကြပြီး နတ်ပြည်မှာ နတ်များဖြစ်စေချင်လို့ လူသားတွေကုသိုလ်ပြုလုပ်နိုင်အောင် အမြဲကြံဆောင် လိုလားနေကြပါတယ် " လို့ ပါရှိပါတယ် ။
သိကြားမင်း လူ့ပြည်ဆင်းပြီး တရားမစောင့်တဲ့သူတွေကို ခြိမ်းခြောက်တဲ့ ဖြစ်ရပ် ရှိခဲ့ဖူးပါတယ် ၊ ကဿပ ဘုရားရှင် သာသနာ ဆုတ်ယုတ်လာတော့ ဗာရာဏသီ ပြည့်ရှင် ဘုရင်ဥသိန မင်းနဲ့တကွ
ရဟန်းရှင်လူ ပြည်သူအများ တရားမစောင့်ကြတော့ဘူး ၊ မကောင်းမှု ဒုစရိုက်တွေနဲ့ပဲ အသက်မွေးနေကြတဲ့အတွက် သေတဲ့သူတိုင်း အပါယ်လေးဘုံကို ရောက်နေကြတာမို့ နတ်ပြည်မှာ နတ်သမီး နတ်သား
အသစ်မရှိသလောက် ခြောက်သွေ့နေပါတယ် ၊ ဒီအခါ သိကြားမင်းက လူ့ပြည်လောကကို ကြည့်တဲ့အခါ သာသနာတော် ဆုတ်ယုတ်နေပြီး လူသားတွေ ကိုယ်ကျင့်တရား ပျက်ပြားနေကြတာ မြင်လို့
မာတလိနတ်သားကို ခွေးနက်ကြီးယောင် ဖန်ဆင်းစေပြီး ၊ သိကြားမင်းက မုဆိုးအသွင်သဏ္ဌာန် နဲ့ လှည့်လည်ခြိမ်းခြောက်တော့မှ ဥသိနမင်း နဲ့ တကွ ပြည်သူအများ ကြောက်ရွံ့ပြီး တရားစောင့်ခဲ့ဖူးပါတယ် ။
( ဇာတက ၊ ပ ၊ ၂၄၈ ၊ ၉ ) ။ ဤသည်ကို ရည်ညွှန်း၍ အချို့သူတို့ သိကြားသာသနာ လို့ သုံးနှုံးနေကြတာပါ ။ သိကြားသာသနာဆိုတာလဲ လုံးဝမရှိပါဘူး ၊ ဘုရားရှင်သာလျှင် သာသနာထားလို့ရတာပါ။
ရယ်စရာ အနေနဲ့ ပြောရမယ်ဆိုရင် ဒီနေ့ခေတ်မှာ သိကြားမင်းက ဘာလို့ ဆင်းလာပြီး မခြောက်လှန့်သေးတာလဲလို့ တွေးကြည့်ရရင် အချိန်မတန်သေးလို့ဖြစ်မှာပဲလို့ သဘောရပါတယ် ။
နောက်တစ်ခုက သိကြားမင်း လာစရာမလိုအောင် နေရာတကာမှာ စစ်မက်တွေခင်းကျင်းနေကြတယ် ၊ ရောဂါထူး ၊ ရောဂါဆန်းတွေ အမျိုးမျိုး ဖြစ်နေကြတယ် ၊ ရာသီဥတုတွေ ဖောက်ပြန်ပြီး
လူတွေဒုက္ခရောက်ကြ ၊ သီးနှံရိက္ခာတွေပြတ်လပ်ကြ ၊ ငတ်မွတ်ခေါင်းပါးဖြစ်ကြနဲ့ ကပ်ကြီးအကုန်ဆိုက်နေကြတယ် ၊ ဒီလိုသာစခန်းဆက်သွားနေမယ်ဆိုရင် မကြာခင် ကမ္ဘာကြီးပျက်ကိန်းကြုံကြရမှာပါ။
ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ရအောင် ထိန်းသိမ်းနိုင်ကြမယ်ဆိုရင် ဒီကပ်ကြီးတွေက လွတ်မြောက်ရပြီး အနည်းဆုံး နတ်ပြည်မှာ သွားရောက် ပျော်ရွှင်နိုင်ကြမယ်လို့ ယူဆမိပါကြောင်း ။ ။