** နေ့စဉ် ပြုနေကျ ' ကံ ' နှင့် သေခါနီး ပြုနိုင်သော ' ကံ ' **
နေ့စဉ်ပြုနေကျကံကို " အာစိဏ္ဏကံ " ဟု ခေါ်ဆိုသည် ၊ သေခါနီး ပြုနိုင်သောကံကို " အာသန္နကံ " ဟုခေါ်ဆိုရသည် ။
ဒေသနာဥပမာတို့တွင် သေခါနီးပြုနိုင်သောကံ(အာသန္နကံ) ကို နွားအိုကြီးဖြင့် ဥပမာပြသည် ၊ ခြံထဲဝင်ရာ၌ နွားအိုကြီးသည် အားမရှိသဖြင့် နောက်ဆုံးမှ ဝင်နိုင်၍
ခြံတံခါးဝ၌ နေရာရပြီး ခြံဖွင့်၍ ပြန်ထွက်သော် ပထမဦးစွာ ထွက်ခွင့်ရသကဲ့သို့ သေခါနီး၌ အားနည်းသော အာသန္နကံသည် နောက်ဘဝအတွက် ချက်ချင်းအကျိုးပေးသည်ဟု
ဖေါ်ပြထားသည် ။ သေခါနီး စိတ်တွင်ထင်ဟပ်မှုက အရေးကြီးသည်ဟု ဆိုပါသည် ။
ဥပမာအားဖြင့် အနှစ် ၅၅နှစ်တိုင်တိုင် သူ့အသက်ကို သတ်လျက် အသက်မွေးမြူလာခဲ့သော တမ္ဗဒါဋ္ဌိက အမည်ရှိ သူသတ်ယောက်ျားသည် သေခါနီး၌ အရှင်သာရိပုတ္တရာဧ။်
တရားတော်ကို နာကြားရ၍ ဝိပဿနာဥာဏ်ကို ဖြစ်စေပြီးလျှင် သေသည်ဧ။် အခြားမဲ့၌ နတ်ပြည်သို့ ရောက်ရဧ။် ဟု အဆိုရှိသည် ။ ထို့ကြောင့်ငါသည် သေခါနီး၌ တရားတော်ကို
အာရုံပြု၍သေမည် ( ဝါ ) ငါသည်သေခါနီး၌ ကုသိုလ်ကောင်းမှုတို့ကို ကျနစွာ ပြုလုပ်ကာ သေမည်ဟု ယူဆဖွယ်ရှိသည် ။
သို့သော် ယခုအခါ သေခါနီးတွင် တရားနာလိုသူ ၊ တရားနာကြားနိုင်သူ မည်မျှရှိပါသနည်း ၊ သေခါနီးမှ ကောင်းမှုကုသိုလ် ပြုလုပ်သွားနိုင်သူ မည်မျှရှိနှိုင်ပါသနည်း ၊ မိမိသည်
မည်သည့်ရောဂါနှင့် ၊ မည်သည့်အချိန် ၊ မည်သည့်နေရာ၌ သေမည်ကို အဘယ်သူသည် သိနိုင်ပါမည်နည်း ။ ရန်သူမျိုးငါးပါးကြောင့်သော်လည်းကောင်း ၊ မတော်တဆဘေးတို့နှင့်
ထိခိုက်မိ၍သော်လည်းကောင်း ရုတ်တရက်သေခြင်းမျိုးဖြင့် မိမိရင်ဆိုင်သေနိုင်သည်ကို အဘယ်သူသိနိုင်ပါမည်နည်း ။
သတ္တဝါတို့ဧ။် သေခြင်း၌ မသိနိုင်သောသေခြင်း ၅-ပါးရှိသည် ။ ၁ ။ အသက်အတိုအရှည် ။ ၂ ။ မည်သည့်ရောဂါ ။ ၃ ။ သေမည့်နေ့ရက်အချိန် ။ ၄ ။ သေမည့်နေရာ ။
၅ ။ လားရောက်ရမည့်ဂတိ(ဘဝ) တို့ဖြစ်သည် ။ ထိုသို့ မသိနိုင်၍ ငါသေခါနီးတွင် တရားနာလိုက်မည် ၊ ကုသိုလ်လုပ်လိုက်မည် ဆိုသည်တို့မှာ အားကိုးလောက်ဖွယ် မရှိပါချေ ။
နေ့စဉ်နှင့်အမျှ ကုသိုလ်ကောင်းမှု ပြုနေသူပင်လျှင် သေခါနီး၌ လွဲမှားသော အစွဲ ဖြစ်ပေါ်နိုင်သဖြင့် လားရာဂတိ (နောက်ဘဝ) တွင် အပါယ်သို့ ကျရောက်နိုင်သေးဧ။် ။
ဥပမာသော် - ရဟန်းသီလ ဖြည့်ကျင့်နေပြီး ရဟန်းတရားအားထုတ်နေသော ' တိဿမထေရ် ' သည် ရရှိသော သင်္ကန်းကို လွန်စွာစွဲလမ်း တပ်နှစ်သက်သည့်အတွက် ပြန်လွန်တော်
မူသည်တွင် ထိုသင်္ကန်း၌ပင် သန်းသတ္တဝါ ဖြစ်ရသေးဧ။် ။ သန်းငယ်က ' ငါ့သင်္ကန်း , ငါ့သင်္ကန်း ' ဟု မြည်တမ်းနေသည်ကို ဘုရားရှင် ကြားသိရ၍ ရဟန်းတို့အား ' တိဿမထေရ်ဧ။်
သင်္ကန်းကို ခွဲဝေကာ မယူကြလင့်ဦး ' ဟူ၍ မိန့်တော်မူရသေးဧ။် ။
ကဿပ ဘုရားရှင် လက်ထက်၌ ရဟန်းတရားကို နှစ်ပေါင်း နှစ်သောင်းတိုင်တိုင် အားထုတ်လာခဲ့သော ရဟန်းတော်တစ်ပါးသည် လှေစီးရာ၌ လှေမသွားမီ ကမ်းနားရှိ သမန်းမြက်ပင်ကို
ကိုင်နေစဉ် လှေလှော်လိုက်သဖြင့် သမန်းမြက်ပင် ပြတ်ပါသွားဧ။် ။ ထိုရဟန်း ပြန်လွန်တော်မူကာနီးတွင် ဤအကြောင်းကို စဉ်းစားမိကာ ဝိနည်းနှင့်မလွတ်ကင်းဟု သံသယ(ကုက္ကုစ္စ)
ဖြစ်ပြီး စုတေသည်ရှိသော် ထိုအစွဲကြောင့် ဧရကပတ္တ နဂါးကြီး သွား၍ ဖြစ်ရှာဧ။် ။ ထိုနည်းတူ မိလ္လကာမိဖုရား ၊ အသောကမင်းကြီး တို့သည်လည်း သာဓကများ ရှိပေသေးသည် ။
အများအားဖြင့် လူတို့သေခါနီးတွင် သားသမီး ၊ ဇနီးခင်ပွန်းတို့အတွက် ပူပန်တတ်ဧ။် ၊ ဥစ္စာစီးပွားအတွက် ပူပန်တတ်ဧ။် ၊ မိမိဧ။် အသက်ရှင်ရေးအတွက် လွန်စွာစိုးရိမ် ပူပန်တတ်ကြဧ။် ။
ထိုအခါ ထိုသူ၌ မည်သည့်စိတ် ဖြစ်ပေါ် လာပါမည်နည်း ၊ အကုသိုလ်စိတ်တို့သာ ဖြစ်ပေါ်ဖွယ် ရှိတော့သည် ။ မိမိပြုခဲ့သော ကုသိုလ်အကြောင်းကို ဆင်ခြင်နိုင်စွမ်း ရှိနိုင်ပါမည်လော ။
ရောဂါဝေဒနာကလည်း ဖိစီးနှိပ်စက်နေသည်အတွက် လေ့ကျင့်မှု မရှိခဲ့လျှင် မည်သို့မျှ သတိဥာဏ်စွမ်း ဖြစ်ပေါ်နိုင်မည် မဟုတ်ပါချေ ။ နေ့စဉ် ပြုနေကျကံ (အာစိဏ္ဏကံ) ကို အမြဲတစေ
ကုသိုလ်အမှု၌ ဖြစ်တည်နေရန် နှင့် အစွဲစိတ်များ ဖယ်ထုတ်နိုင်ရန် လေ့ကျင့်အားထုတ်ထားနိုင်မှသာလျှင် ကုသိုလ်စိတ်တို့ ဖြစ်ပေါ်နိုင်ပေမည်။
လူတိုင်းလူတိုင်းသည် ယခု ငါသေလျှင် အဘယ်ဘုံသို့ ရောက်မည်နည်း ဟု နေ့စဉ် စစ်ဆေးနေအပ်ပေသည် ။ ဘုရားရှင်ဧ။် တရားတော် (ကာဏကစ္ဆပသုတ် ၊ နခသီခသုတ်) တို့၌
မြောက်မြားစွာသော လူတို့သည် အပါယ်လေးဘုံသို့သာ အဖြစ်များကြပြီး ၊ ကောင်းသောသုဂတိဘုံသို့ ရောက်ကြသူတို့မှာ အလွန့်အလွန် နည်းပါးကြောင်း မိန့်ဆိုထားပါသည် ။
အမှန်အားဖြင့် လောကလူတို့သည် ဒုစရိုက်တရား ၁၀-ပါးကို မကျူးလွန်ရန် စောင့်ထိန်းနိုင်ခြင်း မရှိသည်က များပြားလျက်ရှိသည် ။ ယင်း ဒုစရိုက် ၁၀-ပါးမှာ :--
၁ ။ အသက်သတ်ခြင်း (ပါဏာတိပါတ)။ ၂ ။ ခိုးယူခြင်း (အဒိန္နာဒါနာ) ။ ၃ ။ သူ့သားမယားပြစ်မှားခြင်း (ကာမေသုမိစ္ဆာ) ။ ၄ ။ လိမ်ပြောခြင်း (မုသဝါဒ) ။ ၅ ။ ဂုံးချောခြင်း(ပိသုဏဝါစာ)
၆ ။ ကြမ်းတမ်းသောစကား (ဖရုဿဝါစာ) ။ ၇ ။ အကျိုးမရှိ သိမ်ဖျင်းသောစကား (ပိသုဏဝါစာ) ။ ၈ ။ သူ့ဥစ္စာကို ကိုယ့်ဥစ္စာအဖြစ် အလိုရှိခြင်း (အဘိဇ္ဈာ) ။ ၉ ။ သူတစ်ပါးပျက်စီးစေလိုခြင်း
(ဗျာပါဒ) ။ ၁၀ ။ အယူလွဲခြင်း (မိစ္ဆာဒိဋ္ဌိ) စသည်တို့ဖြစ်သည် ။
ဤဆယ်ပါးတွင် ပထမ သုံးပါးသည် ' ကာယကံ ' ၊ ဒုတိယ လေးပါးသည် ' ဝစီကံ ' ၊ နောက်ဆုံး သုံးပါးသည် ' မနောကံ ' များဖြစ်ကြသည် ။ ဒုစရိုက်ဆယ်ပါးသည် မကောင်းသောကံများကို ဖြစ်စေသည် ။
နေ့စဉ်နေ့တိုင်း အိပ်ရာဝင်သောအခါ ထိုဒုစရိုက်ဆယ်ပါး(ကံသုံးပါး) နှင့် ချင့်တွက်၍ ငါသည် ကုသိုလ်စိတ် များသလော ၊ အကုသိုလ်စိတ် များသလော ဟု စစ်ဆေးကြည့်လျှင် မိမိမည်မျှ ကျူးလွန်နေသည်ကို
တွေ့ရှိနိုင်ပေသည် ။ နေ့စဉ်နှင့်အမျှ ထိုဒုစရိုက်ကံတွေကို မိမိသန္တာန်၌ မဖြစ်ပေါ်ရန် ကြိုးစားကျင့်ကြံ နေထိုင်ခြင်း ( အာစိဏ္ဏကံ ) ကို အားကောင်းနေစေရန် လုပ်ဆောင်နိုင်ပါက သေခါနီး(အာသန္နကံ)၌
အကုသိုလ်ကံတို့ ဖြစ်ပေါ်ရန် အခွင့်မသာ ရှိလိမ့်မည် ဖြစ်သည် ။
မိမိစိတ်ကို ကုသိုလ်စိတ် ဖြစ်ပေါ်နေစေရန် သေခါနီးမှ ကျင့်၍ မရနိုင်ပေ ။ သေခါနီးဖြစ်သော မိမိစိတ်၌ အမှန်တကယ် အသေအချာ အကုသိုလ်ကံကို ဖယ်ထုတ်နိုင်သည်မှာ ဘာဝနာတရားသာလျှင်ဖြစ်သည် ။
သမထဘာဝနာ, ဝိပဿနာဘာဝနာတို့ကို အာစိဏ္ဏကံ ဖြစ်နေစေရန် ယခုကျန်းမာနေစဉ် , သတိ - ဝီရိယ စိုက်ထုတ်နိုင်စဉ် အခါကတည်းက အမြဲတစေ နှလုံသွင်းလေ့ကျင့်နေပါမှ သေခါနီး အာသန္နကံအတွက်
ကုသိုလ်ကံများ ဖြစ်ပေါ်နိုင်မည် ဖြစ်သည် ။
ထိုဘာဝနာတရားများကို ကြိမ်ဖန်များစွာ လေ့ကျင့်ထားသူသည် ဘာဝနာကို နိုင်နင်းထားသောကြောင့် အလိုရှိလျှင် ချက်ချင်းပင် မိမိစိတ်ကို လိုရာအာရုံသို့ တည်ထားရှုမှတ်နိုင်လေသည် ။ သို့အတွက်
အသက်ရှင်စဉ် ကာလတွင်လည်း အကုသိုလ်စိတ်ဖြစ်လာလျှင် ချက်ချင်းပင် ကုသိုလ်စိတ်သို့ တစ်ခဏအတွင်း ပြောင်းရွှေ့နိုင်သဖြင့် မသေမီတွင်လည်း များစွာ အကျိုးရှိလေသည် ။
သေခါနီးသည့်အခါ လူတိုင်းခံစားရသော ဆင်းရဲဝေဒနာ အကြီး အငယ် ဟူသမျှကို အလျင်းကျော်လွှား ရှုမှတ်နိုင်၍ အေးချမ်းသက်သာစွာ ၊ ကြောက်ရွံ့နာကျင်မှုကင်းစွာ ၊ လောဘ, ဒေါသ, မောဟ ကိလေသာ
အကုသိုလ်ကံတွေကို ဖယ်ထုတ်ကာ ငြိမ်သက်စွာ ဘဝကူးနိုင်ပြီး ကောင်းသော လားရာ သုဂတိဘဝသို့ ရောက်ရှိနိုင်မည် ဖြစ်သည် ။
ထို့ကြောင့် ယခုဘဝတွင်လည်း စိတ်ချမ်းသာစွာ နေရပြီး ၊ နောက်ဘဝ လားရာဂတိကို ကောင်းမွန်စွာ အလိုရှိသောသူသည် သမထ , ဝိပဿနာ ဘာဝနာမှတစ်ပါး ကိုးကွယ်ရာ မရှိတော့ ဆိုသည်ကို
လုံးဝဥဿုံ ယုံကြည်စိတ်ချစွာဖြင့် ကြိုးစားလေ့လာ ပွားများအားထုတ် သင့်လှပေတော့သည် ။ ။